ဆိပ်ဖြူမြို့နယ်တွင် ဒီဇင်ဘာလအတွင်း တရားမဝင်သစ် ၆၁ တန်ကျော်သိမ်းဆည်းရမိ ဆိပ်ဖြူ ဇန်နဝါရီ ၁ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ်တွင် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ၌ တရားမဝင်သစ် ၆၁ ဒသမ ၃၇၇၆ တန်ကို ကဇွန်းမနယ်တွင် သိမ်းဆည်း ရမိကြောင်း သိရသည်။ ဆိပ်ဖြူမြို့နယ်အတွင်း၌ တရား မဝင်သစ်များ သယ်ယူမှုပပျောက်စေ ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ နယ်မြေခံရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များကသတင်းများအရ ကဇွန်းမနယ်တစ်ဝိုက် မှ တရားမဝင်သစ်များကို ဒီဇင်ဘာ ၁၉ ရက်မှ ၃၁ ရက်အထိ တရားမဝင် ပိတောက်ခွဲသား ၅၇ ဒသမ ၄၉၅ဝ တန် (ကာလတန်ဖိုး ကျပ် ၂၅၈၇၂၇၅ဝ)၊ အခြားသား ၃ ဒသမ ၈၈၂၆ တန် (ကာလတန်ဖိုးကျပ် ၉၅၁၉၃ဝ) စုစုပေါင်း သစ်တန်ချိန် ၆၁ ဒသမ ၃၇၇၆ တန် (ကာလတန်ဖိုး ကျပ် ၂၆၈၂၄၆၈ဝ) တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကဇွန်းမကျေးရွာ ဘုန်းတော်ကြီးကျောင်း သိမ်ကျောင်း ဘေးတွင် သိမ်းဆည်းရမိခဲ့သည့် ပိတောက်ခွဲသား ၈ ဒသမ ၄ဝဝ၄ တန်၏ ပိုင်ရှင်များကို စုံစမ်းဖော်ထုတ် ခဲ့ရာ ကဇွန်းမရွာသစ်ရပ်နေ ဦးချစ်စံ (၃၉)နှစ်(ဘ)ဦးလှရွှေ၊ ကဇွန်းမကျေး ရွာနေ ဦးရဲကြည်(၄ဝ)နှစ်(ဘ) ဦးကံ စိန်နှင့် တစ်ရွာတည်းနေ ဦးဝင်းဦး (၄ဝ)နှစ် (ဘ)ဦးမောင်မဲတို့ ပိုင်ဆိုင်သည့် သစ်များဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်ရမိကာ မြို့နယ်သစ်တော ဦးစီးဌာန တောအုပ် သိန်းဝင်းက ၄င်းတို့သုံးဦးအား ဥပဒေအရ အရေးယူပေးပါရန် ကဇွန်းမနယ်မြေခံ ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ပြီး ကဇွန်းမနယ်မြေခံရဲစခန်းမှ (ပ) ၃၃/၂ဝ၁၆ ၊ပပက ၆(၁)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း တရားမဝင်သစ် များသယ်ယူမှု ပပျောက်စေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျန်ဖမ်းဆီးရမိသော တရားမဝင်သစ်များ၏ ပိုင်ရှင်များ ကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ကိုဇွဲ(အညာမြေ)
Source : http://ift.tt/2iFUuB9
via IFTTT
Monday, January 2, 2017
The Voice
အီဘရာဟီမိုဗစ်၏ သွင်းဂိုး ပယ်ဖျက်ခံရသည်ကို မော်ရင်ညို မကျေနပ် မန်ချက်စတာ၊ ဇန္နဝါရီ ၁ မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက မစ်ဒယ်ဘရော့ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ သွင်းဂိုး ပယ်ဖျက်ခံလိုက်ရသည်ကို မကျေမနပ် ဖြစ်နေပြီး ယင်းဂိုးသာ ရရှိခဲ့မည် ဆိုပါက အနိုင်ရလဒ်မှာ ယခုထက်ပို၍ လွယ်ကူနိုင်လိမ့်မည်ဟု မော်ရင်ညိုက မှတ်ချက်ပြု ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။ မန်ယူနှင့် မစ်ဒယ်ဘရော့တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး လီမာဆန်သည် အီဘရာဟီမိုဗစ်ကို ဂိုးသွင်းယူချိန်၌ ခြေထောက်မြှောက်လွန်းခဲ့သည့်အတွက် ယင်းဂိုးကို ပယ်ဖျက်ပစ်လိုက်ခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဟောင်းဝပ်ဝက်ဘ်ကမူ အီဘရာဟီမိုဗစ်၏ သွင်းဂိုးမှာ ခွင့်ပြုရမည့် ဂိုးတစ်ဂိုးဟု ထောက်ခံပြောကြားသွားခဲ့သည်။ အီဘရာဟီမိုဗစ်သည် ယင်းသွင်းဂိုးကို ပိုင်ဆိုင်ရရှိခဲ့မည် ဆိုပါက ၂၀၁၆ ခုနှစ်အတွင်း ဂိုးအများဆုံး သွင်းယူရရှိသူဟူသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရရှိမည့်အပြင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ တင်ရှိခဲ့ဖူးသော တစ်နှစ်အတွင်း သွင်းဂိုး ၅၁ ဂိုး ရယူနိုင်သည့် စံချိန်ကိုလည်း အမီလိုက်သွားနိုင်မည် ဖြစ်ကာ လက်ရှိတွင်မူ အီဘရာဟီမိုဗစ်က သွင်းဂိုး ၅၀ ဖြင့်သာ ကျေနပ်လိုက်ရပြီ ဖြစ်သည်။ ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ်သည် အီဘရာဟီမိုဗစ်မှာ ဂိုးသမားနှင့် နှစ်မီတာခန့် အကွာအဝေးတွင် ရှိနေခြင်း မဟုတ်ဘဲ အဝေးမှနေ၍ ဘောလုံးကို ခုန်ကန်ခဲ့ခြင်း ဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီး အီဘရာဟီမိုဗစ် ခြေထောက်မြှောက်ထားချိန်တွင် အခြားကစားသမားများအတွက် အန္တရာယ်ဖြစ်နိုင်ချေ မရှိသည့် အနေအထားမျိုးဖြစ်၍ ဂိုးအဖြစ် သတ်မှတ်ပေးရမည်သာ ဖြစ်ကြောင်း ဟောင်ဝဝပ်ဝက်ဘ်က မှတ်ချက်ပေးသွားခဲ့သည်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် မော်ရင်ညိုက “လီမာဆန်ဟာ အခုအချိန်လောက်ဆိုရင် နောင်တရနေလောက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အီဘရာဟီမိုဗစ် သွင်းယူခဲ့တဲ့ဂိုးဟာ ဂိုးအဖြစ် သတ်မှတ်ပေးရမယ်ဆိုတာ ရှင်းနေလို့ပါပဲ။ သူ့ဆုံးဖြတ်ချက် မှားယွင်းခဲ့တဲ့အတွက် သူလည်း စိတ်မကောင်း ဖြစ်နေပါလိမ့်မယ်။ အီဘရာဟီမိုဗစ် အတွက်တော့ မက်ဆီ စံချိန်ကို အမီလိုက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးလိုက်ရတာကြောင့် ဒေါသပေါက်ကွဲချင်စရာပါပဲ” ဟု ပြောကြားသွားခဲ့သည်။
Source : https://goo.gl/RhVSUl
via IFTTT
Source : https://goo.gl/RhVSUl
via IFTTT
The Voice
ပြည်သူကို ပေးသည့်ကတိ ပျက်ပြားခြင်း မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား နေပြည်တော်၊ ဇန်နဝါရီ ၁ NLD အစိုးရ ဖွဲ့စည်းခဲ့ပြီးနောက် ကိုးလအတွင်း ပြည်သူကို ပေးခဲ့သည့် ကတိများ ပျက်ပြားခဲ့ခြင်း မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နေပြည်တော်ရှိ MICC2 ၌ ဇန်နဝါရီ ၁ ရက်က ပြုလုပ်သည့် လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်း အစီအစဉ်တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ပြည်သူလူထုကို မတည်နိုင်တဲ့ ကတိတွေ ဘယ်တုံးကမှလည်း မပေးခဲ့ပါဘူး။ ပေးခဲ့တဲ့ ကတိလေးတွေဟာလည်း ခပ်ရိုးရိုးသားသား ကတိတွေပါပဲ၊ အဲဒါလည်း တည်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း တည်အောင် လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ နိုင်ငံတော် ပြန်လည်တည်ဆောက်နေချိန်တွင် အရေးကြီးသောအချက် အနေနှင့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိရန် လိုအပ်ပြီး အစိုးရ စတင်ထူထောင်စဉ်က တင်ပြထားသော ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူလူထုဘဝ တိုးတက်ရေးကို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မဖြစ်နိုင်တဲ့ ကိစ္စကို ပြည်သူကို ဘယ်တော့မှ ကတိမပေးပါဘူး။ အခုထိလည်း ကိုးလအတွင်းမှာ ပြည်သူကို ပေးခဲ့တဲ့ ကတိတွေ ပျက်ပြားခဲ့တာ မရှိပါဘူး။ ကျွန်မတို့ ဖြစ်စေချင်သလောက် ကိုးလအတွင်းမှာ ဖြစ်ခဲ့သလားဆိုတော့ တချို့ဟာတွေက မျှော်မှန်းသလောက် မဖြစ်ပေမယ့် တချို့ကိစ္စတွေကျတော့ မမျှော်မှန်းဘဲ တိုးတက်မှုတွေ ရှိခဲ့ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ အစိုးရအနေနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို ဆက်ဆုပ်ကိုင်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြု ပြောကြားသည်။ လူငယ်များနှင့် ဆွေးနွေးပွဲတွင် လူငယ် ၁၈ ဦး တက်ရောက်ခဲ့သော်လည်း အများစုကို ကိုယ်စားပြုသည်ဟု မပြောနိုင်ကြောင်း၊ နောင်တွင် ကလေးငယ်များ၊ စီးပွားရေးသမားများနှင့် လူမှုအဖွဲ့အစည်းများနှင့်ပါ ငြိမ်းချမ်းရေး စကားဝိုင်းများ ပြုလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။ ယင်းအပြင် ယနေ့ နံနက်ပိုင်းက ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေချင်သော စိတ်ထားဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ နေပြည်တော်ရှိ အားကစားကျေးရွာ အနီးတွင် NRPC နေပြည်တော် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ “ကျွန်မတို့နိုင်ငံက လွတ်လပ်ရေး ရကတည်းက အမျိုးသားပြန်လည်သင့်မြတ်ရေး မရရှိခဲ့တာ နှစ် ၇၀ ပြည့်တော့မယ်၊ ငြိမ်းချမ်းရေး မရသေးဘူး၊ အချိန်တွေ လွန်လာပြီ၊ ငြိမ်းချမ်းရေး ရရှိဖို့ အမြန်ဆုံး လိုတယ်” ဟု ၎င်းက ဆိုသည်။ ထပ်လောင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး သံလွင်ပင်လေးကို ရှင်သန်စေချင်လို့ရှိရင် ပထမဆုံး အရေးကြီးတာကတော့ ကျွန်မတို့ အချင်းချင်းကြားမှာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့်လင်းလင်း ဖြူဖြူစင်စင်လေး ဆက်ဆံနိုင်ဖို့ပါပဲ။ အဲဒီတော့ ကျွန်မတို့ဟာ ၂၀၁၇ နှစ်အတွက် ပထမဦးဆုံးနေ့ကနေ စပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဖြူစင်တဲ့ စိတ်ဓာတ်တွေနဲ့ ဆက်ပြီးတော့ သွားကြစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ယင်း NRPC ရုံးဖွင့်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဆောက်အအုံရှေ့တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ် ဖြစ်သည့် သံလွင်ပင်ငယ် တစ်ပင်ကို စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း လုပ်ဆောင်ခဲ့သည်။
Source : https://goo.gl/I53vLv
via IFTTT
Source : https://goo.gl/I53vLv
via IFTTT
The Voice
မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် စမ်းသပ်နိုင်တော့မည်ဟု ကင်ဂျုံအန်း ကြေညာ ပြုံယမ်း၊ ဇန်နဝါရီ ၁ မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နိုင်ရန် နီးစပ်လာပြီဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မှုမှာ နောက်ဆုံးအဆင့် ရောက်နေပြီဟု ကင်က နှစ်သစ်ကူး မိန့်ခွန်းတွင်ထည့် သွင်းပြောသွားခဲ့သည်။ ပြုံယမ်းသည် ပြီးခဲ့သည့်နှစ်က နျူ ကလီးယားစမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာ အကြီးဆုံးဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဖြင့် တောင်းဆိုထားသော်လည်း ကင်အစိုးရက လိုက်နာခြင်း မရှိပေ။ ၂၀၁၁ ခုနှစ်တွင် ဖခင ကင်ဂျုံအီလ် ကွယ်လွန်ပြီးနောက် ကင်ဂျုံအန်းက ဆက်ခံခဲ့ပြီးနောက်ပိုင်း နျူကလီးယား လုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။ နှစ်သစ်ကူးမိန့်ခွန်းတွင် “နောက်ဆုံးပေါ် လက်နက်ကိရိယာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းနေပြီး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖို့ စီစဉ်ထားမှုဟာလည်း နောက်ဆုံးအဆင့် ရောက်နေပါပြီ” ဟု ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ အမေရိကန်အထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်သည့် ဒုံးကျည်တည်ဆောက်မှု ရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အောင်မြင်မှု များစွာရရှိနေကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူးကို ဒုံးကျည်တွင် တပ်ဆင်နိုင်သည်အထိ သေးငယ်စွာ ထုတ်လုပ်လာနိုင်ဖွယ် ရှိသော်လည်း တာဝေးပစ်လွှတ်မှုများအတွက် ဒုံးကျည်ပြန်ဆင်းသက်မှုစနစ်တွင် အခက်အခဲပေါင်းများစွာ ရှိနေဆဲဖြစ်ကြောင်း အမေရိကန်စစ်ဘက် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို Reuters သတင်းက ကိုးကားဖော်ပြသည်။
Source : https://goo.gl/rqNwQa
via IFTTT
Source : https://goo.gl/rqNwQa
via IFTTT
Kumudra
Happy New Year ညမှာနေပြည်တော်ဒက္ခိဏသီရိမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးအပျော်လွန်ပြီးရန်ဖြစ်စကားများရာမှ ဓားထိုးခံရပြီးအသက်ဆုံးရှုံးခဲ့တယ်လို့ ဒက္ခိဏသီရိမြို့မ ရဲစခန်းမှ သိရပါတယ်။ “အခြားပြသာနာတော့ ထွေထွေထူးထူးမရှိပါဘူး၊ ရဲကိုမုန်းလို့ တမင်သတ်တာလည်းမဟုတ်ဘူး၊ Happy New Year မှာအပျော်လွန်ပြီးညီအကိုအချင်းချင်းဒေါသကြောင့် လူသတ်မှုအထိဖြစ်သွားတာပါ” လို့ ဒက္ခိဏမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တရားခံမှာအခင်းဖြစ်ပွားသည့် ညတည်းကထွက်ပြေးတိမ်းရှောင်နေတာကြောင့် လိုက်လံရှာဖွေနေဆဲဖြစ်ပြီးယင်းလူသတ်မှုကိုရာဇသတ်ကြီးပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ Happy New Year ညမှာလူငယ်များပျော်ပွဲရွှင်ပွဲများနဲ့ အရက်သေစာသောက်စားမှု ပွဲများကိုကျင်းပခဲ့ပေမယ့်လည်းမှုခင်းဖြစ်ပွားမှု မရှိခဲ့ဘူးလို့ ပျဥ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ဦးတင်ဌေးကပြောပါတယ်။ မိုးမိုး
Source : http://ift.tt/2inS7W1
via IFTTT
Source : http://ift.tt/2inS7W1
via IFTTT
The Voice
ရန်ကုန် နှစ်သစ်ကူးည လေးဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ ရန်ကုန်၊ ဇန်နဝါရီ ၁ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနတွင် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် လာရောက်ကုသခဲ့သည့် လူနာ ၇၃ ဦး ရှိခဲ့ပြီး ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံး ပါဝင်ပြီး လူ ၄ ဦး သေဆုံး ခဲ့ကြောင်း ယင်းဆေးရုံကြီးမှ သိရှိရသည်။ ထိုစာရင်းမှာ ရန်ကုန်ဆေးရုံကြီး တစ်ခုတည်းဖြစ်ပြီး အခြားဆေးရုံများ စာရင်းပါဝင်ခြင်း မရှိပေ။ ရန်ကုန်ဆေးရုံကြီးတွင် နှစ်သစ်ကူးည သေဆုံးခဲ့သော စာရင်းတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ပြီး ယာဉ်မတော်တဆမှုဖြင့် တက်ရောက်သူ ၃၄ ဦးနှင့် ခိုက်ရန်ဖြစ်ပွားမှုဖြင့် တက်ရောက် ၃၉ ဦးတို့ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။ “သာမန်နေ့တွေထက် ဘာထူးခြားသလဲဆိုတော့ ယာဉ်တိုက်မှုတွေက သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက် သွားကြရင်း ဖြစ်ကြတယ်၊ နောက်တစ်ခုက လူငယ်တွေ သောက်စားမူးယစ်ရာကနေ ရန်ဖြစ်ကြတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။ ယင်းအပြင် ၎င်းနှစ်သစ်ကူးညတွင် လူနာများ ဆေးကုသရန် ရောက်ရှိလာနိုင်ခြင်းကြောင့် အရေးပေါ်ကုသဌာနတွင် ဆရာဝန်၊ သူနာပြုနှင့် အကူလုပ်သားတို့ကို ပုံမှန်ထက် ပိုမိုထားရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းနောက် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြင်ပလူနာကုသဌာနထံ လူနာ ၄၈ ဦး ထပ်မံ ရောက်ရှိလာသော်လည်း စိုးရိမ်ရသော အခြေအနေ မရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရှိရသည်။ “နှစ်သစ်ကူးည လူနာတွေထဲမှာ ဦးခေါင်းပိုင်းကို ထိခိုက်ဒဏ်ရာ ရရှိလို့ ကုသသူတွေ ပိုများတယ်၊ ဒီနှစ်မှာ အရေးပေါ် ခွဲစိတ်ဆောင် ဝင်ပေးလိုက်ရတဲ့ လူနာတစ်ဦးပဲ ရှိပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။ ယခင်နှစ် နှစ်သစ်ကူးညတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနထံ လာရောက်ကုသခဲ့သော လူနာပေါင်း ၁၀၆ ဦးအနက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတစ်ဦးသာ ရှိခဲ့ပြီး ယခုနှစ် နှစ်သစ်ကူးညတွင် လူသေဆုံးမှု သုံးဦးအထိ ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဆေးရုံကြီးထံမှ ထပ်မံသိရှိရသည်။
Source : https://goo.gl/BT5NuD
via IFTTT
Source : https://goo.gl/BT5NuD
via IFTTT
Sunday, January 1, 2017
Subscribe to:
Posts (Atom)