လေယာဉ်များမှတစ်ဆင့် ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော ခြင်များ ဝင်ရောက်နိုင်သည့်အတွက် လေဆိပ် ပတ်ဝန်းကျင်နှင့် လေယာဉ်များပေါ်တွင် ခြင်ကျားနှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်မည် လေယာဉ်များမှတစ်ဆင့် ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော ခြင်များ ဝင်ရောက်နိုင်သည့်အတွက် လေဆိပ် ပတ်ဝန်းကျင်နှင့် လေယာဉ်များပေါ်တွင် ခြင်ကျားနှိမ်နင်းရေး လုပ်ငန်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနတို့ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။ “ဇီကာဗိုင်းရပ်စ်က ဘာကြောင့် ကြောက်ရလဲ ဆိုတော့ ရောဂါပိုးသယ်ဆောင်မယ့် အေးဒီးစ်ခြင်က ကျွန်တော်တို့ဆီမှာ အများအပြား ရှိနေတယ်။ သွေးလွန်တုပ်ကွေးတွေ နှစ်စဉ် နှစ်စဉ် ကလေးတွေ အများအပြားမှာ ဖြစ်တယ်။ ဒါက အေးဒီးစ်ခြင်ကြောင့် ဖြစ်တာ။ ကျွန်တော်တို့ နိုင်ငံအတွက် ပြဿနာက ရောဂါပိုး သယ်မယ့်ခြင်ကျားက အဆင်သင့် ရှိနေတယ်။ ဒါကြောင့် လေဆိပ်တွေမှာ အေးဒီးစ်ခြင်နဲ့ ပတ်သက်ပြီး ခြင်ကောင်ကိုလည်း စောင့်ကြပ် ကြည့်ရှုနေတယ်။ နောက်တစ်ခါ ခြင်ကောင်ရှိ မရှိကိုလည်း Ovitrap (ခြင်ဥဖမ်း ထောင်ချောက်) နဲ့ ဥကို ထောင်ဖမ်းပြီး ခြင်ကျား ရှိ မရှိ စစ်ဆေးနေတယ်။ လေဆိပ်တွေမှာ ခြင်ကို တကူးတက ဘာကြောင့် စစ်နေရသလဲဆိုတော့ နိုင်ငံတကာ ခရီးသွားတွေ ရှိနေလို့ပါ။ နိုင်ငံတကာ ကျန်းမာရေး ပြဋ္ဌာန်းချက်အရကို ခြင်တွေ ယင်တွေဆိုတာ လုံးဝ မရှိရဘူး။ မရှိအောင်လည်း သက်ဆိုင်ရာလေဆိပ်က ဌာနအသီးသီးကလည်း တာဝန်ရှိပါတယ်။ အချိန်ပိုင်းအတွင်း ခြင်တစ်ကောင်ကသာ ရောဂါပိုး သယ်လာခဲ့ရင် ကျွန်တော်တို့အတွက် အများကြီး အန္တရာယ်ရှိတယ်။ လေဆိပ်မှာ ခြင်တစ်ကောင်မှ မရှိအောင်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အခု လေဆိပ်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လေဆိပ်မှာ ခြင်တွေ မရှိအောင် ဆောင်ရွက်မှာ ဖြစ်သလို လေယာဉ်တွေကတစ်ဆင့် ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေ ဝင်မလာအောင်လည်း လုပ်ဆောင်သွားဖို့ လုပ်နေပါတယ်။ အဓိက ရောဂါဖြစ်ပွားမှု ရှိနေတဲ့ နိုင်ငံကို ဝင်ထွက် သွားလာနေတဲ့ စင်ကာပူ၊ ထိုင်း၊ မလေးရှား လေကြောင်းလိုင်းတွေမှာ ခြင်နှိမ်နင်းရေး လုပ်ငန်းတွေလုပ်ဖို့လည်း ညှိနှိုင်း လုပ်ဆောင်သွားမှာပါ” ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။ ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး အဆိုပါ ဗိုင်းရပ်စ်ရောဂါပိုးအား သယ်ဆောင်သော အေးဒီးစ်အမျိုးအစား ခြင်ကျားကိုက်ခံရခြင်းကြောင့် ရောဂါကူးစက်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဇီကာဗိုင်းရပ်စ် (Zika Virus) သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများသည့် နိုင်ငံများတွင် ကူးစက် ဖြစ်ပွားနိုင်ချေ ရှိခြင်းကြောင့် ပြည်တွင်း၌ ကူးစက်မှု မဖြစ်စေရန် ခြင်နှိမ်နင်းရေး အပါအဝင် ကြိုတင် ကာကွယ်ရေးများ လုပ်ဆောင်ရန် ပြည်သူ့ကျန်းမာရေး ဌာနမှ သတိပေးထားကြောင်းနှင့် မြန်မာနိုင်ငံသည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းများသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခြင်းကြောင့် ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိနေသည့် နိုင်ငံများတွင် ပါဝင်ကြောင်းနှင့် တုပ်ကွေးရောဂါများကို ကူးစက်စေတတ်သော ရေသေရေသန့်တွင် နေသည့် အေးဒီးစ်ခြင်ကို နှိမ်နင်းခြင်းဖြင့် အဆိုပါ ရောဂါများကို ကာကွယ်နိုင်ကြောင်းလည်း သိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ဇီကာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း၊ လူထုအသိပညာပေး လုပ်ငန်း၊ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်း၊ ပြည်သူလူထုအား ခြင်အကိုက် မခံရအောင် သင့်လျော်သော ကာကွယ်ရေး နည်းလမ်းများကို အသုံးပြုရေး အသိပညာပေး နှိုးဆော်တိုက်တွန်းရန်၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးမွေးဖွားနိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများကို ပိုမိုအလေးထား အသိပညာပေးရန်၊ ရောဂါကူးစက် ဖြစ်ပွားနေသော ဒေသများတွင် Microcephaly နှင့် Guillain Barre Syndrome ဖြစ်ပွားမှု ရှိ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှုများ တွေ့ရှိပါက ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ မျှဝေပေးရန် (သို့ရာတွင် ခရီးသွားလာခြင်း လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း ကန့်သတ်တားမြစ်ခြင်းတို့ကို မဆောင်ရွက်သင့်ကြောင်း) အကြံပြု တိုက်တွန်းထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ Writer: အိသဥ္ဇာကျော်
Source : http://ift.tt/2carZgC
via IFTTT
No comments:
Post a Comment