Friday, December 1, 2017


ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်ကို အလည်အပတ် သွားမယ်ဆိုရင် ယခုနှစ် မတ်လက မြန်မာနှင့် ဗာတီကန်တို့ အကြား သံတမန်ဆက်ဆံရေး အပြည့်အ၀ ထူတောင်ခဲ့သည်။ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ကနေ ၂၉ ရက်နေ့ အထိ မေတ္တာတရားနှင့် ငြိမ်းချမ်းရေး (Mission for Love and Peace) ခရီးစဉ် အဖြစ် လာရောက်ခဲ့ပြီး ကက်သလစ် ဘာသာဝင်များ သာမက အခြား ဝင် လူငယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အပြင် ငြိမ်းချမ်းရေး ဝတ်ပြုဆုပေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။ အီတလီနိုင်ငံ ရောမမြို့တွင် တည်ရှိသော ဗာတီကန်သည် အလယ်ခေတ်မှ ယနေ့အချိန်အထိ ဘာသာရေး အထွတ်အမြတ် ထားရာဒေသ ဖြစ်၍ ရှေးဟောင်းဗိသုကာလက်ရာ အများအပြားကို သိမ်းဆည်း စုဆောင်း ထိန်းသိမ်းထားသည်။ ရာစုနှစ်ပေါင်းများစွာက ထိန်းသိမ်းလာခဲ့သည့် ဗာတီကန်၏ ယဉ်ကျေးမှု အနုပညာမှာ ရှုချင်စရာကောင်းရုံမျှမကဘဲ သမိုင်းအားဖြင့်လည်း အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလွန်းလှသည်။ ဥရောပ ယဉ်ကျေးမှု အဆင့်အတန်းကိုလည်း ဗာတီကန်က မှတ်ကျောက်တင်ခံနိုင်သည်။ စိန့်ပီတာ ဘုရားရှိခိုးကျောင်းကို အဝေးမှ မြင်ရစဉ် ဗာတီကန်၏ ထူးခြားချက်မှာ ဧရိယာအားဖြင့် ကျဉ်းမြောင်းသော်လည်း မည်သည့်နိုင်ငံ၏သြဇာပိုင်နက်တွင်မှ ရှိမနေဘဲ သီးခြား အချုပ်အခြာ အာဏာပိုင်သည်။ ဗာတီကန်၏ အချုပ်အခြာအာဏာသည် ပုပ်ရဟန်းမင်းကြီးလက်တွင် တည်သည်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဗာတီကန်၏ ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး အာဂျင်တီးနားမှ ဖြစ်သည်။ အမည်ရင်းမှာ ဂျော့ဂျော့ချ်မာရီယိုဘာဂိုလီယို ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းအဖြစ် ဖရန်စစ်ဟူသော အမည်နာမခံကာ တာဝန်ယူလျက်ရှိသည်။ ကမ္ဘာလှည့်ခရီးသွားများကလည်း ရောမမြို့ရှိ ဗာတီကန်စီးတီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလေ့လာလိုမှုများ မြင့်တက်လာခဲ့ သလို လက်ရှိပုပ်ရဟန်းမင်းကြီးကိုလည်း ကမ္ဘာ့လှည့်ခရီးသွားများက စိတ်ဝင်စားကြသည်ပြီး တွေ့ဖူးချင်ကြသည်။ အကယ်၍ သင့် အနေနှင့် ဗာတီကန်ကို သွားရောက်လည်မယ် ဆိုရင် မည်သို့ သွားရောက် လည်ပတ်သင့်သည်ကို အကြံပြုချက် တချို့ တင်ပြလိုက်ပါသည်။ စိန့်ပီတာဘုရားကျောင်းသို့ နေ့စဉ် လူပေါင်းများစွာ ဝင်ရောက်လေ့လာကြည့်ရှုကြသည် ဗာတီကန်သို့ သွားရောက် လည်ပတ်ရန် အကောင်းဆုံးက ဘယ်လိုလဲ ဗာတီကန်ကို သွားရောက်ဖို့ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်သည်။ အကယ်၍ ဗာတီကန်က အနုပညာလက်ရာတွေ ကြည့်ရှုလိုပါက သီးသန့်လည်ပတ်ဖို့ အစီအစဉ် မလိုဘဲ သင် ဘယ်ကိုပဲ သွားသွား၊ သွားလာရောက်ရှိသည့် နေရာတိုင်းတွင် အနုပညာလက်ရာ တွေ တွေ့မြင်ရမည် ဖြစ်ပါသည်။ ဗာတီကန်က ပြတိုက်များ ဝက်ဘ်ဆိုက်ကို ကြိုတင် လေ့လာထားရင်တော့ အဆင်အပြေဆုံး ဖြစ်နိုင်ပါသည်။ အကယ်၍ ဗာတီကန်တွင် သမိုင်းဆိုင်ရာနှင့် အနုပညာလက်ရာများကို လေ့လာရန် အတွက် သွားရောက်လျှင် ပြတိုက်များ၊ စစ္စတိုင်း ဝတ်ပြုဆောင်နှင့် စိန့်ပီတာ ဘုရားရှိခိုးကျောင်းတို့ကို အချိန် ၃ နာရီမှ ၄ နာရီပေး၍ လှည့်လည်နိုင်သည်။ ခရီးသွား အုပ်စုများ အနေဖြင့် လေ့လာရန် ပုံသေအစီအစဉ်နှင့် အချိန်ဇယား ထားရှိပေးသဖြင့် အဆင်ပြေပြေနှင့် အချိန်တိုအတွင်း ကြိုတင် လက်မှတ်ယူထားနိုင်သည်။ စစ္စတိုင်း ဝတ်ပြုဆောင်တွင် စိတ်ဝင်စားစရာ ကဏ္ဍပေါင်းစုံ ရှိနေသည် သီးသန့်နှစ်ယောက် တဖွဲ့၊ သုံးယောက် တဖွဲ့သွားလျှင်လည်း ကျွမ်းကျင်ဧည့်လမ်းညွှန် (တိုးဂိုက်) က စိတ်ဝင်စားဖွယ် ဂဃဏန ရှင်းပြပေးပြီး ပြတိုက်များရှိ အရေးကြီးသော ပြခန်းများကို လိုက်လံပြသပေးပါသည်။ သို့သော် ရေးဆွဲထားသည့် လေ့လာမည့် လမ်းကြောင်းနှင့် အချိန်ဇယားတွင် ပင်နာကိုတီကာ ဗာတီကာနာ အနုပညာပြခန်းကဲ့သို့သော နေရာများ ကျန်ခဲ့နိုင်သည်။ ယင်းသို့ ခရီးသွားလည်ပတ်မှု ပုံစံတွင် တရက်သီးသန့်ယူ၍ အချိန်ရွေးပေးသည်။ သက်ဆိုင်ရာ ခွင့်ပြုချက်ရသည့် ဧည့်လမ်းညွှန် က စစ္စတိုင်း ဝတ်ပြုဆောင်မှ စိန့်ပီတာ ဘုရားရှိခိုးကျောင်း အထိ တိုက်ရိုက်ပြသပေးမည် ဖြစ်သည်။ ယင်းအစီအစဉ် အတွက် သီးသန့် ခရီးသွား အဖွဲ့ငယ်များကို ထည့်သွင်းထားခြင်း မရှိပေ။ သီးသန့်သွားသူအဖို့ ပိုမိုထူးခြားသည့် အတွေ့အကြုံ ရရန် သေချာသည်။ ယင်း သီးသန့်ပုံစံလေ့လာမှုတွင် စစ္စတိုင်း ဝတ်ပြုဆောင် အတွင်း အထူးစိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံရမည် ဖြစ်ပြီး ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီလက်ရာအားလုံးကို သာမန်ထက် ထူးကဲသည့် ငြိမ်သက်အေးချမ်းခြင်းမျိုးဖြင့် တစိမ့်စိမ့် ခံစားကြည့်ရှုနိုင်သည်။ ယင်း ခရီးသွားပုံစံဖြင့် လေ့လာလိုသူ ဦးရေကို ဗာတီကန်ပြတိုက်က အနည်းငယ်သာ ခွင့်ပြုပါသည်။ တခါတရံ လနှင့်ချီ၍ ခွင့်ပြုချက် မကျတတ်ပေ။ စစ္စတိုင်း ဝတ်ပြုဆောင်တွင် နာမည်ကျော် မိုက်ကယ်အိန်ဂျလို၏ နံရံဆေးရေးပန်းချီများ ရှိကြသည် ဗာတီကန်ကို ပထမဆုံး လေ့လာသူများ အတွက် မဖြစ်မနေ သွားရောက်ရမည့် နေရာများ ဗာတီကန်ပြတိုက်များနှင့် စစ္စတိုင်း ဝတ်ပြုဆောင် တို့တွင် စိတ်ဝင်စားစရာ ကဏ္ဍပေါင်းစုံ ရှိနေပြီး ခရီးသွားတိုင်း လာရောက် ကြည့်ရှုကြသည့် နေရာများ ဖြစ်သည်။ ဂန္ထဝင်ရှေးဟောင်းလက်ရာ ဖြစ်သည့် ပီအိုကလယ်မင်တီနို၊ ဂရီဂိုးရီယန် အက်ထရက်စကန်နှင့် အီဂျစ်ပြတိုက် တို့ကလည်း ခရီးသွားတိုင်း ဝင်လေ့ရှိသည်။ ရက်ဖဲယားအခန်းများ၊ ကန်ဒါလဗရာ အနုပညာပြခန်း၊ မြေပုံများ ပြခန်းနှင့် နှစ်ဘက်လှ အဝတ်အထည်ပြခန်း စတာတွေ လေ့လာပြီးနောက် စိန့်ပီတာ ဘုရားရှိခိုးကျောင်းကို ဆက်လက်လေ့လာနိုင်သည်။ ဗာတီကန်သို့ သွားရန် အကောင်းအဆုံးအချိန် ပြတိုက်များ၊ စစ္စတိုင်းဝတ်ပြုဆောင်နှင့် စိန့်ပီတာ ဘုရားရှိခိုးကျောင်းတို့မှာ တနှစ်ပတ်လုံး ခရီးသွားများဖြင့် ပြည့်နှက် နေတတ်သည်။ သွားလာရန် အကောင်းဆုံးအချိန်မှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (သို့မဟုတ်) နိုဝင်ဘာလ အကုန်ပိုင်းနှင့် ဒီဇင်ဘာလ အစောပိုင်းတို့ ဖြစ်သည်။ ယင်းရာသီများသည် အေးအေးဆေးဆေး အချိန်ယူလေ့လာရန် အတွက် အကောင်းဆုံး ဖြစ်သည်။ မိုက်ကယ်အိန်ဂျလို၏ ပီတာ အမည်ရှိ ပန်းပုလက်ရာကို စိန့်ပီတာဘုရားကျောင်းတွင် တွေ့နိုင်သည် နံနက်ပိုင်းမှ နေ့ခင်းပိုင်း အထိ လူစည်ကားပြီး ကြိတ်ကြိတ်တိုး နေတတ်သည်။ နေ့လယ်ပိုင်း ခပ်စောစောတွင် လူတစတစ နည်းလာသော်လည်း ဗာတီကန်ပြတိုက် အတွင်း ညနေ ၃ နာရီ မထိုးမီ ဝင်နိုင်ရန် အရေးကြီးသည်။ သို့မှသာ စစ္စတိုင်း ဝတ်ပြုဆောင် ပိတ်ချိန် မတိုင်မီ လေ့လာနိုင်မည် ဖြစ်သည်။ တပတ်လုံးတွင် တနင်္လာနေ့တိုင်း ဗာတီကန်ပြတိုက်များနှင့် စစ္စတိုင်း ဝတ်ပြုဆောင်တို့မှာ အခြားနေ့များထက် ပိုစည်ကားနေတတ်သည်။ ပြတိုက်ရော ဝတ်ပြုဆောင်ပါ တနင်္ဂနွေနေ့တွင် ပိတ်သည်။ သို့သော် လစဉ်လတိုင်း၏ နောက်ဆုံးတနင်္ဂနွေနေ့တွင်မူ အခမဲ့ ဝင်ခွင့်ပြုသည်။ အခါသင့်အခွင့်ကြုံသည့် နေ့များအနက် ပုပ်ရဟန်းမင်းကြီးက လူထုပရိသတ်နှင့် တွေ့ဆုံတတ်သည့် ဗုဒ္ဓဟူးနေ့လို နေ့မျိုး ကြုံလျှင် ပိုကောင်းသည်။ ဗာတီကန်ပြတိုက် များနှင့် စစ္စတိုင်း ဝတ်ပြုဆောင်တို့ကို ညနေပိုင်းတွင်လည်း လေ့လာစရာ ပြခန်းအချို့ ဖွင့်လှစ်ပေးထားရာ သောကြာနေ့တွင် ည ၇ နာရီမှ ၉ နာရီအထိ လေ့လာနိုင်သည်။ မေလမှ အောက်တိုဘာလအထိ မဖြစ်မနေ စာရင်းပေးသွင်းထားမှသာ ထိုနေရာများကို လေ့လာခွင့်ရမည် ဖြစ်သည်။ ခရီးသွားများ မကြာခဏသတိမမူဘဲ ကျော်သွားတတ်သည့်နေရာများ ပြတိုက်များ အတွင်းရှိ အချို့အရေးကြီးသည့် ပြခန်းများသည် ခရီးစဉ်ဇယားတွင် မပါဝင်ဘဲ ကျော်သွားတတ်ကြသည်။ ယင်း ပြခန်းများသည် ခရီးစဉ်၏ တကယ့်အနှစ်သာရ စစ်စစ်များ ဖြစ်ကြသည်။ ပင်နာကိုတီကာ ဗာတီကာနာ ပြခန်းများတွင် ဂျိုက်တို၊ ဗီရာတိုအင်ဂျလီကို၊ မယ်လော့ဇိုဒါဖော်လီ၊ ပီရာထရိုပီရူဂျီနိုနှင့် မိုက်ကယ်အိန်ဂျလိုတို့၏ အနုပညာပန်းချီလက်ရာအစစ် ရှိကြသည်။ ရက်ဖဲယား၏ လက်ရာအစစ်များကိုလည်း ဗာတီကန်တွင် ထိန်းသိမ်းထားရာ အကျော်ကြားဆုံး၊ အလှဆုံးနှင့် အမြင့်မြတ်ဆုံး လက်ရာများဟူ၍ ၁၆ ရာစု ရက်ဖဲယား အကြောင်း အတ္ထုပ္ပတ္တိ ပြုစုခဲ့သူ ဂျော်ဂျီယိုဗာဆာရီက ညွှန်းထားသည်။ ပင်နာကိုတီကာ ဗာတီကာနာ ပြခန်းများတွင် ဂျိုက်တို၊ ဗီရာတိုအင်ဂျလီကို၊ မယ်လော့ဇိုဒါဖော်လီ၊ ပီရာထရိုပီရူဂျီနိုနှင့် မိုက်ကယ်အိန်ဂျလိုတို့၏ အနုပညာပန်းချီလက်ရာအစစ် ရှိကြသည်။ အခြား ကျော်လွှား၍ လေ့လာရန် ကျန်ခဲ့တတ်သည့် ရတနာနေရာတခုမှာ ပုပ်ရဟန်းမင်းကြီး ပေါလ် ၆ က ၁၉၆၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့သည့် မြင်းရထား ပြခန်း (Carriage Pavilion) ဖြစ်သည်။ ယင်းပြခန်းတွင် အေဒီ ၁၅၀၀ ပြည့်နှစ်မှ ယနေ့အထိ ပုပ်ရဟန်းမင်း အဆက်ဆက်၏ ပုံတူ ပန်းချီကားများ၊ ပုပ်ရဟန်းမင်း အားလုံး၏ အဆောင်အယောင် အခမ်းအနားများ၊ ပုပ်ရဟန်းမင်းကြီး၏ လုံခြုံရေးတပ်ဖွဲ့ ကိုင်ဆောင်သည့်လက်နက်များနှင့် ယူနီဖောင်းများကို ပြသထားသည်။ The post ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်ကို အလည်အပတ် သွားမယ်ဆိုရင် appeared first on ဧရာဝတီ.
Source : http://ift.tt/2AKRVKt
via IFTTT

7Day News Journal

စီးပွားရေးလုပ်ကိုင်ရအလွယ်ကူဆုံးစာရင်း အဆင့်တက်ရန် ကမ္ဘာ့ဘဏ်မှပညာရှင်နှစ်ဦး ပါဝင်သောအဖွဲ့ဖွဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတွင် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံးအ ဆင့် (Ease of Doing Business) အနိမ့်ဆုံးသို့ ရောက်ရှိနေခြင်းကို ပြောင်းလဲရန် ကမ္ဘာ့ဘဏ်မှ ကျွမ်း ကျင်ပညာရှင်နှစ်ဦးပါဝင်သည့်အ ဖွဲ့တစ်ခုဖွဲ့စည်းကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး အောင်ထူးက ပြောသည်။ ကမ္ဘာ့ဘဏ်၏ Ease of Doing Business အဆင့်မြင့် တက်လာရန် ကမ္ဘာ့ဘဏ်မှ ကျွမ်း ကျင်ပညာရှင်နှစ်ဦးနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ အရာရှိများပါဝင်သည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်း ကြောင်း၊ ထို့ပြင် Ease of Doing Business အဆင့်သတ်မှတ်နိုင် ရန် ကမ္ဘာ့ဘဏ်မှ သတ်မှတ်တိုင်း တာသည့် စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးအဆင့်၊ လျှပ်စစ် မီးရရှိမှုအခြေအနေ၊ ဆောက် လုပ်ရေးကဏ္ဍတို့အပါအဝင် အ ချက် ၁၀ချက်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများက ဦးဆောင်၍ အထောက်အကူအဖွဲ့ ၁၀ ဖွဲ့ကို လည်း ဖွဲ့စည်းထားကြောင်း ၎င်း က ပြောသည်။ အစိုးရက ထိုသို့စီစဉ်ခြင်း သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် နှင့် အလုပ်အကိုင်အခွင့်အလမ်း များ တိုးမြှင့်ရရှိရန် အရေးပါ ကြောင်း ၎င်းကပြောသည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ တွင် ကမ္ဘောဒီးယားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက လူတစ်ဦးချင်းဝင် ငွေအနည်းဆုံးနိုင်ငံတစ်ခုဖြစ်နေ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံက လူတစ်ဦးချင်းဝင်ငွေမြင့်တက်ရန် ကြိုးစားနေခြင်းကြောင့် မြန်မာ နိုင်ငံအနေဖြင့် ပြင်ဆင်မှုများ မပြု လုပ်ပါက ကျန်ခဲ့နိုင်ကြောင်းဒုတိ ယဝန်ကြီးက သတိပေးသည်။ ထိုင်းနိုင်ငံမှ လူတစ်ဦးချင်းစီ၏ တစ်နှစ်ဝင်ငွေသည် ကန်ဒေါ်လာ ၆,၀၀၀၊ လာအိုနိုင်ငံက ကန်ဒေါ် လာ ၂,၂၀၀၊ မြန်မာနိုင်ငံက ကန် ဒေါ်လာ ၁,၂၉၇ နှင့် ကမ္ဘောဒီး ယားနိုင်ငံက ကန်ဒေါ်လာ ၁,၂၆၆ ဖြစ်ကြောင်း ဒုဝန်ကြီးက ပြော သည်။ လူတစ်ဦးချင်းဝင်ငွေမြင့် တက်လာရေးသည် အလုပ်အ ကိုင်အခွင့်အလမ်းများ ရရှိရန် အ ရေးကြီးကြောင်း ကမ္ဘာ့ဘဏ်၏ Ease of Doing Business စာ ရင်းတွင် အဆင့်မြင့်တက်လာမှ အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးမည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ နိုင်ငံအတွင်းသို့ဝင်ရောက် လာမည်ဖြစ်ကြောင်း ၎င်းကဆို သည်။ ‘‘အဆင့်တက်ဖို့က တစိုက် မတ်မတ်နဲ့ အကောင်အထည်ဖော် ရမယ်။ ဒီလိုအကောင်အထည် ဖော်ဆောင်ရွက်တာ နိုင်ငံတကာ မှာ မျက်နှာပန်းလှဖို့အတွက် မဟုတ်ဘူး’’ ဟု စီးပွား/ကူးသန်း နှင့် ကမ္ဘာ့ဘဏ်၏ Doing Business ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးပွဲတွင် ဒုတိ ယဝန်ကြီး ဦးအောင်ထူးက ပြော သည်။ အစိုးရအနေဖြင့် Doing Business စာရင်းတွင် အဆင့်မြင့် တက်လာရန် ကြိုးစားခြင်းသည် ကောင်းမွန်သည့်အလေ့အထ တစ်ခုဖြစ်ပြီး အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက ပြောသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော ၂၀၁၈ အတွက် စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး နိုင်ငံစာရင်းတွင် မြန်မာသည်အဆင့် (၁၇၁) ဖြစ်ပြီး ၂၀၁၇ စာရင်းတွင် မြန်မာက အဆင့်(၁၇၀)ဖြစ် သည်။ အဆိုပါစာရင်းတွင် နိုင်ငံများ၏အဆင့်ကို ဖော်ပြရာ၌ အဆင့်(၁)ကို ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ရန်အကောင်းဆုံးနိုင်ငံ အဖြစ် သတ်မှတ်ကာ ကိန်းဂဏန်းကြီးလာလေ စီးပွားရေးလုပ်ကိုင် ရန် ခက်ခဲလေဟု သတ်မှတ် သည်။ Doing Business ၂၀၁၈ စာရင်းတွင် နယူးဇီလန်နိုင်ငံက အဆင့်(၁)ဖြစ်ပြီး စင်ကာပူနိုင်ငံက (၂)၊ဒိန်းမတ်နိုင်ငံက အဆင့်(၃)သတ်မှတ်ခံရသည်။ နိုင်ငံ ၁၉၀ ၌ စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံးသတ် မှတ်ချက်အပါအဝင် လုပ်ငန်းအ မျိုးအစား ၁၀ ခုကို ကမ္ဘာ့ဘဏ်က စာရင်းပြုစုပြီး တစ်နှစ်လျှင်တစ် ကြိမ် လာမည့်နှစ်အတွက် Doing Business စာရင်းထုတ်ပြန်သည်။
Source : http://ift.tt/2kfwREF
via IFTTT


ခွင့်လွှတ်နိုင်တဲ့အကြောင်းအရာတခု ပေးနိုင်ရင် ပြန်လက်တွဲသွားမယ်ဆိုတဲ့ ချမ်းချမ်း လတ်တလော ပရိသတ်အများစု စိတ်ဝင်စားလျက်ရှိတဲ့ တေးသံရှင် ချမ်းချမ်းတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးပြဿနာနဲ့ ပတ်သက်လို့ ချမ်းချမ်းက ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာတခု ပေးနိုင်ရင် ခွင့်လွှတ်ပြီး ပြန်လည်လက်တွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ “အစ်မ ထင်တာကတေ့ာ သူလည်းတကယ်ချစ်တယ်။ တကယ်ပြုပြင်နိုင်မယ်ဆိုရင် အစ်မ ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာ တခုပေးရင် ပြန်ခွင့်လွှတ်မယ်။ အစ်မလည်း သူ့ကိုပြောပြမယ်။ ဘယ်အရာတွေပြင်ပေးရမလဲ၊ ဒါပေမယ့် အများကြီး ပြင်စရာမလိုပါဘူး။ အစ်မ သူဆိုးတာလေးတွေကို တချို့အရာလေးတွေကို ချစ်တယ်။ သူဆိုးတာလေးတွေက အစ်မအတွက် ချစ်ဖို့ကောင်းနေတယ်။ဒါဆိုပြီးတာပဲလေ၊ ဘယ်သူ့မှ သူ့ကိုသဘောကျစရာမလိုဘူး။ အစ်မသူ့ဆီက ရိုးသားမှုနဲ့သစ္စာရှိမှုပဲလိုချင်တယ်။ကျန်တာဘာမှမလိုဘူး”လို့ သူက ဆိုပါတယ်။ ဒါ့အပြင် အိမ်ထောင်တခုမှာ ငွေကြေးပြည့်စုံနေရုံနဲ့ မလုံလောက်ဘဲ တယောက်နဲ့တယောက်ခံစားချက်များကို မျှဝေ ခံစားတတ်ရမယ်ဆိုတဲ့ သင်ခန်းစာလည်း ရမိတယ်လို့ သူက ဆက်ပြောပါတယ်။ “အိမ်ထောင်တခုမှာ ငွေရှိနေရုံနဲ့ မပြည့်စုံဘူးဆိုတာကို အစ်မဘဝမှာ သင်ခန်းစာရတယ်။ တယောက်နဲ့တယောက် ခံစားချက်တွေကို မျှဝေရမယ်။ အဲဒီလိုမျှဝေတဲ့နေရာမှာလည်း ကိုယ့်အချင်းချင်းမျှဝေတာပဲ လုပ်စေချင်တယ်။ တစုံတယောက်ကို မိသားစုထဲဆွဲထည့်တဲ့အခါ အမှားတွေအများကြီးဖြစ်လာနိုင်တယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတခုအထိရှိတယ်”လို့ ချမ်းချမ်းက ဆိုပါတယ်။ တေးသံရှင် ချမ်းချမ်းတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ယခင်က ဘယ်လို ကောလဟလသတင်းမျိုးမှ ကြားခဲ့ရခြင်းမရှိခဲ့တာကြောင့် လူအများက ၎င်းတို့ အိမ်ထောင်ရေးဟာ သာသာယာယာရှိတယ်လို့ ထင်မြင်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် ၎င်းတို့နှစ်ဦး ကွာရှင်းပြတ်ဆဲပြီးစီးကြောင်း ကြေညာခဲ့တာကြောင့် ပရိသတ်အများက အံ့သြခဲ့ကြရတာပါ။ နိုင်ငံပိုင် သတင်းစာတွင် ကွာရှင်းပြတ်ဆဲကြောင်းထည့်ခဲ့တာနဲ့ ပတ်သက်လို့ ချမ်းချမ်းက “သူ့ဆီက ရိုးသားမှုနဲ့သစ္စာရှိမှုကို ဘယ်လိုနည်းနဲ့ ပြန်ရနိုင်မလဲ၊ ဘယ်လိုကတိတွေပေးနိုင်လဲ၊ ဘယ်လိုတွေလုပ်ပြနိုင်မလဲဆိုတာပေါ်မူတည်ပြီးတော့ ပြန်လည် တည်ဆောက်ခြင်း ပေါင်းစည်းခြင်းဆိုတာ ဖြစ်လာမှာပေါ့။ ပေါ့ပေါ့ပါးပါးနဲ့လမ်းခွဲပြီး ပြန်ပေါင်းမယ်ဆိုတာကတော့ အပြက် အပြက်နဲ့ နှာခေါင်းသွေးထွက်တာကိုတော့ လက်မခံနိုင်ပါဘူး။ အဓိကက သမီးလေးအတွက် စဉ်းစားတာပါ။ အစ်မတို့ ၂ ယောက်က မာနတွေနဲ့ နားလည်မှုတွေမရှိဘဲနဲ့ ဆက်သွားနေမယ်ဆိုရင် ကြာရင် သမီးလေးအတွက် ထိခိုက်လိမ့်မယ်။ အဲဒါကြောင့် လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။ တေးသံရှင် ချမ်းချမ်းနဲ့ မော်ဒယ်လ်သရုပ်ဆောင် ဘုဏ်းသိုက်တို့ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြတာဖြစ်ပြီး မြမိုးဂင်္ဂါဆိုတဲ့ သမီးတယောက်ရှိပါတယ်။ The post ခွင့်လွှတ်နိုင်တဲ့အကြောင်းအရာတခု ပေးနိုင်ရင် ပြန်လက်တွဲသွားမယ်ဆိုတဲ့ ချမ်းချမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2zEIkAA
via IFTTT


ခရစ္စမတ်နဲ့ နှစ်သစ်ကို ရည်ရွယ်ပြီးထုတ်တဲ့ BreadTalk “Chocolate Series” ချမ်းအေးတဲ့ ဒီဇင်ဘာလထဲ ရောက်လာပြီဆိုတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကာလလည်း နီးကပ်လို့လာပါပြီ။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာဆိုရင် တဦးနဲ့တဦး အပြန်အလှန် အမှတ်တရ လက်ဆောင်တွေပေးပြီး ချစ်ခြင်းမေတ္တာ၊ ခင်မင်မှု၊ အလေးထားမှုတို့ကို ပြသကြပါတယ်။ စင်ကာပူအခြေစိုက် BreadTalk ပေါင်မုန့်ဆိုင်မှ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးချိန်ခါကို ရည်ရွယ်ပြီး “Chocolate Series” လို့ အမည်ပေးထားတဲ့ ချောကလက်မုန့်များကို မြန်မာနိုင်ငံက BreadTalk ဆိုင်ခွဲများမှာ ဒီဇင်ဘာလအတွက် မိတ်ဆက် လိုက်ပါတယ်။ “Chocolate Series” ကို ကျမတို့ မိတ်ဆက်ရတဲ့အကြောင်းရင်းကတော့ ဒီဇင်ဘာဆိုတာ Holiday Season ဖြစ်တယ်။ ခရစ္စမတ်ပွဲတော် ရှိတယ်။ နှစ်သစ်ကူးကာလလည်း ဖြစ်တယ်။ ဒီလက နှစ်တနှစ်မှာ အပျော်ရွှင်ရဆုံး ပိုက်ဆံအကုန်ရဆုံး ကာလပေါ့လေ။ အဲဒီမှာ အကုန်လုံး ထူးထူးခြားခြားလေးဖြစ်အောင် အကုန်လုံး Holiday Feeling လေးရအောင် Chocolate Series ကို မိတ်ဆက်တာပါ။ ဒီကာလမှာ ချောကလက်မုန့်တွေက မိသားစုနဲ့ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မှာပါ” လို့ BreadTalk Myanmar ရဲ့ Marketing Manager ဒေါ်ဆုမြတ်နိုးက ပြောပါတယ်။ အဆိုပါ “Chocolate Series” မုန့်များဟာ BreadTalk ဆိုင်ခွဲများရှိတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံစတဲ့ နိုင်ငံ ၃ ခုမှာသာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ချောကလက်မုန့်များမှာ အသုံးပြုထားတဲ့ ချောကလက်တွေက ဘယ်လ်ဂျီယံနိုင်ငံကနေ မှာယူ အသုံးပြုတယ်လို့ သိရပါတယ်။ မိတ်ဆက်လိုက်တဲ့ ချောကလက်မုန့်များက Cocoa Teddy, Chocolate Cream Cheese, Choc Aleck, Chocolate Ganache နဲ့ Chocolate Toast ဆိုပြီး အမျိုးအစား ၅ မျိုးဖြစ်ပြီး ဈေးနှုန်းများကတော့ တမျိုးကို ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ် အစားစားရှိပြီး ၂ခု၊ ၃ခု ပေါင်းဝယ်မယ်ဆိုရင်လည်း ၃၉၀၀ ကျပ်နဲ့ အထူးအစီအစဉ် လုပ်ထားပေးတယ်လို့ သိရပါတယ်။ မုန့်ပုံစံများကတော့ ချောကလက် အဖြူနဲ့အမဲကို ရောစပ်ထားတဲ့ ချစ်စဖွယ် ဝက်ဝံရုပ်ပုံ Cocoa Teddy၊ ပေါင်မုန့်သား အချိုနဲ့ အထဲမှာ ချောကလက်ခရင်မ် ချိစ်ထည့်သွင်းထားတဲ့ Chocolate Cream Cheese၊ ပေါင်မုန့်အရှည် နှစ်ခုကြားထဲမှာ ချောကလက်ခရင်မ် ပါဝင်တဲ့ Choc Aleck၊ ချောကလက် ဖုံးထားတဲ့ ခေါင်းအုန်းပေါင်မုန့် Chocolate Ganache နဲ့ ချောကလက်တုံးများနဲ့ ပေါင်မုန့်လုံး Chocolate Toast တို့ပဲ ဖြစ်ပါတယ်။ BreadTalk “Chocolate Series” မိတ်ဆက်ပွဲမြင်ကွင်း ဒါ့အပြင် ချောကလက်ကိတ်မုန့် ကြိုက်သူများအတွက်လည်း ချောကလက်ချီဖွန် ကိတ်သားကို အတွင်းမှာ ချောကလက်အနှစ်နဲ့ ပြုလုပ်ထားတဲ့ “Chocolate Heaven Cake”၊ ချောကလက်အနှစ်များ၊ ချယ်ရီနဲ့ ဘယ်ရီ အသီးများ၊ ချောကလက် Macaroon များပါဝင်တဲ့ “Boston Chocolate Cake” နဲ့ ချောကလက်အမှုန့်များ၊ စတော်ဘယ်ရီသီးတို့ ပါတဲ့ “Chocoalte Souffle Cake” စတဲ့ ကိတ်များပါ ရရှိနိုင်တယ်လို့ သိရပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ “Chocolate Series” မုန့်များကို BreadTalk Myanmar ဆိုင်ခွဲများဖြစ်တဲ့ Junction City နဲ့ Junction Square အနီးက Crystal Tower ဆိုင်ခွဲများမှာ ဒီဇင်ဘာလ ၁ ရက်နေ့၊ ၂၀၁၇ ခုနှစ်ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်အထိ ရောင်းချသွားမယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံမှာ ၂၀၀၀ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်ရောင်းချခဲ့တဲ့ BreadTalk ဟာ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများမှာ ဆိုင်ခွဲပေါင်း ၈၀၀ ကျော် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဟာ BreadTalk ဆိုင်ခွဲ ဖွင့်လှစ်တဲ့ နိုင်ငံတွေထဲမှာ ၁၇ နိုင်ငံမြောက်လို့ သိရပါတယ်။ The post ခရစ္စမတ်နဲ့ နှစ်သစ်ကို ရည်ရွယ်ပြီးထုတ်တဲ့ BreadTalk “Chocolate Series” appeared first on ဧရာဝတီ.
Source : http://ift.tt/2ivbnU6
via IFTTT

ဒီတပတ္ ဖတ္စရာ

ဒီတပတ် ဖတ်စရာ ဘာသာပြန်သူ – ခင်လေးမြင့် စာအုပ်အမည် – မင်းသားလေး အမျိုးအစား – ဝတ္ထု ပြင်သစ် စာရေးဆရာကြီး အန်တွမ်းစန်တက်ဇူပေရီရဲ့ ဝတ္ထုကို ပြင်သစ်ဘာသာက တိုက်ရိုက် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အခြား ဂြိုဟ်ငယ်တခုက လာတဲ့ မင်းသားလေးနဲ့ သဲကန္တာရထဲမှာ လေယာဉ်ပျက်ကျပြီး ဒုက္ခရောက်နေတဲ့ လေယာဉ် မောင်းသမား တဦးတို့ အပြန်အလှန် ဆွေးနွေးပြောဆိုဟန်နဲ့ ရေးသား တင်ပြထားတာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သမားရိုးကျ ဝတ္ထုမျိုး မဟုတ်ဘဲ လေးနက်တဲ့ အတွေးအခေါ်တွေကို ရိုးရှင်းတဲ့ အရေးအဖွဲ့နဲ့ ဖန်တီးထားတဲ့လက်ရာလို့ သုတေသီ တွေက ဆိုကြပါတယ်။ ဆရာကြီး ကိုယ်တိုင်ကလည်း သူ့ရဲ့ စာတွေကို ပေါ့ပေါ့ဆဆ မဖတ်ကြဖို့ ကိုယ်တိုင်မှာ ကြားခဲ့တာလည်း ရှိပါတယ်။ ဘာသာပြန်သူ (ဒေါ်) ခင်လေးမြင့်က “ဤဝတ္ထုနှင့် ဤစာရေးဆရာကြီးကို ကျမဤမျှ စွဲလမ်းနှစ်ခြိုက်ရခြင်းမှာ သူသည် အလွယ်ကူဆုံး စကားလုံးကို သုံးလျက် အလေးနက်ဆုံး အဓိပ္ပာယ်ကို ဖော်ပြနိုင်ခြင်းကြောင့် နှစ်ခြိုက်ရခြင်း ဖြစ်ပါသည်။ ဤဝတ္ထုကို ဖတ်ရှုသော စာဖတ် ပရိသတ်သည် ကျမနှင့် ထပ်တူထပ်မျှ တသဘောတည်း နှစ်ခြိုက်ကြလိမ့်မည် ဟု ယုံကြည်မျှော်လင့်မိပါသည်” လို့ ဆိုပါတယ်။ the key colloction က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ ဘာသာပြန်သူ – မောင်သာနိုး စာအုပ်အမည် – အာရှတိုက်ရဲ့အလင်းရောင် အမျိုးအစား -ကဗျာ၊ ဘာသာရေး အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ရောက်ရှိပျံ့နှံ့ပုံသမိုင်းကို ပြောရင် “အာရှတိုက်ရဲ့ အလင်းရောင်” ကို ထည့်မပြောလို့ မဖြစ်ပါ။ ဒီစာအုပ်ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်လာသူ ဒုနဲ့ဒေးထဲက အင်္ဂလိပ်လူမျိုး အာနန္ဒာမေတ္တေယျ (ဆရာကြီးပီမိုးနင်းရဲ့ ဆရာတဦး) ဟာ မြန်မာပြည်ကို ရောက်လာ၊ ရဟန်းခံ၊ သာသနာပြု လုပ်ငန်းတွေ ဇောက်ချလုပ်တဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ ဒီစာအုပ်မှာ အပိုင်း ၃ ပိုင်းပါဝင်ပြီး အာရှတိုက်ရဲ့အလင်းရောင် ပထမကျမ်း၊ ဒုတိယကျမ်း၊ တတိယကျမ်း၊ စတုတ္ထကျမ်း၊ ပဉ္စမကျမ်း၊ ဆဋ္ဌမကျမ်း၊ သတ္တမကျမ်း၊ အဋ္ဌမကျမ်း၊ စူဠအဘိဓာန်၊ မှတ်စရာပါဠိဂါထာ တို့ရဲ့ တိုက်ရိုက်ဘာသာပြန်များ စတဲ့ အခန်းတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်သူက “အများအပြားကလည်း ကဗျာဖွဲ့ဖူးလှပြီ ဖြစ်တဲ့ အကြောင်းအရာတခုကိုပဲ ကဗျာမြောက်အောင် ဘယ်လို ဖွဲ့သလဲ ဆိုတာကို ကျနော်တို့ရဲ့ လူကြီးလူငယ် ကဗျာဆရာတွေ နှိုင်းယှဉ် လေ့လာစေချင်တာပါပဲ။ အန်းလ်ဒ်ရဲ့ အာရှတိုက်ရဲ့ အလင်းရောင်ဟာ ကဗျာအနေနဲ့ကိုက ဂန္ထဝင်တပါး ဖြစ်နေသေးတယ်” လို့ဆိုပါတယ်။ စိတ်ကူးချိုချို စာအုပ်တိုက်က တန်ဖိုး ၅၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ ဘာသာပြန်သူ – အောင်သူငြိမ်း စာအုပ်အမည် – နိုင်ငံသစ်မနက်ဖြန် အမျိုးအစား – နိုင်ငံရေး တောင်အာဖရိက နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အတွင်းကျကျ ပါဝင်ခဲ့တဲ့ အလစ်စတာစပတ်စ်ရဲ့ Tomorrow Is Another Country စာအုပ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ တောင်အာဖရိက လူဖြူလူမည်း အသားအရောင် ခွဲခြားမှု များကို အဆုံးသတ်စေခဲ့တဲ့ ၊ တောင်အာဖရိက ပဋိပက္ခများကို အဆုံးသတ်စေခဲ့တဲ့၊ နိုင်ငံရေးအကျဉ်းသား နယ်လ်ဆင်မင်ဒဲလား ကို သမ္မတဖြစ်စေခဲ့တဲ့ တောင်အာဖရိက နိုင်ငံရေးဆွေးနွေးပွဲတွေ အကြောင်း၊ တောင်အာဖရိက အသွင်ကူးပြောင်းရေး အောင်မြင်ရတဲ့ အကြောင်းအရင်းတွေကို အသေးစိတ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ အမှာစာရေးသူ ဆရာအောင်နိုင်ဦးက မြန်မာနိုင်ငံမှာလည်း မင်ဒဲလားနဲ့ ဒီကလပ်တို့လို သူရဲကောင်းတွေ ပေါ်နိုင်ပါစေလို့ ဆုတောင်းထား ပါတယ်။ ရန်ကုန်လမ်းမများ စာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ခွန်းဆေ စာအုပ်အမည် – ကျနော် သူပုန်ဖြစ်လာပုံ အမျိုးအစား – နိုင်ငံရေး “အခု စာရှုသူများ ဖတ်ရှုရမှာကတော့ ကျနော်တို့ တိုင်းပြည်မှာ ခေါင်းဆောင်များ သဘောထား မကြီးတဲ့ အတွက် သူပုန်ပေါ် ပေါက်လာပုံကို ကျနော်တို့ရဲ့ ဘဝအတွေ့အကြုံမှ တဆင့် စာရှုသူများ ဆန်းစစ် ဝေဖန်သုံးသပ်နိုင်ဖို့ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်” လို့ ဆရာခွန်းဆေက ဆိုပါတယ်။ ဒီစာအုပ်မှာ ဗမာသီချင်းရေးဆရာမှ ရှမ်းသူပုန်သို့၊ သခင်လုပ်ချင်ရင်၊ ရှမ်း-ဗမာသမိုင်းကြောင်း တစေ့တစောင်း၊ ရှမ်းပြည် မူးယစ်သံသရာ၊ ကွန်းဇိန်း၊ ခွန်ဆာ၊ ဦးထွန်းမြင့်(တောင်ကြီး)၊ စဝ်ယွတ်စစ်၊ စဝ်ဇန့်ယောင်ဟွေ၊ ပင်လုံစာချုပ်၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေစတဲ့ ဆရာခွန်းဆေရဲ့ ပုဂ္ဂလိကဘဝ၊ ရှမ်းပြည်ခေါင်းဆောင်များ၊ ပြည်သူများရဲ့ သဘောထားအမြင်နဲ့ခံစားချက်၊ မူးယစ်သံသရာအကြောင်း တစေ့တစောင်း စတာတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ “ခံစားချက်တွေကို မှန်ကန်စွာ အပြန်အလှန် သိနားလည် ထားလျှင် ပြဿနာ ရင်ကြားစေ့ရေး အတွက် စဉ်းစားသုံးသပ်၍ အဆုံးအဖြတ် ပြုကြရသောအခါ သင့်မြတ် မှန်ကန်သော အဖြေကို ရနိုင်ခြေရှိပါသည်”လို့ တိုင်းရင်းသားလူမျိုးရေးရာ သုတေသန အသင်းက ဆိုပါတယ်။ ပန်းဝေဝေစာပေက တန်ဖိုး ၁၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ ။ The post ဒီတပတ် ဖတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2AwEVHR
via IFTTT


နှစ်ပေါင်း ၅၅ နှစ်အတွင်း ပြည်ပဆန် တန်ပို့မှု စံချိန်တင် ပြည်ပသို့ ဆန်တင်ပို့မှုမှာ နှစ်ပေါင်း ၅၅ အတွင်း ယခု ဘဏ္ဍာနှစ်၌ အမြင့်ဆုံး စံချိန်တင်၍ တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က “ ယခုနှစ် ဆန်တင်ပို့မှု က ၅၅ နှစ် အတွင်းမှာ အမြင့်ဆုံးရောက်လာတာ။ ၇ လအတွင်းမှာကို ၅၅ နှစ်ရဲ့ စံချိန်ကို ချိုးသွားတာ ဖြစ်ပါတယ်။ ဒါဟာ နိုဝင်ဘာ ၁၀ ရက်နေ့ထိ တင်ပို့ထားတဲ့ စာရင်းပဲ ရှိပါသေးတယ်။ ” ဟု ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးမှ ဆန်များကို ပြည်ပသို့ အများဆုံး တင်ပို့နေရာ လက်ရှိအထိ ပြည်ပ နိုင်ငံပေါင်း ၅၀ ကျော်ကို ဆန်တင်ပို့နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၇၅ သန်း တင်ပို့ထားပြီးဖြစ်ကြောင်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု မှာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရာ လက်ရှိဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဆန်တင်ပို့မှု တန်ချိန် ၉ သိန်းကျော်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ သန်းကျော်အထိ တင်ပို့ပြီး ဖြစ်သည်။ ယခုနှစ်မှ စပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုသည်လည်း နယ်စပ်က တင်ပို့မှုထက် များလာကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ်မှ အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “ တလကို တန်ချိန် ၂ သိန်းနှုန်းနဲ့ ဆက် တင်ပို့နိုင်မှာ ဖြစ်တာကြောင့် ဘတ်ဂျက် နှစ်ကုန်ဆိုရင် တန်ချိန် ၂ ဒသမ ၈ သန်းထိ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။” ဟု ဧရာဝတီ သို့ ပြောသည်။ ပြည်ပသို့ ဆန်တင်ပို့ရာတွင် အခြားနိုင်ငံများဖြင့် ယှဉ်လျှင် မြန်မာနိုင်ငံမှ ဆန်များမှာ အရည်အသွေးပိုင်းတွင် အားနည်း ချက်များ ရှိနေခြင်းကြောင့် နိုင်ငံခြားသို့ တင်ပို့မည့် စပါးကို စိုက်သည့်အခါမှာ ခရိုင်တခုလုံး မြေအမျိုးစားနှင့် ကိုက်ညီသည့် စပါးတမျိုးတည်းကို စိုက်ပျိုးနိုင်ရန် အတွက် စီစဉ်နေကြောင်း၊ စိုက်ပျိုးသည့် စပါး အမျိုးအစား မတူသည့် အတွက် ပြည်ပသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်၌ အားနည်းချက်များ ရှိနေခြင်း ဖြစ်သည်။ ထို့ပြင် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု များပြားသဖြင့် ပြည်တွင်း စပါး အဟောင်း၊ အသစ် နှစ်မျိုးလုံးမှာ ဈေးနှုန်းများမှာ ယခင်နှစ်ထက်ပို၍ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ပြည်တွင်းဆန်စပါးကုန်သည်များထံမှ သိရသည်။ နေပြည်တော်မှ စပါးစိုက်တောင်သူ ဦးဌေးမြင့်က “မနှစ်က စပါးဈေး တင်းတရာကို လေးသိန်းရှစ်သောင်းတောင် မပြည့်ချင်ဘူး၊ ဒီနှစ်ခြောက်သိန်းဈေး ရောင်းရတယ်။ ဒီလို ဈေးကောင်းတော့ တောင်သူလည်း ပင်ပန်းရ ကျိုးနပ်တာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။ မြန်မာနိုင်ငံက ပြည်ပနိုင်ငံများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၈၀ တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ တန်ဖိုးရှိ ဆန်တန်ချိန် တသန်းကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ The post နှစ်ပေါင်း ၅၅ နှစ်အတွင်း ပြည်ပဆန် တန်ပို့မှု စံချိန်တင် appeared first on ဧရာဝတီ.
Source : http://ift.tt/2iv9GWC
via IFTTT


ကယ်တင်ရှင် ပေါက်ဖော်ကြီး မြန်မာနိုင်ငံ အကျပ်အတည်း ရင်ဆိုင်ရတိုင်း နိုင်ငံတကာက တရုတ်နိုင်ငံကို မီးမောင်းထိုးပြသည်။ သို့သော် မြန်မာခေါင်းဆောင်ပိုင်းအတွက် အချိန်အခါရွေးချယ်မှုသည် အရေးပါသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့က အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော်၏ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးများသည် လူမျိုးစု သန့်စင်ရှင်းလင်းမှုဖြစ်သည်ဟု ပထမဆုံးအကြိမ် ပြောကြားလိုက်ပြီး ထိုစက်ဆုပ်စရာ ရက်စက်ကြမ်းကြုတ်မှုဟု ၎င်းတို့သတ်မှတ်သော လုပ်ရပ်များအတွက် တာဝန်ရှိသူများကို ပစ်မှတ်ထား အရေးယူမှုပြုလုပ်မည်ဟု ခြိမ်းခြောက်သည်။ သြဇာကြီးမားလှသော မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ထွက်ခွာသွားပြီး ၂ ရက်အကြာတွင် အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် လီကျူးဝေါ်ချင်းကမူ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုသည် မြန်မာနိုင်ငံအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးပွဲတခုတွင် ပြောသည်။ “ရှုပ်ထွေးပြောင်းလဲလွယ်သော လုံခြုံရေးအခြေအနေများကို တွေ့ကြုံရသော အချိန်များတွင် နှစ်နိုင်ငံတပ်မတော်များအကြား သေနင်္ဂဗျူဟာကျသောဆက်ဆံရေးကို ထိန်းသိမ်းထားရန် တရုတ်နိုင်ငံက လိုလားသည်” ဟု လီက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားကြောင်း ကိုးကားရေးသားကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားသော တပ်မတော် ထိပ်တန်းခေါင်းဆောင်များသည် အမေရိကန်ပြည်ထောင်စု၏ အရေးယူမှုပစ်မှတ်များတွင် ပါကောင်းပါနိုင်သော်လည်း တရုတ်နိုင်ငံက သူတို့ကို ကြိုဆိုသည်ဟု ခံစားရစေသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော တွက်ချက်ထားသည့် သေနင်္ဂဗျူဟာ လှုပ်ရှားမှုတခု ထပ်မံ လုပ်ဆောင်လိုက်ပြန်ပြီ။ နေပြည်တော်ရောက် ဝမ်ယိ တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်အပြီး မကြာမီမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွင် ကြားဝင်ညှိနှိုင်းရန် အာရှ ၂ နိုင်ငံဖြစ်သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် ထူးခြားလှသည်။ တရုတ်နိုင်ငံသည် ထိုအာရှ ၂ နိုင်ငံလုံးတွင် သက်တမ်းရှည်သော မိတ်ဆွေနှင့် သေနင်္ဂဗျူဟာကျသော မိတ်ဖက်များအဖြစ် ရင်းနှီးမြှုပ်နှံပြီး တရုတ်နိုင်ငံ၏ ရေရှည်အမြင်ကို ပြသလိုက်သည်။ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း ဝမ်ယိသည် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ ကြားဝင်ညှိနှိုင်းသူ အခန်းကဏ္ဍကို ယူပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနှင့် ဘဂ်လားဒေ့ရှ်တို့ အနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အစီအစဉ်တခုအရ လုပ်ဆောင်ခြင်းထက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောလာသည်။ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ထိုသို့သော အနေအထားမျိုး ဖြစ်ပေါ်လာစေရန် လိုအပ်သော ခိုင်မာသည့် အခြေအနေများ ဖန်တီးပေးသင့်သည်ဟူသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲတခုတွင်လည်း အလေးထားပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ရခိုင်ပြည်နယ်အရေးအပေါ် တရုတ်နိုင်ငံ၏ နားလည်မှုကို ကျေးဇူးတင်ခဲ့ကြပြီး တရုတ်နိုင်ငံက အဆိုပြုသော ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေး အဆင့် ၃ ဆင့်ပါ စီမံကိန်းကို သဘောတူကြသည်။ လက်ရှိအနေအထားသည် မဝေးကွာလှသေးသော အတိတ်ကို ပြန်ပြောင်း သတိရစရာ ဖြစ်နေသည်။ မြန်မာနိုင်ငံ စစ်အစိုးရအောက်တွင် ရှိနေစဉ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ကုလသမဂ္ဂတွင် ခြွင်းချက်မရှိ ထောက်ခံပြီး ယခု ရခိုင်ပြည်နယ် အကျပ်အတည်းတွင် လုပ်ဆောင်သည့်အတိုင်း ပြဿနာအများအပြားတွင် မြန်မာနိုင်ငံကို ဝေဖန်မှုများမှ အကာအကွယ် ပေးထားသည်။ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံများသည် ထိုစဉ်က စစ်အစိုးရကို ပြစ်တင်ရှုတ်ချကြပြီး အရေးယူပိတ်ဆို့မှုများလည်း ချမှတ်ထားချိန်တွင် တရုတ်နိုင်ငံသည် ထိုအပစ်ပယ်ခံ အစိုးရကို အဓိကထောက်ခံကာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်သည် မမျှော်လင့်ထားသော ခရီးစဉ် မဟုတ်သော်လည်း (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားထားသည်မှာ လအတန်ကြာပြီဖြစ်သော်လည်း အများမသိသော အကြောင်းများကြောင့် ထိုခရီးကို ဆိုင်းငံ့ထားပြီး) ဝမ်ယိနှင့်တွေ့ပြီး မကြာမီ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်အတွက် အချို့သောလေ့လာသူများ အံ့သြသွားစေခဲ့သည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု စီမံကိန်း- BRI အရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တည်ဆောက်ရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုထားပြီးဖြစ်သည်။ ထိုစီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကို ဖြတ်သန်းပြီး အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ပါဝင်သဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေးသည် တရုတ်နိုင်ငံအတွက် လွန်စွာ အရေးပါသည်။ တရုတ်နိုင်ငံသည် ထိုစီးပွားရေးစင်္ကြန်ကို အိန္ဒိယသမုဒ္ဓရာသို့ ချဉ်းကပ်လမ်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ လက်တွေ့တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး သေနင်္ဂဗျူဟာစီမံကိန်းအတွက် ကုန်သွယ်ရေးချိတ်ဆက်မှုအရ၊ စွမ်းအင်လုံခြုံမှုအရနှင့် အလွန်ကြီးမားလှသော ပိုးလမ်းမကြီးစီမံကိန်းအရ ဗဟိုအချက်အခြာ ဖြစ်နေသည်။ ထိုစီမံကိန်းကြီးကို အနောက်နိုင်ငံများက ဝင်ရောက် သြဇာလွှမ်းမိုးမည်ကို တရုတ်နိုင်ငံက လက်မခံနိုင်သလို ထိုထက်ပိုမိုအရေးကြီးသော အချက်မှာ မြန်မာနိုင်ငံတွင် ပြည်ပစစ်စခန်းများကို လက်မခံနိုင်ခြင်းဖြစ်သည်။ ၎င်း၏ ရည်မှန်းချက်ကြီးမားလှသော BRI စီမံကိန်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသည် အရေးပါသောကြောင့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု ပြန်လည်ရရှိသည်ကို မြင်လိုသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း အဓိကကျသော အခန်းမှ ပါဝင်မည်ဟု ကတိပြုထားသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးသည် တရုတ်နိုင်ငံ၏ ဩဇာအောက်တွင် ရှိနေပြီး တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုပါ ရရှိထားသည်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ လာရောက်ရေး ဖျောင်းဖျပြောဆိုပေးရန် တရုတ်နိုင်ငံ၏ အကူအညီ လိုအပ်သည်။ ယခင်ကအတိုင်း တရုတ်နိုင်ငံသည် နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပလျှင် လူူမျိုးစုခေါင်းဆောင်များ တက်ရောက်ကြရန် ပြောထားသည်။ နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည့်ရက်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ ‘အကိုကြီး၏’ အခန်းကဏ္ဍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ‘အကိုကြီး’ နေရာယူနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီ ဖြစ်သည်။ ရိုဟင်ဂျာပြဿနာ၏ နိုင်ငံတကာဖိအားများအလယ်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ယခုထက်ပိုပြီး ဆက်ဆံရေး တိုးတက်နက်ရှိုင်းအောင် မည်သို့မည်ပုံ လုပ်ဆောင်ကြမည်ကို စောင့်ကြည့်လေ့လာရသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ကွယ်လွန်သူ ဝန်ကြီးချုပ်ဦးနု၏ ကျော်ကြားလှသော စကားတခွန်းမှာ “ ကျနော်တို့လို နိုင်ငံငယ်လေးက ဘယ်အင်အားကြီးနိုင်ငံနဲ့မှ ပြဿနာဖြစ်ဖို့ အင်အားမရှိပါဘူး၊ အနည်းဆုံးတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပြဿနာဖြစ်လို့ မရပါဘူး”ဟူ၍ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကို ကူညီနေသည်မှာ တရုတ် တနိုင်ငံတည်း မဟုတ်ပေ။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက လှုပ်ရှားမှုတခုခု လုပ်လိုက်တိုင်း အိန္ဒိယနိုင်ငံက မျက်ခုံး ပင့်ကြည့်တတ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီး ရက်သတ္တပတ် အတန်ကြာတွင် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး အစိုးရနှင့် တပ်မတော်ကို အပြည့်အ၀ ထောက်ခံသောအခါ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကို ရခဲ့သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေး၊ အပြန်အလှန် လည်ပတ်ရေးနှင့် ထောက်လှမ်းရေးသတင်း ဖလှယ်ရေးတို့ လုပ်ဆောင်ရန်လည်း သဘောတူထားသည်။ အိန္ဒိယနိုင်ငံသည် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးမှုနှင့် အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်လည်း အိန္ဒိယနိုင်ငံက စိတ်အားထက်သန်သည်။ အိန္ဒိယနိုင်ငံသည် မေလက တရုတ်နိုင်ငံတွင် ကျင်းပသည့် ရပ်ဝန်းတခု၊ လမ်းတခု ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်ပြီး ဒေါ်လာဘီလျှံများစွာ ကုန်ကျမည့် BRI စီမံကိန်းကို ကန့်ကွက်သည်။ တရုတ်နိုင်ငံကို အန်တုရန် ဂျပန်နိုင်ငံသည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြီး အကူအညီများ တိုးပေးသည်။ ဂျပန်နိုင်ငံသည် မကြာသေးမီက ရန်ကုန်-မန္တလေး ရထားလမ်းပြုပြင်ရန်၊ လယ်သမားများ ဝင်ငွေတိုးတက်စေရန် အားထုတ်မှုများနှင့် အသေးစား အလတ်စားလုပ်ငန်းများ၊ နေထိုင်မှုဆိုင်ရာနှင့် လူမျိုးစုများကို ထောက်ကူရေးအတွက် ချေးငွေနှင့် အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလျှံပေးမည်ဟု မကြာသေးမီက ကြေညာသည်။ ရုရှနိုင်ငံသည်လည်း ရခိုင်အရေးနှင့် ပတ်သက်ပြီး ချိန်ဆနေသည်။ “အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်မလာနိုင်လို့ ပြင်ပကနေ အလွန်အကျွံ စွက်ဖက်တာမျိုးကို ကျနော်တို့ ဆန့်ကျင်တယ်” ဟု ရန်ကုန်အခြေစိုက် ရုရှသံအမတ် နစ်ကိုလေ လစ်စတိုပါဗော့က မကြာသေးမီက ပြောသည်။ “ဖိအားပေးရုံ၊ အပြစ်တင်ရုံ၊ စွပ်စွဲရုံနဲ့တော့ အလုပ်မဖြစ်ဘူး” ဟုလည်း သူက ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် ပြောသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ ရုရှ သံအမတ်က “ဒါကို မြန်မာဖက်က လုံးဝ လက်မခံနိုင်ဘူး။ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ဒီလိုလုပ်တာ အကျိုးမရှိဘဲ နစ်နာစေတယ်” ဟု ပြောသည်။ ၂၀၀၉-၁၀ တွင်ရုရှသည် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ထိုထက် ပိုမိုအရေးပါသော ကိစ္စမှာ MIG-29 ကဲ့သို့သော တိုက်လေယာဉ်များကို မြန်မာနိုင်ငံက ရုရှထံမှ ဝယ်ယူနေခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်သည် ရာနှင့်ချီသော အရာရှိများကို နှစ်စဉ် ရုရှသို့ စေလွှတ်သင်တန်းတက်စေသည်။ သို့သော် တရုတ်နိုင်ငံက ထိုနိုင်ငံအားလုံးထက် ခြေလှမ်းများစွာ ဦးနေသည်။ အိမ်နီးချင်း တရုတ်သည် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု နှင့် အကူအညီများမှတဆင့် ထောက်ခံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ဆိပ်ကမ်းများ၊ ဆည်များ စသည့် သေနင်္ဂဗျူဟာကျသော အခြေခံ အဆောက်အအုံ ရင်းနှီးမြှုတ်နှံမှု တည်ဆောက်ရာတွင် ထောက်ပံ့သည်။ သို့သော် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ယခုအခါ ပိုမိုနီးကပ်သော စစ်ဘက် ဆက်ဆံရေးသည်လည်း အစီအစဉ်တွင် ပါဝင်နိုင်သည်။ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ရရှိခဲ့သော ကြီးမားလှသည့် မည်သည့်သဘောတူညီမှုမဆို၏ အသေးစိတ် အချက်အလက်များကို လေ့လာသင့်သည်။ နဂါးမယ်တော် ဖြစ်လာမလား ၂၀၁၆ ဧပြီလတွင် စတင်တာဝန် ထမ်းဆောင်ချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံနှင့်နွေးထွေးစွာ ဆက်ဆံပြီး အနောက်နိုင်ငံများကို အံ့အားသင့်စေခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း အဆင့်မြင့်အရာရှိများ လည်ပတ်မှုကို အလျှင်အမြန် တိုးမြှင့်ပြီး မြန်မာနိုင်ငံအတွက် အကူအညီ၊ အထောက်အပံ့နှင့် သံတမန်ရေးရာလှုပ်ရှားမှုများ တိုးမြှင့်လိုက်သည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်မှစ၍ မြန်မာနိုင်ငံကို ကူညီနေပုံရသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ရင်းနှီးမြှုပ်နှံခဲ့သော အနောက်နိုင်ငံများသည် သူမ၏ အစိုးရ အပေါ် ဩဇာကျဆင်းလာသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု၊ ရှုတ်ချမှုများ မြင့်မားလာသည်ကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသတွင်းအစိုးရများ၊ အစဉ်အလာ မဟာမိတ်များနှင့် လုပ်ကိုင်ရသည်မှာ ပိုမိုအဆင်ပြေသည်ဟု ယူဆလာမည်ဖြစ်သည်။ သို့သော် သူမသည် အနောက်နိုင်ငံများကို လျစ်လျူရှုထားခြင်း မရှိခဲ့ဘဲ အာဏာချိန်ခွင်လျှာ ချိန်ညှိရန်သာ ကြိုးစားခဲ့သည်။ သူမသည် ထိုအခြေအနေကို ထိန်းထားနိုင်မည်လား။ ထိန်းနိုင်လျှင်လည်း မည်မျှကြာကြာ ထိန်းထားနိုင်မည်နည်း။ မြန်မာနိုင်ငံသည် တံခါးဖွင့်ပြီး ဒေသတွင်း နှင့် အခြားဒေသများတွင် မဟာမိတ်များ အလျင်အမြန် ဖွဲ့နေစဉ် မဟာအင်အားကြီးနိုင်ငံများ၏ လွန်ဆွဲကွင်း ဖြစ်လာသည်မှာ သံသယ ရှိရန် မလိုပေ။ တရုတ်နိုင်ငံက စိတ်ပူပန်နေမည်ကိုလည်း သံသယ ရှိရန် မလိုပေ။ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ တရုတ်နိုင်ငံသည် ၎င်း၏ မူလအခြေအနေကို ပြန်လည်ရရှိပြီးဖြစ်ကာ အနောက်အင်အားကြီးနိုင်ငံများနှင့် အိမ်နီးချင်း အင်အားကြီး နိုင်ငံများ တခါက အားပြိုင်နေသော မြန်မာနိုင်ငံတွင် ဩဇာကြီးမားပြီး အုပ်မိုးထားသော ပါဝင်ပတ်သက်သူဖြစ်နေမည်သာ ဖြစ်သည်။ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် မြန်မာပြည်သူများသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပြန်လည်သုံးသပ်ရန် အသင့်ဖြစ်မဖြစ်ပြောရန် စောနေသေးသည်။ တရုတ်နိုင်ငံသည် ဖိနှိပ်သော ယခင်အစိုးရကို အဓိကထောက်ခံသူနှင့် တိုင်းပြည်၏ သယံဇာတများကို အဓိက အမြတ်ထုတ်သူ ဖြစ်ခဲ့သည်ဟု အကျယ်အပြန့်မြင်ကြသည်။ မြန်မာပြည်သူများသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ လက်ခံကြသည်တော့ မဟုတ်ပေ။ မြန်မာပြည်သူများကို စည်းရုံးသိမ်းသွင်းနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ညိုးနွမ်းနေသော ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆည်ရမည်။ သို့သော် ရှုပ်ထွေးလှသော ရခိုင်ပြည်နယ်အရေးတွင် အကျိုးမရှိသော နည်းလမ်းကို သုံးပြီး အနောက်နိုင်ငံများက ကျင့်ဝတ်အရ အပေါ်စီးယူရန် ကြိုးစားခြင်းကြောင့် သာမန်ပြည်သူများ၏ ပြင်းထန်သော စိတ်ခံစားချက် တုံ့ပြန်မှုကို ဖြစ်စေသည်။ ထိုအခြေအနေကြောင့် ပြောင်ကျသော အနောက်တိုင်းဆန့်ကျင်ရေး စိတ်ဓာတ်များ မဖြစ်လျှင်ပင် အနောက်တိုင်း၏ သဘောထားအပေါ် သံသယဝင်လာနိုင်သည်။ ရခိုင်ပြည်နယ် အကျပ်အတည်း၏ နောက်ဆက်တွဲဖြစ်ရပ်များကို ကြည့်ပါက တရုတ်နိုင်ငံ အနိုင်ရသူဖြစ်သည်။ အချို့သော လေ့လာသူများ ယူဆသကဲ့သို့ အမေရိကန်ပြည်ထောင်စုသည် ပြိုင်ပွဲမှ ထွက်ခွာသွားရပြီလားဟု မေးရမည်။ တရုတ်နိုင်ငံသည် ဤအကျပ်အတည်းမှ မည်သည့်အကျိုးကျေးဇူး ခံစားရမည်ကို အတိအကျခန့်မှန်းရန် ခက်ခဲသော်လည်း မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ ဩဇာကျဆင်းနေသည်ကိုကား သံသယဖြစ်ရန် မလိုပေ။ ကမ္ဘာအနံှ့အပြားတွင် အနောက်တိုင်းဩဇာ ကျဆင်းနေခြင်းနှင့်အတူ တရုတ်နိုင်ငံဩဇာ ကြီးထွားလာနေခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းတွင် သက်ရောက်မှုများ၊ အကျိုးဆက်များ ပေါ်ပေါက်လာမည် ဖြစ်သည်။ ယနေ့ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး အရေးပါမှု ဆက်လက်ကြီးထွားနေမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အချိန်မနှောင်းမီ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ရမည်လည်း ဖြစ်ပေသည်။ (အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ အယ်ဒီတာချုပ် ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Big Brother to the Rescue ကို ဘာသာပြန်ဆိုသည်။) The post ကယ်တင်ရှင် ပေါက်ဖော်ကြီး appeared first on ဧရာဝတီ.
Source : http://ift.tt/2i6g4j8
via IFTTT