ရခိုင်ဒေသ ဖြစ်ရပ်များတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်နိုင်ရန် တပ်မတော်နှင့် ဆွေးနွေးနေ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက် သတ်ဖြတ် ကျူးလွန်သည့် လုပ်ရပ်နှင့် အဖွဲ့များကို အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်နိုင်ရန် တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။ “ဒီအဖွဲ့ကို Extremist Terrorist (အစွန်းရောက် အကြမ်းဖက်) လို့ သုံးတယ်။ အကြမ်းဖက် လုပ်ဆောင်တဲ့ လုပ်ရပ်ဆိုပြီး တော့ ကျနော်တို့ သုံးတယ်။ ဒါက ဆွေးနွေးပွဲရဲ့ Result အနေနဲ့ သုံးတာ ဖြစ်တယ်။ ဒီအစိုးရလက်ထက်မှာ ဒီအဖွဲ့ကို Terrorist Act ၊ Extremist Terrorist လို့ သုံးနှုန်းခြင်းဟာ ပထမဆုံးပဲ။ အခုလက်ရှိ မောင်တောမှာ အကြမ်းဖက် သတ် ဖြတ်မှုတွေ လုပ်နေတဲ့ လူတွေက သူတို့ကိုယ်သူတို့ ဘယ်အဖွဲ့လို့ ကြေညာထားသလဲ ဆိုတဲ့ အချက်က အဓိက အချက်ပဲ။ ဒီဟာသည် Extremist Terrorist Act လို့ တရားဝင် ပြောလိုက်ပြီ။ ပြောလိုက်တဲ့အပေါ်မှာ ဒါနဲ့ လုံလောက်ခြင်း ရှိ၊ မရှိပေါ့ နော်။ ဒါကို စဉ်းစားဖို့ လိုတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။ သို့သော် မည်သည့်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာနိုင်ရေးနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးနေကြောင်း၊ ဆွေးနွေးမှုတွင် ပြန်လည် သုံးသပ်ရမည့် ကိစ္စများ ရှိနေပြီး အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာနိုင်သေးခြင်းမှာ ဆွေးနွေး မှုနှင့် နောက်ဆက်တွဲ ကိစ္စရပ်များ မရှင်းလင်း၊ အပြီးမသတ်နိုင်သေး၍ ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက ပြောသည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ မောင်တောဒေသဆိုင်ရာ တည်ငြိမ် အေးချမ်းရေး ထုတ်ပြန်ချက် တွင် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် အစွန်းရောက် အကြမ်းဖက်သူများနှင့် အကြမ်းဖက် အားပေးသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ပထမဆုံး တရားဝင် ဖော်ပြခဲ့သည်။ မြန်မာအစိုးရက ရရှိသည့် Aqua Mul Mujahidin – AMM အဖွဲ့၊ ARSA ဟုခေါ်သည့် Arakan Rohingya Salvation Army တို့မှာ တဖွဲ့တည်း ဟုတ်၊ မဟုတ်၊ နိုင်ငံခြားတွင် အခြေစိုက်ပြီး ထုတ်ပြန်ချက်များ ထုတ်နေသည့် အဖွဲ့များနှင့် တူ၊ မတူတို့ကိုလည်း စိစစ်နေရကြောင်း သိရသည်။ “ကျနော်တို့ တိကျခိုင်မာဖို့ လိုတာက ARSA လို့ ခေါ်တဲ့ ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်နဲ့ မောင်တောမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေတဲ့ အဖွဲ့နဲ့ တဖွဲ့တည်းလား။ သူတို့ရဲ့ ခေါင်းဆောင်က Statement ထုတ်နေတဲ့သူ ဆိုတာ သေချာလားဆိုတာ ခိုင်လုံတဲ့ အထောက်အထားလိုတယ်။ သေချာမှ ဘယ်အဖွဲ့သည်ဆိုပြီးတော့ ကြေညာလို့ ရမယ်” ဟု ဦးဇော်ဌေးက ဆက်လက်ပြောသည်။ တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ရဲနိုင်ဦးက “နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတာ ကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှသာ နိုင်ငံ တကာမှ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့များရဲ့ အကူအညီနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ အစီရင် ခံခြင်းဖြင့် အကြမ်းဖက် အဖွဲ့အစည်းများအား အားပေး ကူညီမှုများကို ထိရောက်စွာ တားဆီးနိုင်မှာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ် စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဦးခင်မောင်လတ်၏ ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးမည့်သူ ၂၄ ဦးရှိရာ ၅ ဦးသာ ဆွေးနွေးခွင့်ရသေးပြီး ဆက်လက်ဆွေးနွေးရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ထားသည်။ ရခိုင်အမျိုးသား ပါတီ (ANP)မှ လွှတ်တော်အမတ် ဦးဝေစိန်အောင်က အကြမ်းဖက်အဖွဲ့များသည် ရခိုင်ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မောင်တောမြို့နယ်ရှိ ရခိုင်ကျေးရွာ ၂ဝဝ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ယခု အခါ ရခိုင်ရွာများသည် မောင်တောနယ်၌ ဆယ်ဂဏန်းခန့်သာ ကျန်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ အသက်အန္တရာယ် ဆုံးရှုံးရခြင်းနှင့် နိုင်ငံအချုပ်အခြာ အာဏာထိခိုက်ခြင်းတို့အတွက် ယခုအဆိုကို အတည် ပြုရန် တိုက်တွန်းခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မောင်တော တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို Aqua Mul Mujahidin အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအဖွဲ့အပြင် Rohingya National Security Committee – RSNA အဖွဲ့လည်း ရှိကြောင်း၊ ယင်း ၂ ဖွဲ့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ မတ်လတွင် Arakan Rohigya Salvation Army အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး စစ်ရေးတာဝန်ခံမှာ Aqua Mul Mujahidin – AMM အဖွဲ့မှ ဟာဗစ်ဒူလာ ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ခဲ့သည်။ The post ရခိုင်ဒေသ ဖြစ်ရပ်များတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်နိုင်ရန် တပ်မတော်နှင့် ဆွေးနွေးနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2v4gIBP
via IFTTT
No comments:
Post a Comment