စမ်းချောင်းမြို့နယ် တိုက်ခန်းတစ်ခု အတွင်း ပုပ်ပွသေဆုံးနေခဲ့သည့် မိန်းကလေးမှာ နေအိမ်မှ ဆင်းသွားသူဖြစ်ပြီး အဆုတ်တွင် ပြည်တည်နေဟု ကနဦး ဆေးစာထွက်ရှိကြောင်း စက်တင်ဘာ ၁၂ ရက်တွင် စမ်းချောင်းမြို့မရဲစခန်းမှ သိရသည်။ “သေဆုံးသူ မိန်းကလေးရဲ့ အဆုတ်မှာ ပြည်တည်နေတယ်လို့ ကနဦးဆေးစစ်ချက် အဖြေထွက်ရှိပါပြီ။ သေဆုံးသူနဲ့ ပတ်သက်ပြီး သူရဲ့ဆွေမျိုးတွေက စက်တင်ဘာ ၁၁ ရက်မှာ စခန်းကို လာရောက် ဆက်သွယ်ပါတယ်။ သေဆုံးသူဟာ ပြည်ဇာတိဖြစ်ပြီး သူမိဘတွေဟာ သူငယ်ငယ်လေးတည်းက ဆုံးသွားတယ်လို့ သိရပါတယ်” ဟု စမ်းချောင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ သေဆုံးသူ မိန်းကလေးမှာ ၎င်း၏မိဘများ ကွယ်လွန်ခဲ့ပြီးနောက် ဦးလေးနှင့်အတူ လှိုင်သာယာမြို့နယ်တွင် လာရောက်နေထိုင်ကာ ရှစ်တန်းအထိ သင်ယူခဲ့ရကြောင်း၊ ထို့နောက် ၎င်း၏ သူငယ်ချင်းများနှင့် အပြင်သို့ သွားလာနေသဖြင့် ဦးလေးနှင့် အဆင်မပြေဖြစ်ကာ ၂ဝ၁၄ ခုနှစ် နှစ်စပိုင်းတွင် လှိုင်သာယာနေအိမ်မှ ဆင်းသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ အမျိုးသမီးမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသလို အသုံးပြုနေသည့် နာမည်မှာလည်း ၎င်းအစ်မဝမ်းကွဲ၏ နာမည်ဖြစ်ကြောင်း၊ တိုက်ခန်းငှားရမ်းထားသည့် စာချုပ်မှာလည်း တိတိကျကျ ချုပ်ဆိုထားခြင်း မရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။ စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်က စမ်းချောင်းမြို့နယ် လင်းလွန်း(တောင်) ရပ်ကွက် တကောင်းလမ်းရှိ နေအိမ်တိုက်ခန်း တစ်ခုအတွင်း၌ အပုပ်နံ့ရသဖြင့် ပတ်ဝန်းကျင် နေထိုင်သူများက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများက အဆိုပါ တိုက်ခန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက်စစ်ဆေးရာ အဆိုပါ အပုပ်နံ့ရသည့် နေအိမ်တိုက်ခန်း တံခါးသော့ကို သက်ဆိုင်ရာ တာဝန်ရှိသူများကဖျက်ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်အတွင်း မွေ့ယာပေါ်၌ မ..... (၂၁ နှစ်) မှာ ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက အခန်းအတွင်း ဆက်လက် စစ်ဆေးရာ မ.... (၂၁ နှစ်) ၏ အဝတ်ထည့်သော ဘီရိုအတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ခဲပတ်လိပ် တစ်လိပ်နှင့် ပြုပြင်ထားသည့် ရေသန့်ဘူးတစ်ဘူး ကော်ပိုက်နှစ်ချောင်းတို့ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ပြင် ဇူလိုင်လအတွင်းက အထူးကု ဆေးခန်းတစ်ခုတွင် ကုသထားသည့် ဆေးကုသမှု မှတ်တမ်းစာအုပ်နှင့် သွေးစစ်ဆေးချက် မှတ်တမ်းတို့အား တွေ့ရှိခဲ့ပြီး အဆိုပါ သွေးစစ်ဆေးချက် မှတ်တမ်းတွင် သွေးလွန်တုပ်ကွေးရောဂါရှိသည်ဟု ဖော်ပြထားကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ သိရသည်။ အဆိုပါဖြစ်စဥ်အား စမ်းချောင်းမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဥ် (၉/၂၁ဝ၆) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Writer: သန့်ဇင်ကျော်
Source : http://ift.tt/2cnDC0B
via IFTTT
No comments:
Post a Comment