နျူကလီးယားဗုံး အလုံး ၂ဝ ထုတ်လုပ်ရန် မြောက်ကိုရီးယား အသင့်ရှိ ပြုံယမ်း၊ စက်တင်ဘာ ၁၃ ၂ဝ၁၆ ခုနစ်ကုန်ပိုင်းထက် နောက် မကျဘဲ နျူကလီးယားဗုံး အလုံး ၂ဝ ထုတ်လုပ်ရန် လုံလောက်သည့် ပစ္စည်းများ မြောက်ကိုရီးယား ပိုင်ဆိုင်ထားသည်ဟု လက်နက် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။ ယူရေနီယံ သန့်စင်ရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂ အဖွဲ့က ဆယ်စုနှစ်ချီ ပိတ်ဆို့ ထားသော်လည်း မြောက်ကိုရီးယားက လျှို့ဝှက် လုပ်ဆောင် ခဲ့ခြင်းကြောင့် တစ်နှစ်လျှင် နျူကလီးယားဗုံး ခြောက်လုံးခန့် ထုတ်လုပ်နိုင်ကြောင်း လက်နက် ကျွမ်းကျင်သူများက ပြောကြားသွားသည်။ အထီးကျန် နေထိုင်ပြီး လျှို့ဝှက်သည့် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စွမ်းရည်ကို တိကျစွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း မကြာသေးမီက လုပ်ဆောင်လိုက်သည့် ပဥ္စမမြောက် စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားတို့တွင် ယင်းကဲ့သို့လုပ်ဆောင်ရေးပစ္စည်း အလုံအလောက်ရှိပုံ ပေါ်နေသည်။ မြောက်ကိုရီးယားတွင် ယူရေနီယံ အရန်ပစ္စည်း အမြောက်အမြား ရှိနေပြီး ဆယ်စုနှစ် တစ်ခုကျော်ကြာ လျှို့ဝှက်စီမံ ကိန်းချ လုပ်ဆောင်ထားသဖြင့် ယင်း ယူရေနီယံများကို လက်နက် အဆင့်အထိ ရောက်အောင် သန့်စင်နိုင်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက် ပြုထားသည်။ နျူကလီးယားဗုံး ခြောက်လုံး ထုတ်လုပ်ရန် လုံလောက်သည့် ယူရေနီယံ ၁၅ဝ ကီလိုဂရမ် (ပေါင် ၃၃ဝ) ခန့်ကို မြောက်ကိုရီးယား နှစ်စဉ် ထုတ်လုပ်နိုင်ပြီး လက်ရှိတွင် ပလူတိုနီယံ ၃၂ မှ ၅၄ ကီလိုဂရမ်အထိ ပိုင်ဆိုင်နိုင်သဖြင့် ယခုနှစ်ကုန်ပိုင်းတွင် နျူကလီးယားဗုံး အလုံး ၂ဝ ထိ မြောက်ကိုရီးယားတို့ ထုတ်လုပ်နိုင်ကြောင်း နျူကလီးယား လက်နက်ရေးရာ ကျွမ်းကျင်သူ ဟတ်ကာက ပြောကြားသည်။ ထို့ပြင် ယောင်ဗြွန်း နျူကလီးယား ဓာတ်ပေါင်းဖိုနှင့် အခြားသော နေရာနှစ်ခုမှ ပလူတိုနီယံများကို အကန့်အသတ်မဲ့ ရယူနိုင်ခြင်းကြောင့် နျူကလီးယား အစီအစဉ်အပေါ် တားဆီးနေမှု မရှိတော့ကြောင်း Middlebury Institute of International မှ လူးဝစ်က မှတ်ချက် ပေးထားခဲ့သည်။
Source : https://goo.gl/jzOKVr
via IFTTT
No comments:
Post a Comment