Sunday, August 13, 2017


ကရင်သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် KNU ဒုဥက္ကဋ္ဌပြော ကရင်တိုင်းရင်းသားများအနေဖြင့် လူမျိုးတမျိုးအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် သမိုင်းကြောင်း၊ စာပေ ယဉ်ကျေးမှုတို့ကို သိရှိ ထိန်းသိမ်းရန် လိုအပ်ကြောင်း ၆၇ ကြိမ်မြောက် ကျင်းပသည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ ၆၇ ကြိမ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ဘားအံခရိုင် ရှိ KNU တပ်မဟာ ၇ ဒေသတွင် သြဂုတ် ၁၂ ရက် စနေနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ရန်ကုန်၊ ဧရာဝတီ နှင့် ကရင်ပြည်နယ်တွင်း အခြားမြို့များတွင်လည်း ကျင်းပကြောင်း သိရသည်။ အခမ်းအနားတွင် KNU ခေါင်းဆောင်များက လူထုအမှာစကား အသီးသီး ပြောကြားခဲ့ပြီး ဘားအံခရိုင်အပါအဝင် ရန်ကုန်နှင့် တခြားဒေသများမှ ကရင်အမျိုးသား၊ အမျိုးသမီး လူငယ်များ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြပြီး တက်ရောက်သူ ၁ ထောင်ကျော် ရှိခဲ့သည်။ KNU သည် ၂၀၁၂ ခုနှစ် မြန်မာအစိုးရ၊ တပ်မတော်တို့နှင့် နှစ်ဘက်အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်များ နှင့် ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် ချုပ်ဆိုထား သည့်အတွက် ပြည်တွင်း ပြည်ပ ကရင်လူငယ်များ အကြား ဆက်စပ်မှု ပိုမို အားကောင်းလာခဲ့သည်ဟုု ခေါင်းဆောင်များက ဆိုသည်။ ဖဒိုကွယ်ထူးဝင်းက “ကျနော်တို့ ကရင်တွေ လိုချင်တဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူမျိုးတမျိုးအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး အတွက် လူမျိုးတိုင်းရဲ့ တဦးချင်းစီမှာ တာဝန်ရှိတယ်။ သူ့လူမျိုးရဲ့ အဂါၤရပ်နဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ သူ့စာပေ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ သမိုင်းကြောင်းတွေ ဒါတွေ သိရှိဖို့ လိုတယ်။ ဒါကြောင့် ကရင်လူမျိုးတိုင်း လူငယ်တိုင်း မိမိရဲ့ သမိုင်းကြောင်းကို သိဖို့လိုတယ်။ မိမိရဲ့ လူမျိုးကို သိဖို့လိုတယ်။ မိမိစာပေ ဘာသာစကားတွေ ထိန်းသိမ်းပါ။ မိမိရဲ့ဓလေ့ထုံးစံတွေကိုလည်း သိရှိရမယ်။ သိရှိယုံတင်မကဘူး။ နေ့စဉ်ဘဝမှာ ကျင့်သုံးဖို့ လိုတယ်။” ဟု ဧရာဝတီသို့ ပြောဆိုသည်။ ကရင်လူငယ်များ၊ သက်ရှိ ပုဂ္ဂိုလ် လူကြီးများအနေဖြင့် ကရင့် စာပေ၊ ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းတို့ ဆက်လက်ရှင်သန်ရေးအတွက် ဆက်လက် ကြိုးပမ်းကြရန် ၎င်းက တိုက်တွန်းသည်။ ကရင်ပြည်ရရှိရေး၊ တန်းတူညီမျှရေး တို့အတွက် မြန်မာအစိုးရအား ၁၉၄၉ ခုနှစ်တွင် စတင်တော်လှန် တိုက်ပွဲဝင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တည်ထောင်သူ စောဘဦးကြီး ကျဆုံးခဲ့သည့်နေ့ကို ကရင့်အမျိုးသားရေး လှုပ်ရှားမှုတွင် အသက်ပေးလှူခဲ့သူများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ကရင်အမျိုးသားအာဇာနည်နေ့ အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပသည်။ စောဘဦးကြီးနှင့် စစ်ဆင်ရေးမှူး ဗိုလ်ချုပ်စိုင်းကေတို့သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး ထို့ကော့ကိုး ရွာနားတွင် ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က မြန်မာတပ်မတော် တပ်ဖွဲ့များ၏ ပိတ်ဝိုင်းတိုက်ခိုက်ခံခဲ့ရပြီး ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကရင်အမျိုးသားအာဇာနည်နေ့တွင် အာဇာနည် ပန်းခွေချခြင်း၊ နှစ်ပေါင်း ၆၈ နှစ်ကြာ ကရင့်အမျိုးသားရေး လှုပ်ရှားမှု အတွင်း အသက်ဆုံးခဲ့ရသော တပ်သားများ၏ မိသားစုဝင်များ၊ နှင့် ကိုယ်လက်အဂါၤဆုံးရှုံးခဲ့ရသူ တပ်သားများနှင့် မြေမြှုပ်မိုင်းများကြောင့် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသူ ပြည်သူများအား ဂုဏ်ပြုခြင်း၊ KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာဖတ်ကြားခြင်းနှင့် စစ်ရေးပြ အခမ်းအနားတို့ဖြင့် ကျင်းပသည်။ “တခြား နေ့တွေကို မကျင်းပဘဲ နေလို့ရပေမယ့် ကရင့်အာဇာနည်နေ့ကို မကျင်းပဘဲ နေလို့မရဘူး။ ဘာလို့လည်းဆိုတော့ ကရင့်အာဇာနည်နေ့ကို မကျင်းပဘဲနေသွားရင် နောင်လာနောက်သားတွေ သားစဉ်မြေးဆက်တွေ ဒီအကြောင်းတွေ မသိတော့မှာ စိုးတယ်။” ဟု KNU တရားသူကြီးချုပ် ဖြစ်သူ နော်မြိုင်ဖိုးက ပြောဆိုသည်။ စောဘဦးကြီးနှင့် အပေါင်းပါအားလုံးအပြင် ပြည်သူလူထု၊ အကြပ်တပ်သားများနှင့် ကရင် စစ်ဗိုလ်များ စသည့် အသက်ပေးလှူသွားခဲ့သူများအား သတိရနေစေရန် ထိုနေ့ကို ကျင်းပရခြင်းဖြစ်ပြီး၊ စောဘဦးကြီးအပါအဝင် သမိုင်းပြုထိုက်သည့် ကရင်အမျိုးသားခေါင်းဆောင်များရှိကြောင်းကို နောင် သားစဉ်မြေးဆက်များ သိရှိရေးသည် အရေးကြီးသည်ဟု နော်မြိုင်ဖိုးက ဆိုသည်။ “ကျမတို့မှာ ဒီလို ခေါင်းဆောင်တွေ ရှိပါတယ်။ ဒီလိုခေါင်းဆောင်တွေ အသက်ပေးသွားလို့ပဲ ကျမတို့ ဒီလို နေနိုင်တယ်။ မနက်က ဥက္ကဌကြီး ( စောမူတူးစေဖိုး မိန့်ခွန်းမှာ) ပြောသွားသလို ကျမတို့ စစ်အာဏာရှင် လက်အောက်မှာ လောင်းရိပ်မိနေတယ်ဆိုတာကတော့ ထင်ရှားပါတယ်။” ဟု ၎င်းက ရှင်းပြသည်။ KNU တွဲဖက်အတွင်းရေးမှူး ၁ ဖြစ်သူ ဖဒိုစောလှထွန်းကလည်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဥက္ကဋ္ဌ စောဘဦးကြီးက ဥပဒေဘောင်အတွင်းမှ အခြေခံ တိုက်ပွဲဝင်ပြီး၊ အဆင့်ဆင့် လှုပ်ရှားမှုများဖြင့် လက်နက်ကိုင်တိုက်ပွဲကို ဦးတည်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ “ကျနော်တို့ နိုင်ငံရေးတိုက်ပွဲ အသွင်ကို ပြောင်းနေတယ်။ အဲဒါကြောင့် လက်ရှိ ကရင်အမျိုးသားတွေရဲ့ တော်လှန်ရေး လုပ်ငန်းစဉ်က မပြောင်းလဲဘူး။ စောဘဦးကြီးရပ်တည်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်းပဲ ရှိနေဆဲ ဖြစ်တယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ ကိုင်စွဲပီး တိုက်ပွဲဝင်နေဆဲ ပဲ ရှိတယ်။ လက်ရှိ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု တွေနေရာမှာလည်း ကျနော်တို့ ဥက္ကဋ္ဌ စောဘဦးကြီးရဲ့ မူ လေးရပ်အပေါ်မှာပဲ ရပ်တည်နေတယ်။” ဟု ဖဒိုစောလှထွန်းက ဆိုသည်။ The post ကရင်သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် KNU ဒုဥက္ကဋ္ဌပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2vRxvws
via IFTTT

No comments:

Post a Comment