ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး အမေရိကန်နှင့် ရုရှား သဘောတူညီမှု ရရှိ ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်ရန်အတွက် အမေရိကန်နှင့် ရုရှား အစိုးရများကြား ညှိနှိုင်းဆွေးနွေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရ ထောက်ခံသည့် ဆီးရီးယား အစိုးရ တပ်များနှင့် အမေရိကန်၏ ကျောထောက် နောက်ခံမှုကို ရရှိထားသော သူပုန်အင်အားစုများ အားလုံး စက်တင်ဘာ ၁၂ ရက် ညနေမှစ၍ အလုံးစုံ အပစ်အခတ် ရပ်စဲသွားရမည်ဟု သဘောတူညီချက်၌ ဖော်ပြထားသည်။ အဆိုပါ ညှိနှိုင်းမှုအရ ဆီးရီးယား အစိုးရသည် သူပုန်တပ်များ သိမ်းပိုက်ထားရာ နယ်မြေများတွင် စစ်ဆင်ရေး ဆင်နွှဲမှုများကို ရပ်တန့်ရမည် ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးက အိုင်အက်စ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဒေသများကိုမူ ဆက်လက်တိုက်ခိုက်နေမည်ဟု သိရသည်။ ရုရှားနှင့် အမေရိကန်တို့သည် အိုင်အက်စ်တို့ကို ချေမှုန်းသည့် စစ်ဆင်ရေးများကို ပူးပေါင်း ဆောင်ရွက်ရန် ကွပ်ကဲရေး စင်တာတစ်ခုကိုလည်း တည်ဆောက်သွားမည် ဖြစ်သည်။ ရုရှား၊ အမေရိကန်နှင့် ဆီးရီးယား အစိုးရများသည် အပစ်အခတ် ရပ်စဲမှု သဘောတူညီ ထားသော်လည်း အိုင်အက်စ်အပြင် အယ်လ်နျူဆာရာ တပ်ဦးကဲ့သို့ အစွန်းရောက် လက်နက်ကိုင် အင်အားစုများကို ဆက်လက် ချေမှုန်းသွားမည်ဟု ကြေညာသည်။ အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးများ ဖြစ်သော ဂျွန်ကယ်ရီ၊ ဆာဂျီလက်ဗ်ရော့ဗ်တို့ ညှိနှိုင်းဆွေးနွေးမှုများ အပြီးတွင် ယခု သဘောတူညီချက်ကို ကြေညာနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုသဘောတူညီမှု တည်မြဲစေရန်အတွက် ဆီးရီးယား အစိုးရကရော၊ အတိုက်အခံများကပါ လေးစားလိုက်နာရန် လိုအပ်ကြောင်း ဂျနီဗာတွင် ကယ်ရီက ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်၏ အထောက်အပံ့ ရရှိထားသည့် သူပုန်များ အနေဖြင့် အစီအစဉ်ကို လိုက်နာရန် ပြင်ဆင်နေပြီး ဆီးရီးယား အစိုးရဘက်ကလည်း အလေးထားမည်ဟု ယုံကြည်ကြောင်း ဆိုသည်။ လက်ဗ်ရော့ဗ်ကလည်း ရုရှားသည် သဘောတူညီမှု အချက်အလက်များကို ဆီးရီးယား အစိုးရထံ အသိပေးထားပြီး ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်ကလည်း ယင်းတောင်းဆိုမှုကို ဖြည့်ဆည်းလိမ့်မည်ဟု ပြောကြားခဲ့သည်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ၏ ဆွေးနွေးညှိနှိုင်းမှုတွင် စစ်ပွဲဇုန် နေရာများအတွင်း လူသားချင်း စာနာမှု အထောက်အပံ့များ ပေးပို့ရန် ကိစ္စများလည်း ပါဝင်ခဲ့သည်။ အပစ်အခတ် ရပ်စဲမှု အထမြောက်ပြီး ၇ ရက်မြောက် အကြာတွင် ရုရှားနှင့် အမေရိကန်တို့က အိုင်အက်စ်အပြင် အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သည့် အယ်လ်နျူဆာရာ တပ်ဦးကို ပူးပေါင်းတိုက်ခိုက်မည့် စီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။ ရုရှားနှင့် အမေရိကန်တို့သည် ၂၀၁၁ က စတင်သည့် ဆီးရီးယား စစ်ပွဲတွင် ဆန့်ကျင်ဘက် စစ်မျက်နှာများမှ ပါဝင်စွက်ဖက်ခဲ့ပြီး အမေရိကန်က အလယ်အလတ် သဘောထားရှိသည့် သူပုန် အင်အားစုများကို ထောက်ခံခဲ့ပြီး ရုရှားကမူ ဆီးရီးယားသမ္မတ အာဆတ်၏ အဓိက မဟာမိတ်အဖြစ် ရပ်တည်လျက်ရှိသည်။ Ref: BBC
Source : http://ift.tt/2bZUR4Q
via IFTTT
No comments:
Post a Comment