ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၂) ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ဟာ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ ခရောင်းလမ်းတွေထဲမှာ လက်ရှိအချိန်အထိ ရုန်းကန် နေကြရဆဲလို့ ဆိုပါတယ်။ သူတို့နှစ်ဦး အတူရင်ဆိုင် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ၊ လတ်တလောမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ၊ မိသားစု ဘဝ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇာဏ်ခီတို့ကို ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခနဲ့ ဧရာဝတီ Lifestyle အယ်ဒီတာ သီဟတိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။ ။ “မုဒြာရဲ့ခေါ်သံ” နဲ့ “ဥပါယ်တံမျဉ်” က နာမည်လေးတွေပေးထားတာ ဆန်းတယ်ပေါ့၊ ဇာတ်ညွှန်းရှင်တွေ ကိုယ်တိုင်ကလည်း ဒီအကြောင်းလေးကို တချက်လောက်ပြောပြပေးပါဦး အဓိပ္ပာယ်လေးတွေ။ ဇဏ်ခီ။။ ကျနော်တို့ စစချင်း Deception လို့ပဲ လုပ်ထားတာ၊ ဒါပေမယ့် Dimension ထွက်လာတယ်၊ အဲမှာလူတွေက D နှစ်လုံးနဲ့ ပတ်ချာတွေ လည်ကုန်ရော။ Dimension, Deception နှစ်ခုလုံး ဘာမှန်း မသိတော့တဲ့အခါ၊ သူ (ခရစ္စတီးနားခီ) နဲ့ တိုင်ပင်လိုက်တယ်။ မြန်မာနာမည်နဲ့ ဦးတည်ရင် ကောင်းမယ်ဆိုပြီးတော့ Deception နဲ့ အကိုက်ညီဆုံး မြန်မာစကားလုံးကို တွေးရင်းတွေးရင်းနဲ့ “ဥပါယ်တံမျဉ်” သွားတွေ့တယ်။ ဆန်းလည်းဆန်းတယ်၊ ပါဠိစကားလုံးလို ဘာလိုလိုနဲ့ အရမ်း ဆန်းတယ်ပေါ့။ မေး။ ။ သူ့ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ။ ဇဏ်ခီ။။ “မာယာနဲ့ ဖျာယောင်းမှု” ဆိုတဲ့ အဲဒီအဓိပ္ပါယ်ရတယ်။ ဆိုတော့အဲဒါ ရွေးချယ်ဖြစ်သွားတာ။ ခရစ္စတီးနားခီ။။ “မုဒြာရဲ့ခေါ်သံ”ကတော့ “မုဒြာ”ဆိုတာ ဘုရားဟောတဲ့ထဲမှာ လက်ဟန်လေးတွေ ရှိတယ်လေ။ တရားဟောတဲ့ အခါကျရင် လက်ဟန်မျိုးစုံ ရှိတယ်။ ဒီဟာကို အစွဲပြုပြီးတော့ အစ်မက မုဒြာကို ပေးတာပေါ့။ မုဒြာဆိုတာက အစ်မတို့ ဒီ Culture နဲ့လည်း အများကြီးသက်ဆိုင်တယ်ပေါ့၊ နေရာတော်တော်များများမှာ ဘုရားရဲ့ ဒီလက်ဟန်က အများကြီး တွေ့နေရတယ်၊ အစ်မတို့ ဗမာအကမှာလည်း လက်ဟန်မျိုးစုံက မုဒြာရဲ့ပုံစံလေးတွေကို အသုံးပြုသွားတာ တွေ့ရမယ်။ အစ်မက ဒါကမြန်မာကို ကိုယ်စားပြုတဲ့ပုံစံမျိုး မုဒြာရဲ့ခေါ်သံကတော့ မြန်မာပြည်ကနေ ပြန်ခေါ်တဲ့ပုံစံမျိုးပေါ့။ မေး။ ။ မုဒြာရဲ့ခေါ်သံ”ရယ်၊ “ဥပါယ်တံမျဉ်”ရယ် နှစ်ကားစလုံးကို မြန်မာပရိသတ်တွေက အရမ်းကြိုက်တယ်၊ ဒါပေမယ့် အဲဒီ အထဲမှာမှ ဘာပြန်ထွက်လာသလဲဆိုတော့ ပရိသတ်က “မုဒြာရဲ့ခေါ်သံ”က ပိုကောင်းတယ်၊ “ဥပါယ်တံမျဉ်”က ပိုကောင်းတယ်။ ဆိုတော့ ဒီမှာကျတော့ ဇာတ်ညွှန်းနှစ်ခုစလုံးကိုရေးတဲ့သူက ဒီမှာရှိနေတယ်ဆိုတော့မေးကြည့်ရမှာပေါ့။ ဘယ်ကားက ပိုကောင်းလဲ။ ဇဏ်ခီ။။ ကောင်းပါတယ် နှစ်ကားလုံး၊ မုဒြာမထွက်ခင် အင်တာဗျူးတွေမှာ ကျနော် ဖြေသလိုပေါ့။ နန်းကြီးသုပ်နဲ့ ဘာဂါကို သွားယှဉ်လို့တော့ မရဘူး၊ နန်းကြီးသုပ်ကြိုက်တဲ့သူက နန်းကြီးသုပ်စား၊ ဟန်ဘာဂါ ကြိုက်တဲ့သူက ဟန်ဘာဂါစား၊ နန်းကြီးသုပ်ရော ဘာဂါနှစ်ခုလုံး ကြိုက်တဲ့သူက နှစ်ခုလုံးစားလို့။ ကျနော်ကတော့ မယှဉ်ပါဘူး။ သူ့ဟာသူ နှစ်ခုစလုံး ကောင်းတယ်လို့ ထင်ပါတယ်။ မေး။ ။ “မုဒြာရဲ့ခေါ်သံ”မှာ မင်းသမီး လှယဉ်ကျေးကို မြန်မြန်ဆန်ဆန်နဲ့ ပြထားတယ်။ ဒါစံပြ အနေနဲ့ ရိုက်ထားတာလား၊ ဘယ်လိုပုံစံမျိုးလဲ။ ခရစ္စတီးနားခီ။။ အဲလိုပြောလို့လည်း ရပါတယ်၊ ဟိုးတုန်းတည်းက အစ်မတို့က အဲဒီ Culture ကို ထည့်ချင်တာပေါ့၊ ဒါပေမယ့် တကယ်တမ်း ဖြစ်သွားတာတော့ မိဘရှာတဲ့ကားလေး ဖြစ်သွားတယ်။ သူ့ကိုကျတော့ ဘယ်လိုလဲဆိုတော့ အစ်မ မြန်မာပြည် ပြန်လာတဲ့အချိန် အစ်မတို့နိုင်ငံမှာ ကိုရီးယား Culture က တော်တော်ကြီးစိုးနေတာ တွေ့ရတယ်။ အားလုံးက အသားဖြူချင်တယ်၊ အသားဖြူဆေး ထိုးတယ်၊ ဆံပင်ကို ကိုရီးယားတွေလို လုပ်တယ်။ ကိုရီးယားတွေလို ဝတ်တယ်။ ကိုယ့်ရာသီဥတုနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်တာကို မဟုတ်ဘူး ကိုရီးယားလေးနဲ့ကို အရမ်းတူချင်ကြတယ်၊ စကားပြောတာလေးတွေကအစ ချွဲချွဲပျစ်ပျစ်လေးတွေနဲ့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ပြောလာကြတယ်၊ ပြောနေကြတာတွေ့ရတယ်။ တွေ့ရတာ ကောင်းပါတယ်၊ ဒါက ကိုရီးယား Culture အရမ်းလွှမ်းမိုးနေတယ်ဆိုတာကို ကင်မ်ချီ သွားစားချင်တယ်၊ ကိုရီးယား ကိုရီးယားဖြစ်နေတယ်ပေါ့။ အစ်မက တွေးလိုက်တာက ဒီလို ကိုယ်မဟုတ်တဲ့ လူတယောက် ဘာကြောင့်ဖြစ်ချင်ရတာလဲ။ အစ်မတို့ဆို မဖြစ်ချင်ဘူး အမှန်အတိုင်း ပြောတာ၊ မြန်မာဆို မြန်မာပဲ။ ဘယ်နိုင်ငံရောက်ရောက် ကိုယ်မြန်မာပဲ။ ကိုယ့်အသားက ညိုညိုမဲမဲ ဒါ Original ပဲ။ ကိုယ့် Original လေးကို မပျောက်စေချင်ဘူး။ နှင်းသူဇာဆိုတဲ့ ကာရိုက်တာက ဗမာမ။ တကယ်တမ်း မြန်မာ မိန်းကလေး နည်းနည်းစစ်သွားလို့ရှိရင် မာနလည်း နည်းနည်း ကြီးတယ်။ ဒါအမှန် အတိုင်းပြောတာ။ မာနလည်း ကြီးမယ်။ ကိုယ်က ပညာတွေ နည်းနည်းတက်သွားလို့ရှိရင် ကိုယ့်ဂုဏ် သိက္ခာလေးနဲ့ နည်းနည်း မာဆတ်ဆတ်လေး နေတတ်တဲ့ ပုံစံလေးတွေရှိတယ်။ ထမီတွေ ဘာတွေဆိုတာလည်း မော်ဒယ် မဟုတ်ဘူးဆိုရင် အရမ်းကြီး သပ်သပ်ရပ်ရပ်နဲ့ အရမ်းကြီး ဖြစ်အောင်လည်းနေကြတာ မဟုတ်ဘူးလေ။ ပြည်ပလောကမှာ ရိုးရိုးသာမန် မိန်းကလေးတွေက ထဘီလေးနဲ့ပဲ သာမန် ဝတ်သွားစားကြတာပဲဆိုတော့ အစ်မအနေနဲ့က သူ့စိတ်နေ စိတ်ထားလေးတွေက ကိုရီးယား Culture အရမ်းကို ခေတ်စားလာတဲ့အချိန်မှာ ဒီလိုလေးလည်း မြန်မာလို ဖြစ်လို့ရတယ် ဆိုပြီးတော့ ကိုယ့် ပုံစံလေး အတိုင်းလေးပဲပေါ့။ မေး။ ။ ဒီ “ဥပါယ်တံမျဉ်” တို့ “မုဒြာရဲ့ခေါ်သံ” တို့ ထွက်ပြီးတဲ့နောက်ပိုင်းမှာ ဒီနှစ်ကားလုံးက အရမ်းကို အောင်မြင်တယ်၊ ပြည်တွင်းထဲမှာ ဆိုရင်လည်း ကြည့်ချင်တဲ့သူတွေ ထပ်စောင့်နေတာတွေရှိတယ်၊ စင်ကာပူမှာဆိုရင်လည်း အရမ်း ပေါက်တယ်လို့ ပြောလို့ရတယ်၊ အမေရိကားမှာလည်း ပြဖို့ရှိတယ်ဆိုတော့ ပရိသတ်တွေက အရမ်းကို အားပေးကြတယ် အောင်မြင်တယ်ပေါ့။ ဒီအပေါ်မှာ ဂုဏ်လည်းယူပါတယ်၊ ဒီအောင်မြင်မှုက ဘာကြောင့်ရလာတယ်လို့ မြင်လဲ၊ ကိုဇဏ်ခီ အရင်ဆုံး ပြောပြပေးပါ။ ဇဏ်ခီ။။ ကျနော်ထင်တာ ဒီအပြောင်းအလဲတခုကို ဆာလောင်နေတာ ကာလတော်တော်ကြာပြီ ထင်တယ်။ ကျနော်တို့ တခြား အင်တာဗျူးတွေမှာလည်း ပြောခဲ့တာရှိပါတယ်၊ မြန်မာပြည်မှာ လတ်တလောရှိနေတဲ့ Industry က Target လုပ်တဲ့ Population က မှားနေတယ်။ ကျနော် အမြဲပြောတယ် မြန်မာပြည်မှာ လူဦးရေ ၅၄ သန်း ရှိမယ်ဆိုရင် ကျနော်တို့ မြန်မာ့ ရုပ်ရှင်ကို ကြည့်တဲ့သူက ၁ သန်းတောင် မရှိဘူး ဖြစ်နေတယ်။ အဲ ၁ သန်း ပတ်ချာလည်ကို လုပ်စားနေရတဲ့ သဘော ဖြစ်နေတယ်။ ကျန်တဲ့ ၅၄ သန်းက မကြည့်ဘူး ဖြစ်နေတယ်။ ကိုရီးယားကားတွေ ကြည့်တာ များလာတယ်။ သူတို့ကားတွေက ပိုကောင်းတာကိုး။ ပိုပြီးတော့ အက်တင်တွေလည်း ကောင်းကြတယ်။ ဇာတ်လမ်းတွေလည်း ကောင်းကြတယ်၊ ငြင်းစရာကို မရှိဘူး။ အဲဒီမှာ ကျနော်တို့ကျတော့ Target က ၅၄ သန်းလုံး လူတွေဆီကို မြန်မာရုပ်ရှင် မကြည့်တဲ့သူတွေကို Target ထားတယ်၊ ကျနော်တို့ စလုပ်တုန်းကတော့ အိမ်မက်ကြီး တခုပေါ့၊ ရုံရှင်တွေကို ပြောပြတဲ့အချိန်မှာ တခြား ပရိုဂျူဆာတွေကို ပြောပြတဲ့အချိန်မှာ မယုံဘူး။ အဲဒီလူတွေက တကယ် ရှိလို့လား၊ တကယ်ပဲ ထွက်လာကြည့်မှာ မို့လို့လား၊ အဲဒါကျနော်လည်း မသိဘူး။ မသိဘူးဆိုတာ ထွက်လာကြည့်မှာလား ဆိုတာကို မသိတာ။ ရှိတယ်ဆိုတာကို သိတယ်၊ ကျနော်တို့ဒါကိုချပြလိုက်တဲ့ အချိန်မှာ ကျနော်တို့ လမ်းစမှု မှန်သွားတယ်လို့ ပြောလို့ရတယ်။ လူတွေက ကွာလတီကောင်းတဲ့မြန်မာကားကို တောင်းတနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ိလို့ ကွာလတီ ကောင်းကောင်း ဖြစ်စေချင်တယ်၊ ကိုရီးယားကားတေ ွကောင်းသလို၊ တခြားနိုင်ငံခြားကားတွေ ကောင်းသလို၊ မြန်မာကားကို ကောင်းစေချင်တယ်ဆိုတာ ဒါသက်သေပေါ့။ အဲဒါကြောင့် အောင်မြင်တယ်လို့ကျနော်မြင်ပါတယ်။ မေး။ ။ နောက်တခုမေးချင်တာက သိပ်မကြာသေးခင်က မခရစ္စ ရသွားတဲ့ အမျိုးသမီး စွမ်းဆောင်ရည်ဆုနဲ့ ပတ်သက်ပြီးတော့ တချက်လောက် ပြောပြပေးပါဦး။ ခရစ္စတီးနားခီ။။ “Intellectual Property Award” ကနေပြီးတော့ အဓိက “Intellectual Property Organizatio” က အစ်မရယ်၊ ဒေါက်တာ ချိုလဲ့အောင်ရယ်ကို ပေးတာ၊ ထန်းညှက်လုပ်တာလေ သူ့ရဲ့ Packing နဲ့ Quality လေးတွေက ကောင်းတယ်။ အဓိက အစ်မ ထင်တာကတော့ ဒါပထမဦးဆုံးကတော့ အမျိုးသမီး နှစ်ယောက်ကို ဒီနှစ်အတွက်က အမျိုးသမီးတွေကိုပဲ ရွေးချယ်ပြီးပေးတယ်ဆိုတော့ အစ်မတို့ အတွက်က ကောင်းတာပေါ့။ အလုပ်ထွက်လုပ်နေတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း အသိအမှတ် စပြုလာတာပါတယ်။ နောက်တခုကလည်း ဒီလမ်းကြောင်းလေးတွေကို အစ်မတို့လုပ်နေတာတွေ မှန်တယ်၊ ဆက်လုပ်ပါ ဆိုပြီးတော့ အစ်မတို့ကို အားအင်တခု ပေးလိုက်တဲ့ Award လို့သ တ်မှတ်ပါတယ်။ မေး။ ။ မခရစ္စတို့ ခီမောင်နှံက နိုင်ငံခြားမှာ နေထိုင်တာများတယ်၊ ရိုက်ပြတဲ့ကားတွေကလည်း မြန်မာအငွေ့အသက်တွေ မပျောက်ဘူး၊ မခရစ္စရဲ့ မြန်မာအမျိုးသမီးတွေအပေါ် သဘောထားတဲ့ စံနှုန်းလေးလည်း သိချင်ပါတယ်။ ခရစ္စတီးနားခီ။။ အစ်မကသိပ်ပြီးတော့ Culture နောက်ပြန်ဆွဲလားဆိုတော့လည်း မဆွဲဘူး၊ အရမ်း ခေတ်နောက်ပြန်လည်း မဆွဲသလို၊ ခေတ်နဲ့ပဲ နေနေတာပေါ့။ မော်ဒန်ခေတ်မှာဆိုတော့ မော်ဒန်လိုပဲ ဝတ်စားပြီးတော့ နေနေပါတယ်။ အစ်မက ယုံကြည်ထားတာတော့ တခုရှိတယ် မိမိမွေးဖွားရာ ဇစ်မြစ်ပေါ့၊ အစ်မတို့ အမေရိကားမှာပဲနေနေ၊ နိုင်ငံခြား တနိုင်ငံမှာပဲနေနေ၊ အစ်မတို့ကိုအမြဲတမ်း Where are you from? လို့ပဲ မေးတယ်၊ အစ်မတို့ကို ဘယ်သူကမှ အမေရိကန်လို့ မသတ်မှတ်ဘူး၊ သတ်မှတ်စရာလည်း မရှိဘူးလေ အစ်မတို့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီးလို့ရှိရင်၊ ဒီအတွက်ကြောင့်မို့လို့ အစ်မတို့ဟာ ကိုယ်မဟုတ်တဲ့ သူများဖြစ်ချင်စရာ အကြောင်းမရှိဘူး။ နောက်တခုက Culture ဆိုတဲ့နေရာမှာ ကိုယ့်မြန်မာမှ မဟုတ်ဘူး Culture ဆိုတာ အင်မတန် ချစ်စရာကောင်းတဲ့ အလေ့အထပေါ့။ တချို့ဆိုရင် Culture တောင်မရှိတဲ့ တိုင်းပြည်တွေရှိတယ်။ Culture အစစ်ကြီးတွေ ရှိမနေဘူးပေါ့၊ သူများဆီက ယူလိုက်ရတာတွေ ရှိတယ်ပေါ့။ အစ်မတို့ဆီမှာ Culture အများကြီးရှိတယ်။ ဒါအင်မတန် ချစ်စရာကောင်းတဲ့ အရာတခုပေါ့။ ဒါပေမယ့် မော်ဒန်ခေတ်ကို ပြောင်းသွားလို့ ရှိရင် ဒါတွေက တဖြည်းဖြည်း ပျောက်သွားတယ်၊ နောက်တခုက ဒီဟာတွေကို ထိန်းသိမ်းတဲ့ သင်တန်းတို့ သင်ရိုးတို့ ကျောင်းပညာ တွေမှာ မရှိတော့ဘူးဆိုရင် လူငယ်တွေက ခုနပြောသလို ကိုယ့် Culture မဟုတ်တဲ့ ကိုရီးယားယဉ်ကျေးမှု၊ ထိုင်းယဉ်ကျေးမှုတို့ ဒါတွေထဲကို ဝင်သွားရင်လည်း ဒါကြီးက နှမြောစရာကောင်းတယ်။ အစ်မက အရမ်းကြီး ဗမာ အရမ်းဆန်နေတဲ့ မိန်းမလား ဆိုတော့လည်း မဟုတ်ဘူး။ အစ်မက ချစ်တာ ဒီဟာလေးတွေကို ချစ်တာ။ နောက်တခုက အစ်မတို့ရိုက်မယ် ဆိုတုန်းကလည်း ဒီမြန်မာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေ ရိုက်ချင်တယ် ဆိုတာကလည်း ဘာဖြစ်လို့ ဘိုဇာတ်လမ်း ရိုက်မလဲ။ ဘိုဇာတ်လမ်းက ဟောလိဝုဒ်မှာ ကောင်းမွန်နေတာ ပြန်လန်နေတာပဲ၊ အစ်မတို့နိုင်ငံထဲက အစ်မတို့ဆီမှာရှိနေတဲ့ အရာလေးတွေထဲက မကုန်ဘူး ရိုက်ပြစရာတွေ၊ အဲအထဲက အများကြီး ပြွတ်သိပ်နေအောင် ရိုက်ပြစရာ မလိုဘူး။ တခုခုကို နည်းနည်းလေး ထည့်ပေးလိုက်လို့ရှိရင် ဒါက One Issue တခု ထည့်လို့ရတာပဲ။ အဲလိုသဘောနဲ့ပဲ အစ်မက အလုပ်လုပ်တာပါ။ မေး။ ။ ကိုဇဏ်ရဲ့သဘောထားလေးလည်း သိချင်ပါတယ်။ ဇဏ်ခီ။။ ကျနော်က ထပ်တူကျပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံး US မှာ ကြီးတယ်၊ ကျနော်တို့ US သူတို့ Culture နဲ့ Adapt လုပ်လိုက်ရတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ Identity ကိုဘယ်တော့မှ မပျောက်အောင် ကြိုးစားတယ်။ ဥပမာ- ဂျပန်တို့၊ တရုတ်တို့ကို ကြည့်မယ်ဆိုရင် အရမ်းခေတ်မီကြပါတယ်။ သူတို့အဝတ်အစားတွေပဲ ပြောပြော၊ နည်းပညာပဲပြောပြော အရမ်း ရှေ့ပြေးတယ်။ ဒါပေမယ့် သူတို့ရဲ့ Identity ဘယ်တော့မှ မပျောက်ဘူး၊ Culture ထိန်းသိမ်းမှုကလည်း ကမ္ဘာနဲ့လည်း ရင်ဘောင်တန်းနိုင်တယ်၊ သူတို့ရဲ့ လူနေမှု စနစ်တွေက အရမ်းခေတ်မီတယ်။ ဒါပေမယ့်လည်း Culture ကို အရမ်းထိန်းသိမ်းတယ်။ အဲလိုမျိုး ဒီမှာဖြစ်စေချင်တာပေါ့။ Culture ဆိုပြီးတော့ ခေတ်နောက်ပြန်ဆွဲစရာ မလိုဘူး။ ဒါပေမယ့်လည်း ထိန်းသိမ်းရမယ်ပေါ့။ မေး။ ။ အွန်လိုင်းမှာရုပ်သံတခုတွေ့တယ် အဲဒါ ဘာလဲဆိုတော့ အစ်မ ကနေတယ်၊ ကနေတာကို တွေ့ရတော့ ပရိသတ်တွေ နည်းနည်း အံ့အားသင့်ပုံတွေ့ရတယ်၊ ဝိုင်း Share ကြတယ် အဲဒါကို၊ အစ်မ ကတတ်လိမ့်မယ်လို့ ထင်ထားပုံ မရကြဘူး၊ အဲဒါ အစ်မ အကပညာကို ဘယ်လိုစပြီးတော့ ကတတ်သွားတာလဲ။ ခရစ္စတီးနား။။ အစ်မကတော့ ၇ နှစ်သမီးလောက်က စမယ်ထင်တယ်၊ ဒီလိုပဲ Summer ဆိုရင် မိဘတွေက စီးပွားလုပ်တယ်၊ အမေက ဗိုလ်ချုပ်ဈေးမှာ ဆိုင်ထွက်တယ်၊ ဆိုင်ထွက်တော့ အမှန်အတိုင်းပြောရရင် ကလေးဆိုတော့ မိဘတွေက မထိန်းနိုင်ဘူးပေါ့၊ မထိန်းနိုင်တော့ အဲအနားမှာရှိတဲ့ အကသင်တန်းကျောင်းလေး ပို့လိုက်တာပေါ့၊ ပို့လိုက်တဲ့အခါကျတော့ ကိုယ်က ပိုးပါလာတာတဲ့ အခါကျတော့ ဒါကို၊ အမှန်က နှစ်လ၊ သုံးလလောက်ပဲသင်ပေးလိုက်တာပါ၊ များသောအားဖြင့်က မြင်ဆရာတွေ များတယ်ပေါ့၊ တီဗီအခွေတွေ ကြည့်တယ်၊ ဒါတွေနဲ့ပဲ ဝါသနာပါတော့ မိဘတွေက အမှန်အတိုင်းပြောရင် အမေတို့က တော်တော်တန်တန် မသိဘူး နင်ဘယ်ကနေ ကတတ်လာတာလဲဆိုပြီး တခါတခါ အမေးခံရတယ်။ အဲကနေပြီးမှ ဆရာ ဦးဝင်းမောင် ရွှေမန်းသဘင် ဦးဝင်းမောင်တို့နဲ့ အမေရိကားမှာလည်း တွေ့တယ်။ ဆရာက ခုန ဗီဒီယိုဖိုင်တွေကနေတဆင့် ဆရာနဲ့ ကခွင့်ရတယ်ပေါ့။ နိုင်ငံခြားသားရှိုးတွေမှာ ကခွင့် ရပါတယ်၊ အဲဒါတွေက အရင်တုန်းက မတတ်ပါဘူး။ အခုမှ ဘယ်လိုတွေဖြစ်ပြီးတော့ ကတတ်လာမှန်းမသိဘူး။ မေး။ ။ “ဥပါယ်တံမျဉ်” ဇာတ်ကားကိုလည်း တချို့က Copy ကားလို့ ပြောတယ်၊ ဒါပေမယ့် အချက်အလက် အထောက်အထားနဲ့ ထောက်ပြတာမျိုးတော့ မရှိဘူးပေါ့၊ အဲဒီအပေါ်မှာရော အစ်မအနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါသလဲ။ ခရစ္စတီးနား။ ။ အစ်မက ဖြေရှင်းပြရတဲ့ အလုပ်က အမှန်အတိုင်းပြောရရင် အမုန်းဆုံးပဲ၊ စွပ်စွဲကြတယ်၊ ပြောကြတယ်ပေါ့၊ ဒါပေမယ့် အစ်မတို့ စင်ကာပူမှာ သွားပြတယ်ဆိုလို့ရှိရင် ရိုးရိုးပြလို့ မရဘူး၊ အစ်မတို့က ဆင်ဆာဖြတ်ရတယ်။ မြန်မာပြည်လိုမျိုး ဆင်ဆာမျိုး မဟုတ်ဘူး။ ဟိုအခန်းဖြတ်၊ ဒီအခန်းဖြတ် ပြောတာမျိုး မဟုတ်ဘူး။ သူတို့ဆင်ဆာဆိုတာက သူတို့ Raiding System အရင်ဆုံး သတ်မှတ် ပေးလိုက်တယ်၊ အဲဒါပြီးလို့ရှိရင် အစ်မတို့ Copy Right ဌာနကို ပို့ရတယ်။ သီချင်းတို့၊ ရုပ်ရှင်ဇာတ်လမ်းတွေက မူပိုင်ဟုတ်ရဲ့လား ဆိုတာကို သူတို့ စစ်တယ်၊ စစ်ပြီးလို့ရှိရင် ဟိုဘက်ကနေပြီးတော့ ဒါကို Pass ပေးလိုက်တယ် ပေးပြီးတော့မှ အစ်မတို့က ဒါကိုယူပြီးတော့မှ ရုံပေါ်ရောက်တာ၊ သူများနိုင်ငံမှာတောင် အစ်မတို့က ရုံပေါ် ရောက်ပြီးပြီဆိုတော့ အစ်မဒါကို ဖြေရှင်းစရာမလိုဘူးလို့ ထင်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၁) The post ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၂) appeared first on ဧရာဝတီ.
Source : https://ift.tt/2HF7SBT
via IFTTT
Saturday, April 28, 2018
အမှိုက်ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုကြီးထဲက တခုဟု ဦးဖြိုးမင်းသိန်း ပြောဆို အစိုးရအတွက် စိန်ခေါ်မှု အကြီးမားဆုံး ပြဿနာကြီးများထဲတွင် အမှိုက်ပြဿနာသည်လည်း တခုအပါအဝင် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီလ ၂၈ ရက်နေ့က ထိန်ပင်အမှိုက်ပုံအနီးရှိ စည်ပင်ရုံးခန်းတွင် ပြုလုပ်သော အမှိုက်နှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြောသည်။ ဦးဖြိုးမင်းသိန်း က “အမှိုက်ပြဿနာက အစိုးရသစ်ရဲ့ စိန်ခေါ်မှု အကြီးဆုံးထဲကတစ်ခုပဲ။ အဲဒီတစ်ခုထဲမှာ လမ်းမှာအမှိုက် ပစ်တာက တစ်ခုအိမ်တွေက အမှိုက်ပုံရောက်ဖို့ပေါ့။ စားတယ်လမ်းဘေးမှာဘဲ ပစ်ချထားလိုက်တယ်။ မြောင်းထဲပစ်ထည့် လိုက်တယ်။ ဒါမှ မဟုတ်ကြုံတဲ့ နေရာပစ်တယ်။ အိမ်ကနောက်ဖေးလမ်းကြား ထဲပစ်ချလိုက်တယ်” ဟု ဆိုသည်။ အမှိုက်နှင့်ပတ်သက်၍ မီသိန်းဓာတ်ငွေ့ကိုထုတ်ပြစ်နိုင်သည့် နည်းပညာမရှိခြင်း၊ အမှိုက်ကိုခွဲခြားမီးရှို့ခြင်း၊ အသုံးပြုခြင်းတို့နှင့် ပတ်သက်ပြီး ဖြေရှင်းရမည့် နည်းပညာများ မရှိခြင်းတို့ကြောင့် ထိန်ပင် အမှိုက်ပုံမီးလောင်ခြင်းကဲ့သို့ ကိစ္စများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန် အနီးရှိအဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စ၍ မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ဘက်ဟိုးယာဉ်များဖြင့် မီးငြှိမ်းသတ်သော်လည်း အမှိုက်ပုံ၏ အောက်ခြေ အမှိုက်များမှ လှိုက်လောင်ကျွမ်းနေမှုကြောင့် မီးခိုးများထွက်ရှိနေပြီး ပတ်ဝန်းကျင် မြို့နယ်များနှင့် ကျေးရွာများသို့ မီးခိုးများ ပျံ့နှံ့နေသည်သာမက ရန်ကုန်မြို့ရှိ မြို့နယ် အတော်များများသို့ ညှော်နံ့များပါ လွင့်ပါခဲ့သည်။ ထိန်ပင်အမှိုက်ပုံကို Bio Foam ဓာတ်ငွေ့များဖြင့် ငြှိမ်းသတ်နေလျှက်ရှိသည် (ဓာတ်ပုံ – သဇင်လှိုင်၊ ဧရာဝတီ) လက်ရှိအခြေအနေတွင် အဆိုပါ ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ ၈ ရက်မြောက်နေ့ဖြစ်သည့် ဧပြီ ၂၈ ရက် (ယနေ့) တွင် မီးလောင်ကျွမ်းမှု ၉၈ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ပြီးမီးခိုးထိန်းသိမ်းမှုမှာ ၇၀ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။ ဦးမျိုးဝင်းက“အခြေအနေအားလုံးက ကောင်းပါပြီ။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် မီးခိုးရဲ့ ရာခိုင်နှုန်းနဲ့ ပြောရင် ၃၀ ရာခိုင်နှုန်း လောက်ပဲ ကျန်တော့မယ်။ မီးရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင်တော့ ၉၈ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ” ဟု ပြောသည်။ နောင်တွင် အဆိုပါ ပြဿနာမျိုးမဖြစ်ရန်အတွက် မြန်မာနိုင်ငံမှ အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပြန်လည်အသုံးပြု ၍ ရသည့် အမှိုက်သုံးမျိုးလုံးကို ပြည်ပသို့ ပို့ပြီးသုတေသနပြုလုပ်ထားကာ သုတေသန ရလဒ်များရရှိသည်နှင့် အမှိုက်ဖျက်ဆီးခြင်း လုပ်ငန်းနှင့် အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းများကို တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဆက်လက်ပြီး ဦးဖြိုးမင်းသိန်း က “ကျနော်တို့ဆီက အမှိုက်ကို နိုင်ငံခြားပို့ပြီး သုတေသန လုပ်ထားတယ်။ အဲဒါမှသာ ဘယ်အမှိုက်ကို မီးရှို့သင့်တယ်။ ဘယ်အမှိုက်ကို မြေသြဇာအဖြစ် သုံးသင့်တယ်ဆိုတာ ကျနော်တို့ သိရမယ်။ အဲဒါ အခု ပြန်ရောက်ပြီလို့ ပြောတယ်။ ပြန်ရောက်ပြီဆိုမှ ဒီပစ္စည်းနဲ့ ကိုက်ပြီဆိုတဲ့ နည်းပညာသော်လည်းကောင်း အမှိုက်မီးရှို့စက် သော်လည်းကောင်း အဲဒီကျမှ ကျနော်တို့က တင်ဒါခေါ်လို့ရမယ်” ဟု ဆိုသည်။ ထိန်ပင်အမှိုက်ပုံကို Bio Foam ဓာတ်ငွေ့များဖြင့် ငြှိမ်းသတ်နေလျှက်ရှိသည် (ဓာတ်ပုံ – သဇင်လှိုင်၊ ဧရာဝတီ) ၎င်းကဆက်၍ “တည်ဆောက်လိုက်တဲ့ အမှိုက်မီးရှို့ စက်သော်လည်းကောင်း၊ မြေသြဇာလုပ်တာ သော်လည်းကောင်းရေရှည် စဉ်ဆက်ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ နည်းလမ်းနဲ့မှ ကျနော်တို့ တင်ဒါစနစ် အောင်မြင်မယ်။ အဲဒါကြောင့် အဲဒီပြဿနာဟာ ဒီနှစ်နှစ် အတွင်း ခေါင်းအခဲရဆုံး ပြဿနာတစ်ရပ်ပဲ” ဟု ဆိုသည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ရိုးရိုးရေဖြင့် ငြှိမ်းသတ်မရသဖြင့် ရောစပ်ရန် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ Bio Foam ဂါလံ ၅၀၀၀ ခန့်ကို ကမ္ဘောဇ လုပ်ငန်းအုပ်စုနှင့် စီးပွားရေး လုပ်ငန်းရှင်များက ထိုင်းနိုင်ငံမှ အရေးပေါ် ဝယ်ယူပေးခဲ့သည်။ ထို့နောက် မီးသတ် တပ်ဖွဲ့အနေဖြင့် Bio Foam ဂါလံ၂၀၀၀ ဖြန်းပြီးဖြစ်ကြောင်းနှင့် ယနေ့ညပိုင်းတွင် ကျန်ရှိနေသောဂါလံ ၃၀၀၀ ရောက်ရှိလာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ The post အမှိုက်ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုကြီးထဲက တခုဟု ဦးဖြိုးမင်းသိန်း ပြောဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2vU0z7B
via IFTTT
Source : https://ift.tt/2vU0z7B
via IFTTT
တိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့်နှုန်းဖြင့် ရန်ကုန်တွင် ရောင်းချနေ ရန်ကုန်မြို့ နေရာစုံရှိ အိမ်ရာ စီမံကိန်း ၁၀ ခုမှ ကွန်ဒိုတိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့် နှုန်းထားဖြင့် AYA Home Loan အစီစဉ်ဖြင့် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ဧပြီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ အထိရောင်းချနေလျှက်ရှိသည်။ AYA Home Loan မှ Retail Banking Director ဦးသူရမောင် က “အိမ်ဝယ်သူတွေအနေနဲ့ ချေးငွေလျှောက်ထားတဲ့နေရာမှာ အလုပ်အကိုင်ပေါ့နော့် တလကိုဝင်ငွေ ဘယ်လောက်ရှိတယ် ဆိုတဲ့ အထောက် အထားတွေနဲ့ ကျနော်တို့ဘဏ်မှာ လာရောက်ပြီး လျှောက်ထားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။ AYA Home Loan အစီစဉ်ကို ဧပြီလဆန်းပိုင်းမှာ စပြီး ဧရာဝတီဘဏ်မှ လုပ်ဆောင်ခဲ့ပြီး ချေးငွေကာလမှာ အနည်းဆုံး ၁ နှစ်မှ အများဆုံး ၁၅ နှစ်ဖြစ်ကာ အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်သည်။ ဦးသူရမောင်က “အရစ်ကျပေးသွင်းရမယ့် ပုံစံကတော့ သူတို့အိမ်ဝယ်ယူတဲ့ ငွေပမာဏ ပေါ်မှာ မူတည်ပါတယ်။ ဥပမာ ကျပ်သိန်း ၃၀၀ တန် အိမ်ကိုဝယ်ပြီး ၁၅ နှစ် အရစ်ကျစနစ်ကို ယူမယ်ဆိုရင် ၁ လကို ငွေကျပ် ၃ သိန်း ၈ သောင်းကျပ်လောက် သွင်းရမှာ ဖြစ်ပါတယ်” ဟု ငွေပေးချေမှုပုံစံနှင့် ပတ်သတ်၍ ရှင်းပြသည်။ အဆိုပါ အိမ်ရာ ရောင်းချပွဲကို AYA Bank၊ iGREEN နှင့် iMyanmar Hose တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွင်း iGreen Development မှ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး ကျပ်သိန်း ၈ဝဝ ကျော် မှ သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ ကွန်ဒိုအခန်း ပေါင်း ၂၀၀ ကျော်ကို ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ အထူးသက်သာခွင့်များ ၊ AYA Home Loan ဖြင့် (၁) နှစ် မှ (၁၅) နှစ် အထိ အရစ်ကျ ပေးချေနိင်သော စနစ်များဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း iMyanmar Hose မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။ ထိုသို့အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ကနဦး ၃၀ ရာခိုင်နှုန်းသာ ပေးသွင်း ရမည်ဖြစ်ပြီး AYA ဘဏ်၏ အိမ်ရာ ချေးငွေ လျှောက်ထားကာ ကျန်ငွေကို အခန်းတွင်နေထိုင်ရင်း လစဉ်ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းသို့ ချေးငွေနှင့် အိမ်ရာများ ရောင်းချပေးခြင်းဖြင့် ဝင်ကျပ် ၇ သိန်း၊ ကျပ် ၈ သိန်း၊ ကျပ် ၁၀ သိန်း ဝန်းကျင်ဝင်ငွေရရှိနေသော မိသားစုများ အိမ်ပိုင်ရရှိလာမည် ဖြစ်သည်။ ယခုအိမ်ရာရောင်းချပေးခြင်းမှာ လူလတ်တန်းစားများဖြစ်သော ကုမ္ပဏီဝန်ထမ်းများကို ရည်ရွယ် ရောင်းချခြင်း ဖြစ်ပြီး အနည်းဆုံး မိသားစုတခုလျှင် လစဉ်ပုံမှန် ဝင်ငွေ ကျပ် ၁၀ သိန်းခန့် ရှိသော သူများ (သို့မဟုတ်) အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် ငယ်များအတွက် ရောင်းချဖြစ်ကြောင်း iMyanmar Hose မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။ The post တိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့်နှုန်းဖြင့် ရန်ကုန်တွင် ရောင်းချနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2KmJx5B
via IFTTT
Source : https://ift.tt/2KmJx5B
via IFTTT
ကမ္ဘာ့ ဝင်ငွေအကောင်ဆုံး ဘောလုံးအသင်းများ ဘဏ္ဍာရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ တခု ဖြစ်တဲ့ Deloitte ရဲ့ လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး Football Money League ဆိုတဲ့ ထုတ်ပြန်ချက် တခုကို မကြာသေးခင်က ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဥရောပ အခြေစိုက် ကလပ် အသင်းတွေရဲ့ ဝင်ငွေ ရရှိမှု အပေါ်ကို အခြေခံပြီးတော့ အချမ်းသာဆုံး အသင်းတွေကို ဖော်ပြထားတာပါ။ အခုနှစ် ၂၀၁၈ ခုနှစ် အတွက် ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး ဘောလုံး ကလပ် အသင်းတွေ အကြောင်း ပြောပြပါမယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ကမ္ဘာ့ အချမ်းသာဆုံး အသင်းပေါင်း ၂၀ ကို ဖော်ပြထားတာ ဖြစ်ပြီး ထူးခြားချက်က အင်္ဂလန် ပရီးမီးယားလိဂ် အသင်းပေါင်း ၁၀ သင်းထိ ပါဝင်နေတာကတော့ ဥရောပ ဘောလုံးလောကကို အင်္ဂလန် အသင်းတွေ လွှမ်းမိုးထားနိုင်ဆဲ ဆိုတာ ပေါ်လွင် နေပါတယ်။ အဆင့် ၂၀ နေရာမှာတော့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန် (Everton) ရှိပါတယ်။ အဲဗာတန်ရဲ့ ပျမ်းမျှ အခုနှစ်ဝင်ငွေ ၁၉၉ ဒသမ ၂ သန်းလောက် ရနေပြီး အနည်းဆုံး ၁၇၁ ဒသမ ၂ သန်းကနေ အများဆုံး ၂၄၄ သန်းလောက်ထိ ရနိုင်နေတာပါ။ အရင်နှစ် ကတော့ အသင်းက ၁၃၀ ဒသမ ၃ သန်းလောက် ဝင်ငွေရခဲ့တယ် လို့ ဆိုပါတယ်။ သူ့အထက် အဆင့် ၁၉ မှာတော့ အီတလီ ကလပ် နာပိုလီ (Napoli) ရှိပြီး နာပိုလီက အခုနှစ် ၁၇၂ ဒသမ ၅ သန်းလောက် ဝင်ငွေ ရပါလိမ့်မယ်။ ဒါပေမယ့် ၂၄၅ ဒသမ ၆ သန်းလောက်ထိအောင်လည်း အများဆုံး ရနိုင်နေတာပါ။ အရင်နှစ်က စီးရီးအေမှာ အဆင့် ၃နဲ့ ရာသီသိမ်းသလို ချန်ပီယံလိဂ် ၁၆သင်း အဆင့်ထိရောက်ပါသေးတယ်။ အခုနှစ်လည်း စီးရီးအေ ဖလား ရယူနိုင်ဖို့ ရှိနေတာကြောင့် ဝင်ငွေ ပိုကောင်းလာနိုင်ပါတယ်။ အဆင့် ၁၈ မှာတော့ အင်္ဂလန်ကလပ် ဆောက်သမ်တန် (Southampton) ရှိပါတယ်။ အသင်းကြီး မဟုတ်ပေမယ့် အခုနှစ် စတာလင်ပေါင် ၂၁၂ ဒသမ ၁ သန်းလောက် ရနိုင်ပါတယ်။ ပထမဆုံး ဝင်ငွေ အကောင်းဆုံး စာရင်းမှာ ပါလာခြင်း ပါ။ ဆောက်သမ်တန်က သူ့ရဲ့ ပွဲတွေကို ရုပ်သံလိုင်းတွေကနေ ပြသခွင့် အတွက် ဝင်ငွေ ကောင်းကောင်းရသွားလို့ အခုလို စာရင်းမှာပါလာတပါ။ Virgin Media နဲ့ ဝတ်စုံစပွန်ဆာ ၂ နှစ်ရလို့ ဝင်ငွေလည်း ကောင်းထားပါတယ်။ အဆင့် ၁၇ မှာက အင်္ဂလန်ကလပ် ဝက်စ်ဟမ်း (West Ham) ရှိနေပါတယ်။ ဝက်ဟမ်းအသင်းက အခုနှစ်မှာ ပေါင် ၂၁၃ ဒသမ ၃ သန်းလောက် ဝင်ငွေ ရနိုင်ပါတယ်။ ဒါတောင် အများဆုံး ၂၆၁ ဒသမ ၃ သန်းလောက်ထိ မျှော်လင့်လို့ ရတာပါ။ အိမ်ကွင်းကိုလည်း London Stadium မှာ အသစ် ပြောင်းကစားတယ်။ ရလဒ်ပိုင်း သိပ်မကောင်းပေမယ့် ဝင်ငွေ ကောင်းနေတာက ထူးခြားချက်ပါ။ အဆင့် ၁၆ အဖြစ် ဂျာမနီ ကလပ် ရှော်ကေး (Schalke) ရှိနေပါတယ်။ ရှော်ကေး အသင်းက အခုနှစ် ဝင်ငွေ ၂၃၀ ဒသမ ၂ သန်းလောက် ရမယ် လို့ ခန်းမှန်းပါတယ်။ ရုပ်သံထုတ်လွှင့်မှုကနေ ဝင်ငွေ အများဆုံး ရထားတာပါ။ ဂျာမနီရဲ့ အသင်းကြီး စာရင်းဝင်ဖြစ်နေလို့ ဝင်ငွေကောင်းနေတယ် လို့ ဆိုရမှာပါ။ အဆင့် ၁၅ မှာက အီတလီကလပ် အင်တာမီလန် (Inter Milan) ရှိပါတယ်။ ဒီနှစ် အတွင်း ပေါင် ၂၆၂ ဒသမ ၁ သန်းလောက် ဝင်ငွေ ရပါလိမ့်မယ်။ အရင်နှစ်ကထက် ဝင်ငွေ ရရှိမှု ၁၃၇ ရာခိုင်နှုန်း တက်လာလို့ တနှစ် အတွင်း ဝင်ငွေ စံချိန်တင် မြင့်တက်မှု စံချိန်တောင် တင်ထားပါတယ်။ အဆင့် ၁၄ အဖြစ် အင်္ဂလန် ကလပ် လက်စတာ စီးတီး (Leicester City) ရှိပါတယ်။ လက်စတာ အနေနဲ့ ၂၀၁၅-၁၆ ခုနှစ်က ချန်ပီယံဖြစ်မှုနဲ့ အတူ ဝင်ငွေ ကောင်းနေဆဲပါ။ အခုနှစ် ပေါင် ၂၇၁ ဒသမ ၁ သန်းလောက် ရပါလိမ့်မယ်။ အထူးသဖြင့် အသင်းငယ် ဖြစ်ပေမယ့် ချန်ပီယံလိဂ် ကစားရလို့ ဝင်ငွေကောင်းနေတာပါ။ အဆင့် ၁၃ အဖြစ် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် (Atlántico Madrid) ရှိပါတယ်။ အက်သလက်တီကို အနေနဲ့ အခုနှစ်မှာ ဝင်ငွေ ပေါင် ၂၇၂ ဒသမ ၅ သန်းလောက် ရမှာပါ။ အရင်နှစ်က အခုထက် ပိုပြီး ဝင်ငွေကောင်းခဲ့ပါတယ်။ အခုနှစ်မှာ အိမ်ကွင်း အသစ် အနေနဲ့ Wanda Metropolitan ကွင်းမှာ ပြောင်းကစားနေတာပါ။ အဆင့် ၁၂ မှာ ဂျာမနီရဲ့ ထိပ်တန်း ကလပ်အသင်း တသင်း ဖြစ်တဲ့ ဘိုရုရှားဒေါ့မန် (Borussia Dortmund) ရှိပါတယ်။ ဘိုရုရှား ဒေ့ါမန်က ဘိုင်ယန်လို အသင်းကို အနီးကပ် စိန်ခေါ်နိုင်တဲ့ တသင်းတည်းသော ဂျာမနီ အသင်းပါ။ အခုနှစ် ပေါင် ၃၃၂ ဒသမ ၆ သန်းလောက် ဝင်ငွေ ရပါလိမ့်မယ်။ Coca Cola နဲ့ ဂျာမနီလေကြောင်းလိုင်း Eurowings တွေနဲ့ အခုနှစ် စပွန်ဆာရလို့ ဝင်ငွေ ပိုကောင်းလာပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရလို့ ဝင်ငွေ ၄၃ သန်းလောက်လည်း တက်လာပါသေးတယ်။ အဆင့် ၁၁ မှာတော့ အခု နောက်ပိုင်း အင်္ဂလန် ပရီးမီးယားလိဂ်မှာ အသင်းကြီး စာရင်း ဝင်ဖို့ ပြင်ဆင်နေတဲ့ တော့တင်ဟန်ဟော့စပါး (Tottenham Hotspur) ရှိပါတယ်။ စပါးအသင်းက အခုနှစ် ဝင်ငွေ ပေါင် ၃၅၅ ဒသမ ၆ သန်းလောက် ရမှာပါ။ အရင်နှစ်က အဆင့် ၂ နဲ့ ရာသီသိမ်းထားတာပါ။ ချန်ပီယံလိဂ်လည်း ဝင်ခွင့်ရထားသလို ရုပ်သံ ထုတ်လွှင့်ခွင့် ကနေလည်း ပေါင် ၇၇ ဒသမ ၈ သန်းလောက် ရထားပါတယ်။ အဆင့် ၁၀ မှာတော့ အီတလီ ထိပ်တန်း ဂျူဗင်တပ် (Juventus) ရှိပါတယ်။ ဂျူဗင်တပ် အနေနဲ့ အခုနှစ် ပေါင် ၄၀၅ ဒသမ ၇ သန်းလောက် ဝင်မှာပါ။ နောက်ဆုံး ၃ နှစ် အတွင်း ချန်ပီယံလိဂ် ဖိုင်နယ်ကို ၂ ကြိမ် တက်ထားနိုင်သူပါ။ စီးရီးအေ ဖလားလည်း ရထားတယ်၊ အီတလီမှာ လူကြိုက်အများဆုံး အသင်း ဖြစ်နေပါပြီ။ အဆင့် ၉ မှာတော့ အင်္ဂလန်ကလပ် လီဗာပူးလ် (Liverpool) ရှိပါတယ်။ လီဗာပူးလ်က တနှစ်အတွင်း ဝင်ငွေ ၄၂၄ ဒသမ ၂ သန်းလောက် ရမှာပါ။ ရုပ်သံထုတ်လွှင်မှုတွေကနေ ဝင်ငွေတွေ ရရှိမှု မြင့်တက်လာနေပြီး နောင်နှစ်တွေမှာပါ အခုထက် ဝင်ငွေ ပိုကောင်းလာနိုင်နေတာပါ။ အဆင့် ၈ မှာတော့ အင်္ဂလန်ကလပ် ချယ်လ်ဆီး (Chelsea) ရှိပါတယ်။ ချယ်ဆီးက အခုနှစ်မှာ ဝင်ငွေ ၄၂၈ သန်းလောက် ရပါလိမ့်မယ်။ ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဖလားလည်း ရလိုက်ပါသေးတယ်။ Carabao လို အဖျော်ရည် ကုမ္ပဏီနဲ့ စပွန်ဆာရလို့ ပေါင် ၁၃၉ ဒသမ ၈ သန်းလောက် ရလိုက်ပါသေးတယ်။ အဆင့် ၇ မှာက ပြင်သစ် အခြေစိုက် ပါရီဆိန့်ဂျာမိန်း (Paris Saint Germain) ရှိပါတယ်။ ပြည်တွင်းမှာတော့ ပီအက်ဂျီ လို့ပဲ ခေါ်ပါတယ်။ ဒီနှစ်ထဲမှာ ဝင်ငွေ ၄၈၆ ဒသမ ၂ သန်းလောက် ရနိုင်ပါတယ်။ အရင်နှစ်က ပြင်သစ်အမှတ်ပေး ဖလား မရပေမယ့် လူကြိုက်များနေဆဲ၊ ဝင်ငွေ ကောင်းနေဆဲပါ။ နာမည်ကျော် ကစားသမား နေမာကို စံချိန်တင် ပြောင်ရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ခေါ်ထားလို့ လူကြိုက်ပိုများ နေတာပါ။ အဆင့် ၆ မှာတော့ အင်္ဂလန်ကလပ် အာဆင်နယ် (Arsenal) ရှိပါတယ်။ အာဆင်နယ်က အခုနှစ် အတွင်း ဝင်ငွေ ၄၈၇ ဒသမ ၆ သန်းလောက် ရနိုင်ပါတယ်။ ၄ နှစ် အတွင်း FA ဖလား ၃ လုံး ရထားပါတယ်။ ဒါပေမယ့် အရင်နှစ်က ချန်ပီယံလိဂ် ဝင်ခွင့် မရလို့ ဝင်ငွေ နည်းနည်း ကျသွားခဲ့ပါတယ်။ အဆင့် ၅ မှာက အင်္ဂလန်ကလပ် မန်ချက်စတာစီးတီး (Manchester City) ရှိပါတယ်။ မန်စီးတီး လို့လည်း ခေါ်တဲ့ ဒီ အသင်းက အခုနှစ် ပေါင် ၅၂၇ ဒသမ ၇ သန်းလောက် ရမှာပါ။ အခုနှစ် ပရီးမီးယားလိဂ် ဖလား ရဖို့ များနေလို့ ဖလားရခဲ့မယ် ဆိုရင် နောက်နှစ်မှာ ဝင်ငွေ ပိုကောင်းလာပါလိမ့်မယ်။ အဆင့် ၄ မှာတော့ ဂျာမနီရဲ့ ထိပ်တန်း ဘိုင်ယန်မြူးနစ် (Bayern Munich) ရှိပါတယ်။ ဘိုင်ယန်မြူးနစ် အနေနဲ့ ဒီနှစ်မှာ ပေါင် ၅၈၇ ဒသမ ၈ သန်းလောက် ရမှာပါ။ အရင်နှစ်က ပေါင် ၂၉၅ ဒသမ ၁ သန်း ရခဲ့ရာကနေ အခုနှစ်မှာ ဝင်ငွေ စံချိန်တင် မြင့်တက်လာတာပါ။ ဂျာမနီ ဘွန်ဒက်လီဂါဖလားကို ၅ နှစ်ဆက် ရထားပါတယ်။ အဆင့် ၃ မှာတော့ စပိန် ထိပ်တန်း ဘာစီလိုနာ (Barcelona) ရှိပါတယ်။ ဘာစီလိုနာက အခုနှစ်မှာ ဝင်ငွေ ၆၄၈ ဒသမ ၃ သန်းလောက် ရမှာပါ။ အရင်နှစ်က အခုစာရင်းမှာ အဆင့် ၂ ကနေ အခုနှစ် ၃ ဖြစ်သွားတာပါ။ နေမာကို ပီအက်ဂျီဆီ ရောင်းလိုက်လို့ ပေါင် သန်း ၂၀၀ ရလိုက်ပေမယ့် ဝင်ငွေ နည်းနည်း ကျသွားပါတယ်။ အဆင့် ၂ မှာတော့ ဘာစီလိုနာရဲ့ အဓိက ပြိုင်ဘက် ရီးရဲမက်ဒရစ် (Real Madrid) ရှိပါတယ်။ ရီးရဲမက်ဒရစ်က အခုနှစ်မှာ ပေါင် ၆၇၄ ဒသမ ၆ သန်းလောက် ရနိုင်ပါတယ်။ အရင်နှစ်က အဆင့် ၃ ကနေ အခု အဆင့် ၂ ဖြစ်လာပါတယ်။ ချန်ပီယံလိဂ်မှာ ၂ နှစ်ဆက်တိုင် အောင်မြင်မှု ရယူနိုင်မှုနဲ့ အတူ ဝင်ငွေ ကောင်းလာတာပါ။ လက်ရှိ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အသင်းကတော့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း မန်ချက်စတာ ယူနိုက်တက် (Manchester United) ဖြစ်ပါတယ်။ မန်ယူက အခုနှစ်ထဲမှာ ပေါင် ၆၇၆ ဒသမ ၃ သန်းလောက် ဝင်ငွေ ရမှာပါ။ ဒါတောင် အများဆုံး ပေါင် ၈၂၇ ဒသမ ၉ သန်း လောက်ထိ မျှော်လင့် ရပါတယ်။ ၂ နှစ်ဆက်တိုက် အခုစာရင်းမှာ အဆင့် ၁ ရပ်တည်နိုင်တာလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဖလား ရယူနိုင်ခဲ့တာနဲ့ အတူ ရုပ်သံထုတ်လွှင့်မှုတွေ ကနေ ဝင်ငွေ ပိုကောင်း လာတယ် လို့ သိရပါတယ်။ Ref: www.businessinsider.com The post ကမ္ဘာ့ ဝင်ငွေအကောင်ဆုံး ဘောလုံးအသင်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2r5Xb4P
via IFTTT
Source : https://ift.tt/2r5Xb4P
via IFTTT
ကမ္ဘာဖျက် အနန္တစစ်ပွဲ (သို့မဟုတ်) “Avengers: Infinity War” ကမ္ဘာတဝှမ်းမှာ လူစိတ်ဝင်စားမှု အများဆုံးနဲ့ လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Avengers: Infinity War” ရုပ်ရှင်ကတော့ Marvel Comics ကာတွန်းရဲ့ စူပါဟီးရိုးအဖွဲ့ Avengers ကို အခြေခံထားတဲ့ အမေရိကန်စူပါဟီးရိုး ရုပ်ရှင်တခုဖြစ်ပါတယ်။ Marvel Studios က ထုတ်လုပ်ထားပြီး Walt Disney Studios Motion Pictures က ဖြန့်ဖြူးပေးထားတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရဲ့ The Avengers နဲ့ ၂၀၁၅ ခုနှစ်ရဲ့ Avengers: Age of Ultron ရုပ်ရှင်တို့ရဲ့ အဆက်ဖြစ်ပြီး Marvel Cinematic Universe (MCU) ရဲ့ ၁၉ ခုမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒါရိုက်တာတွေက ညီနှောင် နှစ်ဦးဖြစ်တဲ့ Anthony နဲ့ Joe Russo တို့ ဖြစ်ပြီး သရုပ်ဆောင်တွေ အဖြစ် Robert Downey Jr., Chris Hemsworth, Mark Ruffalo, Chris Evans, Scarlett Johansson, Benedict Cumberbatch, Don Cheadle, Tom Holland, Chadwick Boseman, Paul Bettany, Elizabeth Olsen, Josh Brolin နဲ့ Chris Prattတို့က ဦးဆောင်ပါဝင်ထားကြပါတယ်။ စကြာဝဠာကို စတင် ဖြစ်ပေါ်စေခဲ့တဲ့ Big Bang အချိန် မတိုင်မီကတည်းက ဖြစ်တည်ခဲ့တဲ့ စွမ်းအားမြင့် Infinity Stone တွေကို လိုက်လံရှာဖွေနေတဲ့ ဗီလိန်ကြီး Thanos ကို ရပ်တန့်ဖို့ Avenger အဖွဲ့နဲ့အတူ Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းခဲ့ကြပုံကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကို စကော့တလန်၊ အင်္ဂလန်၊ အတ္တလန္တာမြို့နဲ့ နယူးယောက် စီးတီးတို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ နဲ့ ၄၀၀ ကြားရှိပြီးတော့ ဖန်တီးခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲမှာ ကုန်ကျစရိတ် အမြင့်ဆုံး ရုပ်ရှင်တခု ဖြစ်ပြီး MCU အတွက်လည်း ကုန်ကျစရိတ် အမြင့်ဆုံး ဖြစ်ပါတယ်။ ရုပ်ရှင်အထူးပွဲကို ဧပြီလ ၂၃ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်မှာ ကမ္ဘာတဝန်း ပြသပါတယ်။ ကမ္ဘာတဝန်း ခန့်မှန်း ဝင်ငွေ ဒေါ်လာ ၉၅ သန်းရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ အကောင်းမြင်ဝေဖန်ချက်တွေကိုလည်း ရရှိထားပါတယ်။ ရုပ်ရှင်ထဲမှာ ဗီလိန် Thanos အဖြစ် ပါဝင်ထားတဲ့ Brolin ၊ အထူးပြုလုပ်ချက်၊ ဇာတ်လမ်းရဲ့ ခံစားသက်ဝင်မှု တို့ကို ချီးကျူး ထားပေမယ့် ရုပ်ရှင်ကြာချိန်နဲ့ တချို့ဇာတ်ရုပ်တွေကို အနည်းအကျဉ်းသာ ပုံဖော်ထားတာကိုတော့ ဝေဖန်ခဲ့ကြပါတယ်။ နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း (Spoiler Alert) အရင်ဆုံး Infinity Stone အမျိုးအစားတွေကို ရှင်းပါ့မယ်။ အမျိုးအစား ၆ မျိုးရှိပြီး စကြာဝဠာအနှံ့ ပျံ့နှံ့ တည်ရှိပါတယ်။ အပြာရောင်ရှိတဲ့ Space Stone, အဝါရောင်ရှိတဲ့ Mind Stone, အနီရောင်ရှိတဲ့ Reality Stone, ခရမ်းရောင်ရှိတဲ့ Power Stone, အစိမ်းရောင်ရှိတဲ့ Time Stone နဲ့ လိမ္မော်ရောင်ရှိတဲ့ Soul Stone တို့ ဖြစ်ပါတယ်။ အဲဒီ Infinity Stone တွေကို Titan ဂြိုဟ်သား Thanos လိုက်လံရှာဖွေရှာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ Asgard တိုင်းပြည်ကြီး ဖျက်ဆီးခံလိုက်ရတဲ့နောက်ပိုင်းမှာ Xandar ဂြိုဟ်ကနေ Power Stone ကို ရရှိခဲ့ပြီး ဖြစ်တဲ့ Thanos နဲ့ သူ့ရဲ့မွေးစားကလေးတွေဖြစ်တဲ့ Cull Obsidian, Ebony Maw, Proxima Midnight နဲ့ Corvus Glaive တို့ဟာ အသက်ရှင်လွတ်မြောက်လာတဲ့ Asgard တိုင်းသူပြည်သားတချို့ ပါဝင်လာတဲ့ ယာဉ်ပျံကို ဝင်စီးပြီး Tesseract တုံးထဲမှာရှိတဲ့ Space Stone ကိုထုတ်ယူဖို့ ကြိုးစားပါတော့တယ်။ Thor, Loki နဲ့ Hulk တို့ကလည်း သူ့ကို တားဆီးဖို့ရာ ဘယ်လိုမှမစွမ်းသာတော့ပါဘူး။ Asgard တိုင်းပြည်ရဲ့ စောင့်ကြပ်ရေးမှူး Heimdall က Hulk ကို ကမ္ဘာဆီပြန်ပို့လိုက်ပေမယ့် အသတ်ခံလိုက်ရပါတယ်။ Thanos ဟာ Loki ကို သတ်ခဲ့ပြီးတော့ ယာဉ်ကို ဖျက်စီးပစ်ခဲ့ပါတယ်။ ကမ္ဘာကို ပြန်ပို့ခံလိုက်တဲ့ Hulk ကတော့ နယူးယောက် စီးတီးမှာရှိတဲ့ Dr.Strange ဆီကို ရောက်သွားခဲ့ပြီး စကြာဝဠာ တဝက်ကို ဖျက်ဆီးတော့မယ့် Thanos ရဲ့ အကြံကို ပြောပေးခဲ့ပါတယ်။ Bruce Banner (Hulk) ရဲ့ သတိပေးချက်ကြောင့် Dr.Strange ဟာ Iron Man ဖြစ်တဲ့ Tony Starks ကို လူစုပြီး Thanos နဲ့ Infinity Stone တွေအကြောင်း ပြောလိုက်တဲ့အချိန်မှာပဲ Thanos ရဲ့ ကလေးတွေ ဖြစ်တဲ့ Maw နဲ့ Obsidian တို့ရောက်လာပြီး Dr.Strange ပိုင်ဆိုင်တဲ့ Time Stone ကို အပိုင်သိမ်းဖို့ ရောက်လာပါတော့တယ်။ အဲဒီ့နောက်မှာ Maw က Strange ကို ဖမ်းသွားလို့ Stark နဲ့ ပင့်ကူလူသား တို့က အာကာသယာဉ်ပေါ်ကနေ ကပ်ပြီးလိုက်သွားခဲ့ပါတယ်။ Banner ကတော့ အခြား Avenger အဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။ စကော့တလန်မှာတော့ အေးအေးလူလူ ဘဝကိုဖြတ်သန်းနေတဲ့ Vision နဲ့ Wanda Maximoff တို့ကို Midnight နဲ့ Glaive တို့က ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ Steve Rogers, Natasha Romanoff နဲ့ Sam Wilson တို့က ကယ်ခဲ့ရပါတယ်။ အဲဒီနောက် Avenger ဌာနချုပ် မှာ James Rhodes တို့ဆီသွားရောက်ခဲ့ကြပါတယ်။ သူ့နဖူးမှာရှိတဲ့ Mind Stone ကို Thanos မရစေဖို့ သူ့ကိုသူ စတေးပြီး ဖျက်ဆီးပစ်မယ်လို့ Vision က ပြောပေမယ့် Wanda ကလက်မခံခဲ့ပါဘူး။ အဲဒီနောက် Steve က ဝါကန်ဒါနိုင်ငံကို သွားပြီး Vision မသေစေဘဲ Stone ကို ဖျက်ဆီး နိုင်မယ့် နည်းလမ်းတွေကို သွားရောက်ရှာဖွေခဲ့ပါတော့တယ်။ တဖက်မှာတော့ Guardians of the Galaxy အဖွဲ့သားတွေဟာ Thor ကို ကယ်တင်ခဲ့ပြီး Thanos က Reality Stone ကို ရှာနေပြီဆိုတာ သိတဲ့အတွက် လူစုခွဲပြီး ထွက်ခဲ့ကြပြီး အဖွဲ့ထဲက Rocket နဲ့ Groot က Thor နဲ့အတူ Thanos ကို သတ်နိုင်မယ့် လက်နက် Strombreaker ကိုဖန်တီးဖို့ Nidavellir ကို သွားခဲ့ကြပါတယ်။ တဖက်မှာလည်း Peter Quill, Gamora, Drax နဲ့ Mantis တို့ဟာ Knowhere ဆိုတဲ့ဂြိုဟ်ကို Reality Stone အရှာ ထွက်ခဲ့ကြပါတယ်။ အဲဒီနောက် သူ့ရဲ့ မွေးစားသမီးဖြစ်တဲ့ Gamora ကို Thanos က ပြန်ပေးဆွဲပြီး Vormir ဂြိုဟ်မှာ သူချစ်ရတဲ့မွေးစားသမီးကို စတေးပစ်ကာ Soul Stone ကို ယူခဲ့ပါတော့တယ်။ အဲဒီနောက် Titan ဂြိုဟ်မှာ Time Stone နဲ့အတူ ရှိနေတဲ့ Dr.Strange က ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်သန်း ပေါင်း များစွာ ကို ကြည့်ရှုခဲ့ပေမယ့် Thanos ရှုံးနိုင်တဲ့ အနာဂတ် တခုကိုသာ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် သူတို့အဖွဲ့ဟာ Thanos ကို ရင်ဆိုင်ပြီး Infinity Gauntlet ဆိုတဲ့ Stone တွေထည့်တဲ့ လက်အိတ်ကို ချွတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Gamora သေပြီလို့ သိလိုက်ရတဲ့ Quill ကြောင့် Stark မှာ ဓါးချက်ထိခဲ့ပြီး Dr. Strange က Time Stone ကို Thanos ထံ လွှဲပေး ခဲ့ပါတယ်။ ကမ္ဘာမြေပေါ်မှာတော့ Avengers အဖွဲ့က Black Panther တို့ တိုင်းပြည် ဝါကန်ဒါကို ရောက်လာခဲ့ပြီး Vision ရဲ့ နဖူးပေါ်က Mind Stone ကို အန္တရာယ်ကင်းကင်း ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းပါတယ်။ အဲဒီအချိန်မှာပဲ Midnight, Obsidian နဲ့ Glaive တို့က ဝါကန်ဒါဆီကို သောင်းနဲ့ချီတဲ့တပ်သားတွေနဲ့အတူ ရောက်လာပြီး Mind Stone ကို လာလုဖို့ ကြိုးစား ပါတော့တယ်။ Thanos ရဖို့ ကျန်နေတဲ့ နောက်ဆုံး Mind Stone ကို ရသွားမှာလား။ Captain America (Steve Rogers) ဦးဆောင်တဲ့ အဖွဲ့က တားဆီးနိုင်မှာလား။ Titan ဂြိုဟ်ပေါ်ရောက်နေတဲ့ Iron Man တို့အဖွဲ့ကရော ဇာတ်သိမ်းလှမှာလား။ Thanos ရဲ့ မူရင်းအကြံအစည်ဖြစ်တဲ့ စကြာဝဠာတဝက်ကို ချေမွဖို့ ဖြစ်လာနိုင်ပါ့မလားဆိုတာကို လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Avengers: Infinity War” ရုပ်ရှင်မှာ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ The post ကမ္ဘာဖျက် အနန္တစစ်ပွဲ (သို့မဟုတ်) “Avengers: Infinity War” appeared first on ဧရာဝတီ.
Source : https://ift.tt/2FpafGF
via IFTTT
Source : https://ift.tt/2FpafGF
via IFTTT
After Shock သက်သက်ပဲ စိုးရိမ်ပူပန် မနေဖို့ တိုက်တွန်းချင်တယ် ၂၀၁၈ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှုမှာ လေးလအတွင်း အကြိမ် ၇၀ ကျော် ထိ ရှိလာသည့်အတွက် ပြည်သူလူထု အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက် ရှိသည်။ သို့ဖြစ်ရာ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် ဘူမိဗေဒပညာရှင် တဦးလည်းဖြစ် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကလည်းဖြစ်သူ ဒေါ်လှလှအောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး။ ။ လက်ရှိမှာ နေ့တိုင်းနီးပါး လှုပ်ခတ်နေတဲ့ ငလျင်တွေက ဆက်စပ်မှုတွေ ရှိပါသလားရှင့်။ ဖြေ။ ။ ငလျင်တွေ ဆက်စပ်မှုက ဇန်နဝါရီလ ၁၂ ရက်လောက်က စပြီး လှုပ်တဲ့ ပဲခူးရိုးမ ငလျင်တော့ ရှိတယ်။ ပဲခူး ရိုးမ ငလျင်ဆိုရင်သူ့ရဲ့ ဗဟိုချက်က ဖြူးရဲ့ အနောက်၊ အနောက်တောင်ဘက် ၂၉ မိုင်အကွာလို့ ပြောတယ်။ နေရာကို ကြည့်လိုက်တဲ့ အခါ အဲဒီမှာ ဘယ်ပြတ်ရွေ့က လှုပ်လဲဆိုတော့ ပဲခူးရိုးမမှာ ပြတ်ရွေ့တွေက အများကြီးပဲ။ အဲဒီ ပြတ်ရွေ့တွေ အများကြီးထဲမှာ တခုက ပြောင်းပြန်ပြတ်ရွေ့ ဒီလိုအထက်အောက် လှုပ်တာမှာ ပြောင်းပြန် ပြန်သွား တဲ့ ပုံစံနဲ့ ငလျင်လှုပ်သွားတဲ့ အခါကျတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရှိဘူး။ ရိုးမထဲမှာ ဆိုတော့ ရိုးမကလည်း သိတဲ့အတိုင်း တောင်မြောက် ဆိုရင် မိုင် ၄၀၀၊ အရှေ့အနောက် ဆိုရင် မိုင် ၄၀ ရှည်လည်း ရှည်တယ်။ ကျယ်လည်း ကျယ်တယ်။ တောင်တွေနဲ့ သစ်ပင်တွေပဲ ရှိတယ်။ တောထူထပ်တယ်။ အဲဒီလို နေရာမှာ ငလျင်လှုပ်တာဆိုတော့ လှုပ်သွားတော့ သိပေမယ့် အိမ်တွေ ပျက်ဆီးတာ လူသေကြေတာ မရှိဘူး။ အဲဒီဒဏ်ကိုတော့ ခံစားရတာတွေ ရှိတယ်။ အနှံ့အပြား အကုန်လုံးကို ရောက်သွားစေ ၏တယ်။ အသေအပျောက် မရှိဘူး ဆိုတော့ နည်းနည်းတော့ သက်သာတယ်လို့ ပြောရတာပေါ့။ ဒါပေမယ့် ဘာလဲ ဆိုတော့ သူ့ငလျင်ဗဟိုက တောင်ပေါ်မှာ လှုပ်သွားတာဆိုတော့ တောင်ပေါ်မှာ ငလျင်လှုပ်လို့ ရှိရင် သူကထွက် လာတဲ့ ငလျင်လှိုင်းတွေက ၄ မျိုးလောက်ရှိတယ်။ အဲဒီလှိုင်းတွေက အင်အားပိုကြီးသွားတယ်။ မူလလှုပ်တဲ့ နှုန်းက ၆ ဒသမ ၀ ဆိုရင် တောင်ပေါ်မှာ လှုပ်တဲ့နှုန်းက ပိုပြီးကြီးသွားတယ်။ ပိုပြီးကြီးတော့ ပိုခါတယ်။ အဲဒါကြောင့် လည်း တနိုင်ငံလုံး ခံစားရတဲ့ သဘောဖြစ်သွားတယ်။ နောက်အဲဒါလှုပ်ပြီးတဲ့ အခါကျတော့ after shock လို့ ခေါ်တဲ့ ငလျင်တွေက အဲဒီနေရာမှာ ဆက်ပြီးလှုပ်သွားတယ်။ အင်အားတွေက ၅ ဒသမ၈၊ ၅ ဒသမ ၃ ဆက်တိုက် လှုပ်သွားတော့ ငလျင်ရဲ့ အင်အားဟာ ၆ ဒသမ ၀ ပဲ ဆိုပေမယ့်လို့ အရမ်းကို အင်အားကြီးသွားတယ်။ After Shock တွေကလည်း ဆက်တိုက်လိုက်လာတယ်။ အထူးသဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့က လှုပ်တယ်ဆိုရင် ၁၃ ရက်နေ့ ရန်ကုန်မှာ လာလှုပ်တယ်။ အဲဒါပြီးတဲ့အခါကျတော့ မတ်လ ၈ ရက်နေ့မှာ နေပြည်တော်ကို လှုပ်တာတောင် မဟုတ်ဘူး။ နေပြည်တော်ရဲ့ အနောက်ဘက် မြို့မထဲမှာပဲ ၁၂ မိုင်လောက်ပဲ ဝေးတယ်။ နေပြည်တော်နဲ့ တော်တော်နီးတော့ နေပြည်တော်မှာဆိုရင် ဝန်ထမ်းအိမ်ရာတွေ ဘာတွေ ခါပြီးသွားတာ တွေ့တယ်။ အချို့ဆို လန့်ပြီး ပြေးကြတယ်။ အခုလှုပ်နေတဲ့ ငလျင်တွေရဲ့ သဘာဝက နည်းနည်းလေးထူးခြားတယ်။ မနက်ပိုင်းကိုပဲ လှုပ်တာ များတယ်။ အချို့ နေပြည်တော်အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ဘုရားတွေလည်း ပျက်ဆီးတယ်လို့ သိရတယ်။ သူ့ရဲ့ after shock က အဲဒီလောက်နဲ့ မပြီးသေးဘဲနဲ့ တခါတလေကျရင် နဂိုမူလနေရာကိုလည်း ပြန်လာလှုပ်တယ်။ အဲဒီလိုလှုပ်တဲ့အခါ ပထမတုန်းက လှုပ်တာ ၁၀ ကီလိုမီတာဆိုရင် အဲဒီလိုလှုပ်တဲ့ဟာက ၃၀ ကီလိုမီတာ နည်နည်းနက်သွားတယ်။ အဲဒီတော့ ဗဟိုချက်က အထဲရောက်သွားတော့ သိပ်ပြီး မသိသာတော့ဘူး။ အဲဒီလို အကြိမ်ကြိမ် လှုပ်ပြီးတဲ့အခါကျတော့ ရန်ကုန်မှာ သင်္ကြန်တွင်း ၁၃၊ ၁၄၊ ၁၅ တောက်လျှောက်မှာ လှုပ်တယ်။ အဲဒီလို လှုပ်ပြီးတဲ့အခါ ၁၈ ရက်နေ့ကျတော့ တွံတေးမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဗဟိုပြုပြီး ငလျင်တခု လှုပ်လိုက်တယ်။ အဲဒီငလျင်ရဲ့ တုန်ခါမှုက အရမ်းပြင်းတယ်လို့ လူတိုင်းလည်း သိသိသာသာခံစားရတယ်။ ရန်ကုန်မြို့က လူတိုင်းလည်း သိသွားတယ်။ မေး ။ ။ After Shock ဆိုပေမယ့် ဘာကြောင့် နေရာအနှံအပြားမှာ လှုပ်ခတ်နေတာလဲရှင့်။ ဖြေ။ ။ အဲဒီလိုဟာတွေ ဖြစ်နေတယ်ဆိုတာ ဘာကြောင့်လဲ ဆိုရင် ပဲခူးရိုးမမှာ ဖြစ်သွားတဲ့ ငလျင်ရဲ့ After Shock တွေကြောင့် ဖြစ်သွားတာ သူရဲ့ အင်အားက အစောက ပြောသလို တောင်ပေါ်မှာ လှုပ်တဲ့အခါ မူလထက်ပိုပြီး အင်အားကြီးသွားတဲ့ အခါကျတော့ မူလထက်ကို ပိုပြီး အင်အားတွေက နေရာအနှံ့အပြားကို ရောက်သွားစေတယ်။ ရောက်တဲ့အခါမှာလည်း ဗရမ်းဗတာတွေ ရောက်တာ အားလုံးနားလည်အောင် ပြောရရင် ပြတ်ရွေ့တွေရှိတဲ့အတိုင်း ပြတ်ရွေ့ရဲ့ လားရာအတိုင်း ရောက်သွားတာ။ သူ့ရဲ့ ပြတ်ရွေ့က တောင်နဲ့ မြောက်ရှိ တာကိုး။ ပဲခူးရိုးမကလည်း တောင်နဲ့မြောက်ရှိတာဆိုတော့ မြောက်ဘက်ဆို နေပြည်တော်ရောက်သွားတယ်။ တောင်ဘက်ဆို ရန်ကုန်ရောက်သွားတယ်။ ပြတ်ရွေ့တခုကကျတော့ ကန့်လန့် ဆိုတော့ ပြည်ဘက်လည်း ရောက်တယ်။ အဲဒီလိုဖြစ်တော့ ဒေသဝန်းကျင်ကြီးတခုလုံးက မငြိမ်မသက်ဖြစ်ပြီး ဆက်တိုက် လှုပ်နေတာပေါ့။ အဲဒီလို လှုပ်နေရာက ၂၀၊ ၂၁၊ ၂၃ သုံးရက်လောက်ကတော့ မူလငလျင် ဗဟိုရဲ့ နေရာမှာပဲ ဖြူးမြို့ရဲ့ အနောက် တောင်ဘက်ကိုပဲ မိုင် ၂၀ အကွာဖြစ်လိုက် ၂၃ မိုင်အကွာဖြစ်လိုက်၊ ၂၆ မိုင်အကွာဖြစ်လိုက်နဲ့ နေရာလေးတွေ နည်းနည်းပြောင်းပြီးတော့ After Shock တွေက နေ့တိုင်းလိုလို ဖြစ်နေတယ်။ အစောက ပြောခဲ့တဲ့ အင်အားဘယ်လောက် ပြင်းသွားလဲဆိုရင် ယနေ့အချိန်အထိ After Shock တွေ ဖြစ်နေတယ်။ After Shock တွေရဲ့ ပမာဏက ဘယ်လောက်ဖြစ်လဲ ဆိုရင် ၅ ဒသမ ၃၊ ၅ ဒသမ ၁၊ ၄ ဒသမ ၈၊ အနက်က ၁၀ ကီလိုမီတာ။ ဒါတွေက ပဲခူးရိုးမငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့။ ဒါကြောင့်မို့လည်း လူတွေ အားလုံး လန့်သွားတာပေါ့။ မေး။ ။ အစောပိုင်း ပြောသွားတဲ့အတိုင်းဆိုရင် ငလျင်တွေက ဆက်လှုပ်နိုင်ဦးမယ်လို့ ယူဆလို့ရမလားရှင့်။ ဖြေ။ ။ နောက်လှုပ်ဖို့ အနေအထားရှိလားလို့ မေးရင် သူကတော်တော်ကို အရမ်းကို active ဖြစ်နေတယ်။ ပြတ်ရွေ့က နေ့တိုင်းလှုပ်နေတော့ တည်ငြိမ်အောင် ခုခံအားတွေ အတော်နည်းနေတယ်လို့ ပြောလို့ ရတယ်။ ပြတ်ရွေ့တွေက တည်ငြိမ်နေရင် Friction (ပွတ်တိုက်အား) တွေက တင်းနေတယ်။ အရမ်းလှုပ်နေရင် Friction (ပွတ်တိုက်အား) တွေ တော်တော်လျော့တဲ့ သဘောရှိတယ်။ အဲဒီ တော့ တချိန်ချိန်မှာ တကယ်လို့ ပိုပြီး အင်အား ကြီးတဲ့ ငလျင်လှုပ်နိုင်ဖို့လည်း ရှိနိုင်တယ်လို့ ယူဆမိတယ်။ အဲဒီလိုစိုးရိမ် ရတယ်ပေါ့နော်။ ဒါပေမယ့်လည်း အဲဒီလို ပြောလိုက်ရင် လူတွေက အရမ်းစိုးရိမ်သွားနိုင်တယ်။ ပိုပြီး အင်အားကြီးတဲ့ ငလျင်မလှုပ်နိုင်ဘူးလို့လည်း ပြောနိုင်ပါတယ်။ မလှုပ်ဘဲနဲ့ ရပ်ချင်ရပ်သွားနိုင်တယ်။ ခန့်မှန်း လို့တော့ မရဘူးကိုး။ အဲဒီတော့ ဒါကို သတိထား ရမယ့် အနေအထား ရှိတယ်လို့ပဲ ပြောနိုင်ပါတယ်။ မေး။ ။ ဒီလိုဆိုရင် ဖြစ်နိုင်ချေက နှစ်မျိုးလုံးပဲလားရှင့်။ ဖြေ။ ။ လှုပ်နိုင်ချေလည်းရှိတယ်။ မလှုပ်ဘဲနဲ့ After Shock က လှုပ်နေရာကနေ တဖြည်းဖြည်း၊ တဖြည်းဖြည်း အင်အားလျော့သွားပြီး ရပ်သွားနိုင်တယ်။ သေသေချာချာဘယ်နေ့ ဘယ်ချိန်မှာ ငလျင်လှုပ်မယ်လို့ ပြောလို့ လည်း မရပါဘူး။ ခန့်မှန်းလို့လည်း မရနိုင်ပါဘူး။ မေး။ ။ လှုပ်နိုင်ချေရှိတယ်ဆိုရင် ဘယ်လိုနေရာတွေက လှုပ်နိုင်ချေရှိလဲ။ ဘယ်ပြတ်ရွေ့က ပိုလှုပ်နိုင်ချေများလည်း ဆိုတာကိုရော တွက်ချက်လို့ရပါလား။ ဖြေ။ ။ တခုရှိတာက Main Shock ကိုတော့ မပိုဘူး။ After shock က အမြဲ Main Shock ထက်နည်းတယ်။ နောက် ၅ဒသမ ၃ လောက်လှုပ်တယ်ဆိုရင် ၅ ဒသမ ၆၊ ၅ ဒသမ ၉ လောက်အထိတော့ လှုပ်နိုင်ခြေရှိတယ်ဆိုတာက သဘောတရားကို ပြောတာ။ လှုပ်ကိုလှုပ်မယ်ဆိုတဲ့ သဘောကိုတော့ အာရုံမစိုက်စေချင်ဘူး။ နေ့တိုင်းလို လှုပ်နေတာကိုတော့ ပိုပြီး သတိထားသင့်တယ်ပေါ့။ မေး။ ။ ဘယ်မြို့တွေအနေနဲ့ ပိုပြီး သတိထားသင့်သလဲ။ ဖြေ။ ။ အစောကလည်း ပြောထားတာရှိတယ်။ ပြတ်ရွေ့တွေရဲ့ အနေအထားက တောင်မြောက်လည်း ရှိတယ်။ အရှေ့ အနောက်လည်း ရှိတယ်။ သူသွားမယ့် Stress က တောင်မြောက်သွားမှာလား။ ကန့်လန့်ဖြတ်ပြီး အရှေ့တောင်၊ အရှေ့မြောက်သွားမှာလားဆိုတာ သူတို့ရဲ့ သဘာဝတွေကလည်း အမျိုးမျိုး ရှိတယ်ဆိုတော့ သတိထားရမယ်ဆိုတဲ့ အနေအထားကို ပြောရရင် ပဲခူးရိုးမကြီးရဲ့ တခုလုံးရော၊ ရန်ကုန်ရော စစ်ကိုင်းပြတ်ရွေ့ ကြီးပေါ်မှာ ရှိတဲ့ မြို့တွေရော အနောက်ဘက်က ဇီးကုန်းတို့ဘာတို့ ဒီဝန်းကျင်ကြီး တခုလုံးက သတိထားပြီး နေသင့်တယ်။ မေး။ ။ ငလျင်နဲ့ ပတ်သက်ပြီး အတိအကျ ပြောလို့ မရဘူးဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး ခန့်မှန်းဖို့က နည်းပညာ အခြေအနေ၊ ကျွမ်းကျင်မှုတွေက ရော ဘယ်လိုရှိပါလဲ။ ဖြေ။ ။ အဲဒါကတော့ ငလျင်ကော်မတီက ရှိတဲ့ Geologist (ဘူမိဗေဒ ပညာရှင်) တွေရှိတယ်။ အင်ဂျင်နီယာတွေ ရှိတယ်။ အားလုံးက သုတေသနတွေ လုပ်နေတယ်။ နောက်တခုက အစောက ပြောသလို အခြားတိုင်းပြည်က အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေတော့လည်း သုတေသနကောင်းတွေလည်းရှိတယ်။ အဲဒီလိုလုပ်နေတဲ့အတွက် အကုန်လုံးက တကယ့်ကို ငလျင်ပညာရှင်တွေ နီးပါး ရှိပါတယ်။ မေး။ ။ ဒါဆိုရင် အနီးစပ်ဆုံး ခန့်မှန်းနိုင်စွမ်းရှိမလား။ ဖြေ။ ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ ရှိတယ်လို့တော့ ပြောလို့မရဘူး။ ငလျင်နဲ့ ပတ်သက်လို့ ငလျင်ဆိုတဲ့ သဘော တရားက အင်မတန်သိမ်မွေ့တယ်။ ငလျင်တခု လှုပ်ဖို့က ပါဝင်တဲ့ အချက်အလက်တွေက အများကြီးပဲ။ ဥပမာ အနေနဲ့ ပြောရင် ပြတ်ရွေ့အနေအထား၊ ပြတ်ရွေ့ရဲ့ Stress၊ ဒီပြတ်ရွေ့က ကျောက်သား အမာထဲမှာလား။ ကျောက်သား အပွထဲမှာ ရှိလား။ ဘေးမှာ ရှိနေတဲ့ ကျောက်တွေရဲ့ အမျိုး အစား၊ ပြတ်ရွေ့တစ်ခုလှုပ်သွားအောင် ပေးနိုင်တဲ့အင်အားလည်း လိုအပ်တယ်။ ငလျင်တစ်ခုလှုပ်ဖို့ဆိုတာက ပါဝင်တဲ့ အချက်အလက်တွေများတဲ့အတွက် ငလျင်ဆိုတာကို ခန့်မှန်းလို့မရတာ။ တကယ်လို့ ဒီငလျင်နဲ့ ပတ်သက်လို့ လေ့လာနေတဲ့သူတွေရော၊ နိုင်ငံခြားမှာ ရှိတဲ့ ငလျင် ပညာရှင်တွေ အားလုံးက ဒီဟာကို သိတယ်။ နားလည် တယ်။ ခန့်မှန်းနိုင်မယ်ဆိုရင် ကမ္ဘာမှာ ငလျင်လှုပ်နေတာတွေ ကြောင့် ပျက်ဆီးတာတွေ ရှိမှာ မဟုတ်ဘူး။ အခု ဖြစ်သွားခဲ့ဖူးတဲ့ ၂၀၁၁ ဂျပန် အရှေ့ဘက်ကမ်းရိုးတမ်းမှာ လှုပ်သွားတဲ့ ငလျင်ဆိုရင် လူပေါင်း ၁၀၀၀၀ လောက် သေတယ်။ ဆူနာမီတက်လာလို့၊ အင်ဒိုနီးရှားဆိုရင် မနေ့တနေ့ကလည်း လှုပ်နေတယ်။ ဆူနာမီတော့ မရှိဘူး။ အီတလီမှာလည်း ၂၀၁၆ ခုနှစ်မှာလှုပ်တယ်။ ၂၀၁၇ မှာ မက္ကဆီကိုမှာ လှုပ်တယ်။ လူတွေသေတယ်။ ကလေးတွေ သေတယ်။ အဲဒီလိုဟာမျိုးတွေက ဒီကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ ခုချိန်အထိကတော့ ဘယ်လိုမှ မခန့်မှန်းနိုင်သေးဘူး။ ဒါပေမယ့် တိုးတက်တဲ့ တိုင်းပြည်တွေမှာ နည်းပညာတွေ ကြွယ်ဝလာ တယ်။ GPS တို့ Global Navigation Satellite System (ကမ္ဘာလုံးဆိုင်ရာ ဂြိုလ်တုအညွှန်းစနစ်) တို့ ရှိတယ်။ သူများ နိုင်ငံ တွေမှာတော့ နီးစပ်တဲ့ အနေအထားတော့ ရှိနေပါပြီ။ တီချယ်တို့ မြန်မာနိုင်ငံမှာက သိတဲ့ အတိုင်းပဲ နည်းပညာအားနည်းတယ်ဆိုတဲ့ အခါ မြန်မာနိုင်ငံမှာတော့ မလွယ်သေးပါဘူး။ မေး ။ ။ ပြည်သူလူထုအနေနဲ့ရော ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာ လုံလုံလောက်လောက်ရှိတယ်လို့ ထင်လားရှင့်။ ဖြေ။ ။ အသိပညာကတော့ နည်းတယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့ ငလျင်ပေါ်မှာ အာရုံစိုက်ပြီး မနေနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ အနေအထားက ကြွယ်ဝချမ်းသာခြင်း မရှိဘူး။ အများပြည်သူ ရန်ကုန်၊ မန္တလေး၊ မြို့ကြီးတွေကို ဖယ်ထားလိုက် ကျေးရွာတွေ၊ ဝေးလံတဲ့ အရပ်တွေမှာ ရှိနေတဲ့ နေရာတွေမှာ သူတို့ရဲ့ စားဝတ်နေရေးကိုပဲ အာရုံစိုက်နိုင်တယ်။ မနက်၊ ည စားနိုင်ဖို့ပဲ အာရုံစိုက်နိုင်တယ်။ ဒီလိုဟာမျိုးတွေကို လေ့လာအာရုံစိုက်ဖို့ သူတို့မှာ နည်းတယ်။ အခုဆိုလို့ရှိရင် တော်တော်များများတော့ သိလာတယ်။ မြို့ကြီးတွေပေ့ါ။ ဘာလို့လည်းဆိုရင် ငလျင်ကော်မတီကလည်း သွားပြီး ဟောပြောတာရှိတယ်။ အခြား INGO အဖွဲ့အစည်းတွေကလည်း ဟောပြောနေတာရှိတယ်။ ဟောပြောတဲ့အရပ်ကို ရောက်တဲ့သူလောက်ပဲ သိနိုင်တယ်။ ကျေးရွာတွေက မသိနိုင်ဘူး။ ဟောပြောတယ်ဆိုတာက မြို့တွေလောက်ပဲ အရမ်းကို ဝေးလံတဲ့နေရာတွေ မရောက်နိုင်တော့ အသိပညာ အနေနဲ့ နည်းပါသေးတယ်။ ဒါပေမယ့် ဟိုအရင်တုန်းထက်စာရင် တော်တော်လေးတော့ မဆိုးပါဘူး တတ်နိုင်သလောက်တော့ သိသွားပါပြီ။ မေး ။ ။ မြို့ကြီးတွေမှာလည်း လူထုအနေနဲ့တော့ ပေါ့ပေါ့ဆဆနေကြတယ်လို့ ထင်ကြတာလည်း ရှိတယ်။ ဘယ်လိုမျိုး မြင်မိပါသလဲရှင့်။ ဖြေ။ ။ လူတွေရဲ့ စားဝတ်နေရေး၊ သေချာစဉ်းစားကြည့် ရန်ကုန်မြို့မှာတောင်မှ သိတယ်ဆိုတဲ့သူက အဲဒါနဲ့ ဆက်စပ်နေတဲ့သူတွေ၊ တီချယ်တို့လို လေ့လာသုတေသနလုပ်နေတဲ့သူတွေ၊ ဆက်စပ်ပတ်သက်နေတဲ့သူတွေ လောက်ပဲ သိတယ်။ အခြားသူတွေက မသိဘူး။ ငလျင်ဆိုတာ ဘယ်လို၊ ဘာလုပ်သင့်တယ်ဆိုတာ မသိဘူး။ ငလျင်ဆိုတာ ဘယ်လိုကာကွယ်ရတယ်ဆိုတဲ့ အပိုင်းကို သိတာ တော်တော်နည်းတယ်။ တီချယ်ကိုယ်တိုင်လည်း မြို့နယ်တွေကို ဟောပြောပွဲတွေ သွားဖူးတယ်။ နောက်အခု မီဒီယာကနေ ရှင်းတာတွေရှိတော့ ကြည့်ဖြစ်တယ် ဆိုရင် နည်းနည်းပါးပါတော့ သိတယ်။ အလုပ်ပြီးရင် အိမ်ပြန်သွားမယ်။ အိမ်ပြန်ရောက်ရင် ပင်ပန်းလို့နားမယ်ဆိုတော့ ဘယ်လို အာရုံစိုက်နိုင်မလဲ။ မေး။ ။ ကာကွယ်ရေးအပိုင်းနဲ့ ပြောရင် ဘယ်လို နေထိုင်မယ်ဆို အကောင်းဆုံး ကာကွယ်နိုင်မလဲရှင့်။ ဖြေ။ ။ အဲဒါက ပိုအရေးကြီးတယ်။ ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့မရဘူူး။ ဘယ်နေ့ ဘယ်အချိန်လှုပ်မယ် ပြောလို့မရဘူး။ အိပ်တဲ့အချိန်လည်း လှုပ်သွားတာပဲ ဆိုတော့ ကောင်းတာကတော့ ကြိုတင်ပြင်ဆင်ခြင်းဆိုတာ အကောင်းဆုံးပဲ။ ကြိုတင်ပြင်ဆင်တာက လူထုသာမက အစိုးရပိုင်းကရော တိုင်းနဲ့ ပြည်နယ်အပိုင်းရော သုံးဆင့် ရှိတယ်ကွာ National Level , Regional Level, community level သုံးခုစလုံးမှာ ကြိုတင်ပြင်ဆင်ခြင်းကို ကောင်းကောင်းလုပ်ပေးရမယ်။ အဲဒီလိုလုပ်တဲ့အခါ ပြင်ဆင်ခြင်းကို ရေတို ရေရှည်လုပ်ပေးရမယ်။ ရေရှည်ဆိုတာကတော့ အစိုးရဌာနတွေရော ပြည်သူလူထုတွေရော အဖွဲ့အစည်းတွေရော ပူပေါင်းပြီး ငွေကြေးကိုလည်း သုံးရမယ်။ အပေါ်နဲ့ အောက်နဲ့ကို လည်း တဆင့်ဆီလုပ်ရမယ်။ အချိန်ကြာရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်မယ်ဆိုတာကတော့ ငလျင်လှုပ်ပြီလို့ ခံစားရတာနဲ့ ထွက်မပြေးဖို့ပဲ။ ငလျင်လှုပ်လိုက်တဲ့အတွက် အဆောက်အအုံတွေ ပြိုလို့ ပြုတ်ကျလာတာနဲ့ ကိုယ်ထွက်ပြေးတာနဲ့ တိုက်ဆိုင်မယ်ဆိုရင် ထိခိုက်မှု ဖြစ်နိုင်သလို အသက်လည်း ဆုံးရှုံးနိုင်တယ်။ ငလျင်လှုပ်တယ် ခံစားရတာနဲ့ ထိုင်ချလိုက်ပါ။ လက်နှစ်ဖက်ကို ခေါင်းပေါ်တင် ရှေ့ကို နည်းနည်းကုန်းပေးထား။ အနီးအနားမှာ ခုတင်တို့ ခုံတို့ စားပွဲတို့ ရှိတယ်ဆိုရင် အောက်ကို မြန်မြန်ဝင်။ သူတို့ရဲ့ ခြေထောက်ကို မြဲမြဲကိုင်ထား။ ရှေ့ကိုနည်းနည်းကုန်းပေးထားရင် ရှေ့ကို မထိခိုက်အောင် ခေါင်းကိုလည်း မထိအောင်နေ။ ငလျင်လှုပ်ပြီးသွားပြီ ဆိုရင် ကွင်းပြင်ရှိတယ်။ ဘောလုံးကွင်းလို ကျောင်းအားကစားကွင်း တို့ ရှိတယ်ဆိုရင် အဲဒီကို ရောက်အောင်သွား။ ဓာတ်တိုင်တို့ သစ်ပင်တို့ ပြုတ်ကျမှာကို စိုးရိမ်နေရတယ်။ အဲဒါကို အမြဲလေ့ကျင့်နေမယ်။ သိထားရုံတင်မကဘူး မိသားစုအတွင်းမှာ တပတ်တကြိမ်လေ့ကျင့်နေသင့်တယ်။ အဲဒါမှ ဖြစ်တယ် ဆိုတာနဲ့ ဘာလုပ်ရမယ် ချက်ချင်း အလေ့အကျင့်ရမယ်။ နောက်မိသားစုအတွင်းမှာ ငလျင်လှုပ်ရင် ငါတို့ ဘယ်အခန်းကို သွားနေမယ်။ တခန်းထဲ၊ ခုံတလုံးထဲမှာ အားလုံး ပုန်းလို့ မရတော့ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ့်ဟာကို စီစဉ်ရမယ်။ မလှုပ်ခင်မှာ ကျတော့ ကိုယ့်အိမ်ကို ခိုင်ခန့်အောင် ပြင်ထားရမယ်။ အဲဒီအခါကျတော့ ဆောက်ပြီးသား အိမ်ကို ပြင်ဆင်ဖို့ဆိုတာ ခက်ခဲသွားပြီ အဲဒီအပိုင်းကို ထားလိုက်တော့ အမှန်တော့ ဒီတချို့ နိုင်ငံတွေဘာတွေကျတော့ အင်ဂျင်နီယာနဲ့ ဘာနဲ့ တိုင်ပင်ပြီး ပြန်ပြင်တာတွေ ဘာတွေရှိတယ်။ အဲဒါတော့ ဒီမှာ လုပ်ဖို့ မလွယ်ဘူး။ နောက်တခုက မလှုပ်ခင်မှာ အရေးပေါ် ဆေးသေတ္တာ လေးတွေ ရှိရမယ်။ တယောက်ယောက် ထိခိုက်တယ်ဆိုရင် ဆရာဝန် မလာခင် ရှေးဦးသူနာ ပြုစုထားလို့ရတယ်။ အရေးကြီး စာရွက်စာတမ်းတွေ စုစည်းထားရမယ်။ မလှုပ်ခင် အချိန်မှာ ဘယ်လိုပြင်ဆင်ထားရမလဲဆိုရင် ကိုယ့်အိမ်ကို ခိုင်ခန့်အောင် လုပ်ရမယ်။ ကိုယ်ဆောက်ပြီးသား အိမ်ကို ပြန်ပြင်ဖို့တွေဘာတွေကျတော့ နည်းနည်း ခက်ခဲသွားပြီ အဲဒီအပိုင်းကိုထားလိုက်တော့ တချို့နိုင်ငံတွေက ငွေရေးကြေးရေး တတ်နိုင်တော့ အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီးတော့ ပြန်ပြင်တာတွေ ရှိတယ်ပေါ့။ ဒီမှာတော့ သိပ်လုပ်ဖို့ မလွယ်ဘူး။ ငလျင်လှုပ်ပြီးတဲ့ အခါမှာ ဘယ်လို လုပ်ရမယ်ဆိုတာလည်း သိရမယ်။ ကိုယ့်အိမ်က ဘယ်နားက ပြုတ်ကျနိုင်တယ် နောက်ရေပိုက်တွေ၊ မီးကြိုးတွေ ဘယ်လိုတွေရှိလဲဆိုတာကို ပြန်စစ်ရမယ်။ မေး။ ။ အခုရက်ပိုင်း ငလျင်တွေ ဆက်တိုက်လှုပ်နေတဲ့ အပေါ်မှာ စိုးရိမ်နေတဲ့ ပြည်သူတွေကို ငလျင်ပညာရှင် တယောက်အနေနဲ့ ဘာများ ပြောချင်ပါလဲရှင့်။ ဖြေ။ ။ ခုနကပြောခဲ့တဲ့ ငလျင်လှုပ်နေစဉ်မှာ ဘာလုပ်ရမလဲဆိုတာကို မိသားစု တယောက်နဲ့တယောက် စုစည်းပြီးတော့ တိုင်ပင်ထားပါ။ ပုန်းခိုမယ်ဆိုတဲ့ ကုတင်တွေ ကုလားထိုင်တွေ ဘယ်အခန်းမှာ ပိုပြီးလုံခြုံသလဲဆိုတာ မိသားစုအချင်းချင်း တိုင်ပင်ပြီးတော့ လုပ်ထားသင့်တယ်။ ဘာဖြစ်မယ်မှန်း မသိတဲ့၊ ဘယ်တော့များမှ လှုပ်မယ်မသိတဲ့ ဘေးကို တွေးပူမနေဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကြိုးစားကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ မေး ။ ။ ၂၀၁၇ တစ်နှစ်လုံးမှာ အကြိမ် ၇၀ ပဲလှုပ်တယ်။ ၂၀၁၈ ထဲမှာ ဧပြီအထိပဲ ရှိသေးတာ အကြိမ် ၇၀ ကျော်တောင် လှုပ်ပြီးပြီဆိုတော့ အဲဒါက ဘာကြောင့်လို့ ကောက်ချက်ချလို့ရမလဲရှင့်။ ဖြေ။ ။ ငလျင်လှုပ်တာက ဖြူးက ငလျင်လှုပ်ပြီးတဲ့ After Shock ကို အကြိမ် ၅၀ ကျော်လောက်ရှိတယ်။ အခြားနေရာနဲ့ ဘာနဲ့ အကုန်လုံးပေါင်းလိုက်တယ်ဆိုရင် စောစောက ပြောတဲ့ ၇၀ ကျော် ဖြစ်နိုင်တာပေါ့။ ဒီငလျင်ကြောင့်ပဲ After Shock က ၅၀ ကျော်၊ အခုဆိုရင် ၆၀ ကျော်လောက် ဖြစ်ရောပေါ့။ သူတို့ကတော့ အမြဲ Monitor လုပ်နေတာ။ မေး။ ။ အရင် ငလျင်ကြီးတွေ လှုပ်တုန်းကရော After Shock က များလားတတ်လားရှင့်။ ဖြေ။ ။ ရှိတာပဲ။ သပိတ်ကျင်း ငလျင်လှုပ်တုန်းကလည်း တစ်နှစ်နီးပါးလောက်အထိ လှုပ်တယ်။ ဒါပေမယ့် တခုက ဒီလိုကြီးကြီးမားမားတော့ မရှိဘူး။ After Shock က ငလျင်ကြီးလှုပ်ပြီးတိုင်းရှိတယ်။ တာလေ(တာချီလိတ်မြို့နယ်ခွဲ) ဆိုလို့ရှိရင် အတော်ကြာတဲ့အထိ ဆက်ပြီး တော့ ရှိနေတာပဲ။ တခါတလေဆိုရင် နှစ်ကြာပြီး အချိန်ဆွဲပြီး လှုပ်နေတာပေါ့။ မေး။ ။ အခုပြောခဲ့တဲ့ အားလုံးကို ခြုံငုံလိုက်မယ်ဆိုရင် ဆရာမကြီး ဆိုလိုချင်တာက ကြောက်စရာတော့ မဟုတ်ဘူး။ လက်ရှိငလျင်တွေက After Shock သက်သက်ပဲပေါ့။ ဖြေ။ ။ ဟုတ်ပါတယ်။ After Shock သက်သက်ပဲ ဒီလောက်ထိ စိုးရိမ်ပူပန်ပြီးတော့ မနေဖို့ တိုက်တွန်းချင်တယ်။ ကိုယ်လုပ်သင့်တဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေကိုပဲ လုပ်ထားရင် ပျက်ဆီးမှု အနေအထား လျော့သွားမယ်။ The post After Shock သက်သက်ပဲ စိုးရိမ်ပူပန် မနေဖို့ တိုက်တွန်းချင်တယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2JvYnp6
via IFTTT
Source : https://ift.tt/2JvYnp6
via IFTTT
“ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်” ရန်ကုန်မြို့မှာ “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း” စတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ ဒေသ အစားအစာတွေကို အဓိကထား ရောင်းချတဲ့ စားသောက်ဆိုင်တွေ ရှိကြပေမယ့် ကယားပြည်နယ်၊ ကယန်းဒေသက ကယန်းလူမျိုးတွေရဲ့ ရိုးရာဒေသ အစားအစာကို သီးသန့် ရောင်းချပေးတဲ့ဆိုင် မရှိသလောက် ရှားပါတယ်။ ကယန်းဒေသ အစားအစာတွေကို အဓိကထား ရောင်းချပေးတဲ့ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်က ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ကမာကြည် တံတားအနီး၊ မြမာလာလမ်းနဲ့ တောင်ထိပ်ပန်း လမ်းထောင့်၊ ငမိုးရိပ်ချောင်း နံဘေးမှာ တည်ရှိပါတယ်။ ကယန်းလူမျိုးတွေရဲ့ နေထိုင်မှု ဘဝပုံစံ၊ ရိုးရာ ယဉ်ကျေးမှု၊ အစားအသောက် ချက်ပြုတ်မှုတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အစားအစာတွေကို အဓိက ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်၊ မြှင့်တင်လိုတဲ့ စိတ်ဆန္ဒတို့ကြောင့် ဖွင့်လှစ်ခဲ့တဲ့ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် ပိုင်ရှင် ကိုဇေယျာမင်းကို ဧရာဝတီ သတင်းဌာနမှ Lifestyle အယ်ဒီတာ သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး ။ ။ ပထမဆုံး သိချင်တာက ဒီဆိုင် Background လေးနဲ့ ဘာကြောင့် ကယန်း ရိုးရာကို ဖွင့်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။ ဖြေ ။ ။ အဓိကကတော့ ကျနော် ၂၀၁၄ လောက်မှာ စားသောက်ဆိုင်လေး လုပ်တယ်။ လုပ်ပြီးတော့ ငှားထားတဲ့ဆိုင် ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ နောက်တဆိုင်လုပ်ဖို့ စဉ်းစားတော့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော် ကယန်း ဝက်အူချောင်းနဲ့ ခေါင်ရည် လက်ဆောင်ရတော့ တော်တော် သဘောကျတယ်။ အဲမှာ ကယန်းနဲ့ ပတ်သက်တဲ့ ဆိုင် ကျနော် လိုက်ရှာတယ်၊ မရှိဘူး။ မရှိတဲ့အခါကျတော့ ကျနော် စိတ်ဝင်စားသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာ ကျတော့ တခြား တိုင်းရင်းသား အစားအစာတွေ အများကြီး ရှိတယ်။ ဒီကယန်း တိုင်းရင်းသား အစားအစာက မရှိသလောက် ဖြစ်နေတယ်။ ဝက်အူချောင်းလောက်ပဲ ရှိနေတယ်။ အဲတာနဲ့ ကျနော် ဒီကယန်းစာကို စိတ်ဝင်စားတော့ ကယန်း၊ ကယားဘက်ကို ကျနော် သွားတယ်။ သူတို့အကြောင်းကို ကျနော်လေ့လာတယ်။ ၂၀၁၄ နောက်ပိုင်းကနေ စပြီး တောက်လျှောက် လေ့လာတယ်။ ကယန်းရိုးရာ ဝက်အူချောင်း (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) ဟိုရောက်သွားတဲ့အခါကျတော့ သူတို့ရဲ့ တအိမ်နဲ့ တအိမ် ခေါင်ရည်ဖောက်ပုံတွေ၊ ဝက်အူချောင်း လုပ်ပုံတွေ မတူကြဘူး။ အရသာတွေ တော်တော်ကွဲတယ်။ ဒါပေမယ့် ထည့်တဲ့ ပစ္စည်း Main Ingredient (အဓိက ပါဝင်ပစ္စည်း) တွေက တူနေတယ်။ အဲဒီ တူတဲ့ဟာကိုလည်း ကျနော်တို့က သဘောကျတယ်။ ရန်ကုန်က လူတွေလည်း သဘောကျနိုင်တယ်။ ပြီးတော့ ဒါ အထူးအဆန်း ရန်ကုန်မှာ မရှိသေးတဲ့ အရာဆိုတော့ ဈေးကွက်အရလည်း ကျနော်တို့ အဆင်ပြေနိုင်တယ်။ ဒါကို တွက်ပြီး ဒီကယန်းဆိုင်ကို ၂၀၁၄ နှောင်းပိုင်းမှာ စပြီး အကောင်အထည် ဖော်တာပါ။ ဖွင့်ဖြစ်တာတော့ ၂၀၁၇ ခုနှစ်၊ မေလကျမှ ဖွင့်ဖြစ်ပါတယ်။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ဆိုင်နာမည်ကို ဘယ်လိုပေးဖြစ်တယ်ဆိုတာလေး ပြောပြပေးပါဦး။ ဖြေ ။ ။ ဆိုင်နာမည်က “Vista Do Rio” ဆိုတာ “မြစ်ဘေးက လှတဲ့နေရာလေး တခု” လို့ အဓိပ္ပာယ်ရတယ်။ ကျနော်တို့ အရင်းနှီးဆုံး စကားလုံး တခုရှိတယ်။ ဆိုင်နာမည်တွေ ဘာတွေဆို “The River View” တို့ ဘာတို့ပေ့ါ။ ဒါမျိုးဆိုလို့ ရှိရင် အကုန်လုံးက River View ဆိုပြီး တန်းပြီး ထင်းခနဲမြင်တယ်။ ဒါပေမယ့် River View က အများကြီးလည်း ပေးကြတယ်။ သူများတွေလည်း သုံးတော့ ကျနော် လိုက်မသုံးချင်ဘူး။ မသုံးချင်တော့ တခြား ဘာသာစကားတခုနဲ့ စဉ်းစားကြည့်တော့ “Vista Do Rio” ဆိုတာ ကျနော် သွားတွေ့တယ်။ ဒီတခုကို ကျနော် တော်တော် သဘောကျတာနဲ့ ပေးဖြစ်တာပါ။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေကကော ဘာတွေဖြစ်မလဲ။ ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ ကယန်းဒေသထွက် အစားအစာတွေ များတယ်။ သူ့ကိုပဲ အဓိက ထားရောင်းတယ်။ ဒါပေမယ့် ကယန်းကျတော့ အစပ် နည်းနည်း ပိုစားတယ်။ အဲတာလေးကိုတော့ နည်းနည်း လျှော့ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကကျတော့ နည်းနည်း ပူတယ်။ ဟိုဘက် ရာသီဥတုနဲ့ မတူဘူး။ အဲတာတော့ ကျနော် နည်းနည်းလေး ပြင်ပြီး ချက်ပေးတယ်။ အတတ်နိုင်ဆုံးတော့ ရိုးရာချက်နည်း အတိုင်း ကယန်းဒေသက လူတွေ လာပြီးတော့ ချက်ပေးတယ်။ ဒီအစားအစာက နည်းနည်းကြမ်းတယ်။ ပါးစပ်မတွေ့တဲ့သူတွေ စားရတာ အဆင်မပြေမှာ စိုးလို့ Fusion (ပေါင်းစပ်မှု) တွေနဲ့ နည်းနည်းလေး လုပ်ပေးထားတာ ရှိတယ်။ Fusion လေးတွေကျတော့ ရန်ကုန်တို့ မန္တလေးတို့က လူတွေ စားရတာ အဆင်ပြေတယ်။ ကယန်းစာ စစ်စစ်ကျတော့ ဒီရာသီဥတုနဲ့ သူ့ရဲ့ အစပ်အဟပ်နဲ့ တန်ရင် ပြင်ပေးရတဲ့ဟာ ရှိတယ်။ ဆိုင်မှာ ရနိုင်တဲ့ ကယန်းရိုးရာ အစားအစာများ (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ဆိုင်မှာ လာစားတဲ့သူတွေကကော ဘယ်လိုဧည့်သည်တွေ များလဲ။ ပြည်တွင်းက များလား၊ နိုင်ငံခြားသားတွေ လာတာ များလား။ ဖြေ ။ ။ ပြည်တွင်းကတော့ များတယ်။ နိုင်ငံခြားသားတွေလည်း လာပါတယ်။ လာတယ်ဆိုတာ ကျနော်တို့ကတော့ Foreigner ရယ်၊ Local ရယ် မခွဲပါဘူး။ အဓိကကတော့ ကိုယ့်ဆိုင်ကို လာတဲ့ ဧည့်သည် အကုန် အတူတူပါပဲ။ မေး ။ ။ ဒီဆိုင်က ပြောမယ်ဆိုရင် ထူးခြားတယ်။ Culture (ရိုးရာ) ကို ပြထားတဲ့ အတွက် အစ်ကို့အနေနဲ့ Culture တခုကို ထိန်းသိမ်းတဲ့အပေါ် အစ်ကို့ရဲ့ ခံယူချက်၊ တန်ဖိုးထားမှု အပိုင်းကို ပြောပြပေးပါဦး။ ဖြေ ။ ။ Culture ဆိုတာထက် ကျနော် သူတို့ရဲ့ နေထိုင်မှုပုံစံလေးပေါ့။ ကျနော် သွားရင်းလာရင်းနဲ့ သတိထားမိတယ်။ သူတို့က စနေတာ ရှမ်းပြည်ဘက်ကနေပြီးတော့ ဒီကယား အဲ့ဘက်ကနေ ဟိုးဘက် သံတောင်ကြီးအထိ တော်တော် ဖြန့်နေတယ်။ ဒါပေမယ့် သူ့ရွာမှာ သူ့သဘာဝနဲ့သူ အထိန်အဝါလေးတွေ ရှိကြတယ်။ သူတို့နဲ့နေရင် သူတို့ရဲ့ သဘာဝတွေ သိရတယ်။ ကယန်းရိုးရာ Handmade ဂစ်တာ (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) ဥပမာ – ဒီဟာဆိုရင် ကယားဂစ်တာ Handmade လေးပဲ။ ဒီဂစ်တာကိုဆိုရင် လုပ်တဲ့ အဖိုးကြီး အခုထိ ရှိနေသေးတယ်။ ဒါသူငယ်ငယ်တုန်းက သူလူပျိုဘဝတုန်းက သူလူပျိုလှည့်တဲ့ အချိန်မှာ သုံးတဲ့ ဂစ်တာလေးပေါ့။ ဒါလေးတွေကျတော့ သူက အခုချိန်ထိ အမြတ်တနိုးနဲ့ ထားတယ်။ သူ တောပစ်သွားတဲ့ အချိန်မှာ သူ့ရဲ့ အမျိုးသမီးက တဲကနေပြီးတော့ ဂစ်တာလေး တီးလိုက်၊ ခေါင်ရည်လေး သောက်လိုက်နဲ့ သူစောင့်ပေးတယ်။ ဒါလေးက သူတို့ရဲ့ လူနေမှုဘဝနဲ့ သူ့ရဲ့ ယဉ်ကျေးမှု လို့လည်း ပြောလို့ရတယ်။ သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုပေါ့။ ဒါလေးတွေ သိရတဲ့အခါ ကျနော် ဒီဂစ်တာကို သွားဝယ်တယ်။ ဒီဇာတ်လမ်းလေး ရှိထားတာကို ကျနော် ကိုယ်တိုင်လည်း တွေ့ခဲ့ဖူးတယ်။ တွေ့ခဲ့ဖူးတော့ ဒါလေးကို ကျနော် မေတ္တာ ရပ်ခံပြီး ဝယ်ထားတယ်။ ပြီးတော့ ဒါလေးကို ကျနော် ပြထားတယ်။ ဒါက သူတို့ Handmade ဂစ်တာ၊ သူတို့ဘာသာ သူတို့ လုပ်တယ်။ ဒါလေးကိုတော့ ကျနော် တတ်နိုင်သလောက် စပြီး ထိန်းသိမ်းတယ်။ နောက်ပိုင်းကျရင်တော့ ကျနော် ကယန်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲတွေ ကျနော် လုပ်နိုင်ဖို့ ကြိုးစားမယ်။ ကယန်းရိုးရာ ချည်ထည် ရက်လုပ်နေစဉ် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး။ ။ အစားအစာတွေကို ချက်ပြုတ် ပြင်ဆင်မှုအပိုင်းမှာကော ဝန်ထမ်းတွေကို ဘယ်လိုမျိုး လေ့ကျင့်ပေးလဲ။ ဖြေ ။ ။ စာဖိုးမှူးကတော့ ကျနော် ကယန်းတွေပဲ အဓိက ထားသုံးတယ်။ ကျနော်ကိုယ်တိုင်လည်း သူတို့ရွာတွေမှာ သွား သင်လာတယ်။ သင်လာရင်း သူတို့ဆီကမှ တဆင့် သင်လာတယ်။ သူတို့လူမျိုးတွေကို ဒီကို ခေါ်လာတယ်။ သူတို့ ကိုယ်တိုင် ချက်တယ်။ သန့်ရှင်းမှု အပိုင်းကိုတော့ ကျနော် ဟင်းပွဲထုတ်မယ့် ပုံစံလေးတွေကို လုပ်ပေးတယ်။ ချက်ပြုတ်မှု အပိုင်းကိုတော့ သူတို့ပုံစံနဲ့ သူတို့ ချက်ကြတယ်။ မေး ။ ။ ဆိုင်အတွင်းပိုင်း၊ အပြင်ပိုင်းတွေ ပြင်ဆင်မှု အပိုင်းတွေကော ဘယ်လို စဉ်းစားပြီး ဖန်တီးထားလဲ။ ဖြေ ။ ။ အမှန်ကတော့ ၂၀၁၄ နောက်ပိုင်းမှာ စတယ်။ စပြီးတဲ့ အချိန်မှာ ကျနော် ကယန်းရွာ သွားတယ်။ တရွာပြီး တရွာ သွားရင်း ဟင်းပွဲတွေအကြောင်း လေ့လာတယ်။ လေ့လာရင်းနဲ့ သူတို့ရဲ့ အိမ်တွေမှာ ရှိတဲ့အရာတွေကို သတိထားမိရင်း လိုက်ကြည့်တယ်။ လိုက်ကြည့်တဲ့အခါကျတော့ အဲ့တာလေးတွေကို ကျနော်ပြန်ပြီး Copy ယူလာတယ်။ ဒီမှာ ပြန်ပြီး အဆင်ပြေမယ့် ဟာလေးတွေ ပြန်ထည့်တယ်။ ပြန်သုံးတယ်။ အဲဒီအရာလေးတွေ ကျနော် အဲ့လိုပဲ လုပ်ထားပါတယ်။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် အတွင်းပိုင်း (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ချက်ပြုတ်တဲ့ အစားအစာတွေ အတွက် Ingredient (ပါဝင်ပစ္စည်း) တွေကို ဘယ်ကနေ ယူလဲ။ Main Ingredient (အဓိက ပါဝင်ပစ္စည်း) တွေကိုတော့ ကယန်းဘက်က ယူတယ်။ ကျနော်ဆိုရင် ရွာတွေ အများကြီး ခွဲပြီးတော့ ယူတယ်။ ဥပမာ- ငရုတ်သီးဆိုရင် စီးဘူးလို့ ခေါ်တဲ့ ရွာနားပတ်ချာလည် အဲ့တောင်ကြောမှာ ရှိတဲ့ ငရုတ်သီးက ပိုပြီး စပ်တယ်၊ ပိုပြီး မွှေးတယ်၊ ထောင်းလိုက်တဲ့အခါ အရသာ ပိုထွက်တယ်။ အဲ့ငရုတ်သီးမျိုးကို ကျနော် ဝယ်တယ်၊ သုံးတယ်။ နောက် မက်ခါသီးကျရင် အရိုင်း အယဉ် နှစ်မျိုးရှိတာပေါ့။ မွှေးတဲ့ဟာကိုပဲ ကျနော်တို့ ယူတယ်။ ကြက်သွန်မြိတ် ဆိုရင်လည်း နောင်ဟိုးဘက်က နေယူတယ်။ ကျနော်တို့ ဆိုင်မှာ နောက်ထပ် “ကြပ်တိုက် ဖားကြော်” ဆိုတာ ရှိတယ်။ အဲတာကျတော့ သူတို့က တောင်ယာထဲ သွားတဲ့အခါ တွေ့ရင် ကောက်လာတယ်။ ကလီစာတွေ နှုတ်ပြီး ဆား၊ ဆနွင်းနယ်ပြီး ကြပ်တိုက်ထားတယ်။ ကြပ်တိုက် ထားတဲ့ဟာကို နှစ်ပေါက်အောင် ထားလို့ရတယ်။ အဲဒါလေးတွေ ကျနော်က ယူရောင်းတယ်။ နောက်တခု အဓိကကျတာ ဆနွင်းပေါ့။ ဆနွင်းဆိုလို့ရှိရင် သူတို့က ဝါဝါထိန်ထိန် တခုရှိမယ်။ ရွှေရောင်ဖျော့ဖျော့ ရှိမယ်။ ရွှေဝါရောင် တောက်တောက် ရှိမယ်။ ဒီဆနွင်း ၃ မျိုးကို ပေါက်တဲ့ ဒေသက မတူဘူး။ မတူတဲ့အခါကျတော့ မတူတဲ့ရွာတွေမှာ တယောက်နဲ့တယောက် သုံးတာခြင်း မတူဘူး။ ဒါပေမယ့် ကျနော် လိုက်ရှာတဲ့အခါကျတော့ သွားရင်းလာရင်း စားရင်း ကျနော် လိုက်မြည်းတယ်။ ဘယ်ဆနွင်းက အကောင်းဆုံးလဲဆိုပြီး။ အဲဒီလိုမျိုး ကျနော် ရွေးချယ်ပြီး သုံးပါတယ်။ မေး ။ ။ လက်ရှိမှာဆိုရင် ရန်ကုန်မြို့မှာဆိုရင် ဒီလို တိုင်းရင်းသားအစားအစာ ဆိုင်တွေက အနည်းငယ် ရှားနေသေးတယ်။ အဲဒီ အပေါ်မှာလည်း အစ်ကို့ အမြင်လေး ပြောပြပေးပါဦး။ ဖြေ ။ ။ ရှားနေတယ်ဆိုတာက တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေးကြောင့်ရော။ နောက်တချက်က သူတို့ ကိုယ်တိုင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု အများကြီး ရှိဖို့လိုနေတယ်။ ဥပမာ – ကယန်းအစားအစာဆိုရင် ကျနော်က သူတို့လူမျိုး အစားအစာက စားသောက်ဆိုင် ဖွင့်ရလောက်တဲ့အထိ ဟင်းပွဲတွေက ရောင်းရပါ့မလားဆိုတဲ့ မေးခွန်းမျိုး ကျနော် ကြုံဖူးတယ်။ အဲတာက ဘာလဲဆိုတော့ သူတို့က လမ်းပွဲဆက်သွယ်ရေး ခက်တယ်။ တရွာနဲ့ တရွာက ဝေးကြတယ်။ ဝေးကြတော့ သူ့ရွာမှာ ချက်တဲ့ဟာကို ဒီဘက်ရွာက သိပ်မသိဘူး။ ဒီဘက်ရွာမှာ ချက်တဲ့ဟာကို ဟိုဘက်ရွာက သိပ် မသိဘူး။ အဲ့လို မတူတဲ့ ရွာတွေကို ကျနော်က အများကြီး သွားတဲ့အခါကျတော့ ဟင်းပွဲတွေကလည်း အများကြီး ထွက်လာတယ်။ အဲဒီလိုပဲ တခြား တိုင်းရင်းသား အစားအစာတွေလည်း ရှိပါလိမ့်မယ်။ တိုင်းရင်းသား အစားအစာဆိုင်တွေ ဖွင့်ဖို့ကျတော့ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာကျ အများကြီး လိုသေးတယ်လေ။ အခုဆိုရင် ကျနော်တို့က ဘာတွေလိုလဲ ဆိုတော့ နေရာငှားခတွေ မလျှော့ချနိုင်သေးဘူး။ အဲဒီကနေ ကုန်ကြမ်းတွေ သယ်ဖို့ အခက်အခဲတွေ ရှိနေတာတွေ ရှိတယ်။ အဲဒါမျိုးတွေကျတော့ တော်ရုံတန်ရုံ လူက မလုပ်နိုင်ကြသေးဘူး။ တချို့ကျတော့လည်း ရင်းနှီးမြှုပ်နှံမှုမှာ အရမ်း ကောင်းကောင်းမွန်မွန် လုပ်ထားတဲ့ တိုင်းရင်းသား အစားအစာ ဆိုင်တွေ အများကြီး ရှိနေပါတယ်။ မေး ။ ။ ဒီဆိုင်ရဲ့ ရည်ရွယ်ချက်နဲ့ အနာဂတ် ရည်မှန်းချက်လေးလည်း သိချင်ပါတယ်။ ဖြေ ။ ။ ကျနော်တို့ကတော့ စားသောက်ဆိုင်လုပ်ငန်း လုပ်တယ်ဆိုပေမယ့် ဒီဆိုင်ကိုတော့ တိုင်းရင်းသား အစားအစာတွေကို အဓိကထားပြီး ရောင်းမယ်။ နောက်ပိုင်း ဖွင့်မယ့် ဆိုင်တွေကလည်း ဒီလို တိုင်းရင်းသား အစားအစာတွေကို အဓိက ထားပြီး ရောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအာဆီယံမှာပဲ ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံမှာဝင်နေတဲ့ တခြား နိုင်ငံတွေရဲ့ သူတို့နိုင်ငံတွေရဲ့ အစားအစာတွေ သူတို့ ယူလာကြတယ်။ အဓိကကတော့ သူတို့ အစားအစာနဲ့ သူတို့ လူမျိုး ဂုဏ်သိက္ခာကို ယဉ်ကျေးမှုကို ပြတဲ့သဘောပေါ့။ ကျနော်တို့တွေနဲ့ ရင်းနှီးအောင် သူတို့မှာ ဒီလို ယဉ်ကျေးမှု၊ ဒီလို အစားအစာတွေ ရှိတဲ့အကြောင်း သူတို့နိုင်ငံရဲ့ တန်ဖိုးကို မြှင့်တင်တဲ့ သဘောပါပဲ။ အဲဒီတော့ ကျနော်တို့ကလည်း ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်။ မြှင့်တင်ပေးဖို့ လိုတယ်။ အဲဒီတော့ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ကျနော်တို့ အဆင်ပြေမယ့် တိုင်းရင်းသား အစားအစာတွေ စပြီး ဖော်ထုတ်တယ်။ အဲဒီလို ဆိုင်လေးတွေ ဆက်လုပ်ဖို့ ရှိပါတယ်။ ။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်ရဲ့ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၂ နာရီအထိလို့ သိရပြီး အစားအသောက်များ ဈေးနှုန်းကတော့ ပျမ်းမျှအားဖြင့် ကျပ် ၃၀၀၀ ကနေ တသောင်းကြားမှာ ရှိတယ်လို့ သိရပါတယ်။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) ဆိုင်လိပ်စာ – “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် အမှတ် (၂၅၁) ၊ မြမာလာလမ်းနဲ့ တောင်ထိပ်ပန်း လမ်းထောင့်၊ ကမာကြည် တံတားအနီး၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့။ The post “ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်” appeared first on ဧရာဝတီ.
Source : https://ift.tt/2HV7P85
via IFTTT
Source : https://ift.tt/2HV7P85
via IFTTT
Subscribe to:
Posts (Atom)