ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး ကန်ဒေါ်လာ ၁၅သန်း ကုန်ကျမည် ဟုဆို ရန်ကုန်၊ စက်တင်ဘာ ၁၅ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး သုံးနှစ်စာ လုပ်ငန်းစဉ်များအတွက် အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးမှ သိရသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၃ရက်မှ ယနေ့ (စက်တင်ဘာ ၁၅ရက်) အထိ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပစ်ခတ်တိုက်မှု စောင့်ကြည့်ရေးအတွက် ဘတ်ဂျတ်အခြေအနေများ၊ ပြည်နယ်အဆင့် ကော်မတီများ ထပ်မံဖွဲ့စည်းရေး၊ နယ်မြေသတ်မှတ်ခြင်းများ၊ မိုင်းရှင်းလင်းခြင်း လုပ်ငန်းစဉ်များကို အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များအတွက် လာမည့် ဒီဇင်ဘာလအထိ လေးလစာ ကန်ဒေါ်လာ တစ်သိန်းကျော်ဘတ်ဂျတ် ကျန်ရှိနေသေးပြီး လာမည့်သုံးနှစ်စာ ဘတ်ဂျတ်အတွက် ဒေါ်လာ ၁၅သန်း ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်း JMC-U ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာရွှေခါးက ပြောကြားသည်။ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ်များအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး ကျန်ရှိသည့် ထောက်ပံ့မှုများကိုလည်း UNDP က ဆက်လက် ထောက်ပံ့ပေးရန် သဘောတူထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ''အခုကနေဒီဇင်ဘာအထိ ဒေါ်လာ တစ်သိန်း ကျော်လောက် ကုန်မယ်။ ဒီနှစ်ကုန် ဇန်နဝါရီ ၁ ရက်နေ့ စလုပ်မယ့် Global ဘတ်ဂျက် သုံးနှစ်စာအတွက်ကတော့ ကျွန်တော်တို့ ဒေါ်လာ ၁၅ သန်းလောက် မှန်းထားတယ်။ UNDP နဲ့ပဲ ညှိနေတယ်။ JMC လုပ်ငန်းတစ်ခုလုံးကို UNDP ရဲ့ ထောက်ပံ့မှုအောက်ကသွားမယ်။ အလှူရှင်က ဘယ်နိုင်ငံတွေပါလဲတော့ မသိဘူး'' ဟု ဒေါက်တာရွှေခါးက ဆိုသည်။ ထို့ပြင် ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး လာမည့် အောက်တိုဘာလတွင် စတင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း JMC-U ထံမှ သိရသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ကို အစိုးရ၊ တပ်မတော်၊ အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်ဘက်မှ စောင့်ကြည့်လေ့လာသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုဝင်ဘာ ၁၈ရက်တွင် JMC ကို ဖွဲ့စည်းခဲ့သည်။
Source : https://goo.gl/EcN4Xy
via IFTTT
No comments:
Post a Comment