Wednesday, August 16, 2017


Reuters သတင်းဌာနကို သတင်းမီဒီယာကောင်စီတွင် ဦးဖြိုးမင်းသိန်း တိုင်ကြား ရန်ကုန်တိုင်း ဒေသကြီး အစိုးရက တရုတ်နိုင်ငံမှ ဘတ်စ်ကား တင်သွင်းခဲ့ခြင်း အကြောင်း ဆောင်းပါးနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က Reuters သတင်းဌာနအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် တိုင်ကြားခဲ့သည် ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ဩဂုတ်လ ၆ ရက်နေ့က ထုတ်ဝေခဲ့သည့် “တရုတ်နိုင်ငံထုတ် ဘတ်စ်ကား ဝယ်ယူမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ၏ ရန်ကုန်မှ လူယုံ ဝေဖန်ခံရ” ဟူသော ခေါင်းစဉ်ပါ ဆောင်းပါးတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ ဝယ်ယူမှု၏ နောက်ကွယ်မှ ပွင့်လင်းမြင်သာမှုနှင့် နှစ်ဖက် တာဝန်ခံမှုကို မေးခွန်းထုတ်ထားသည်။ မြန်မာနိုင်ငံ မီဒီယာကောင်စီသည် တိုင်ကြားစာကို တနင်္လာနေ့က လက်ခံရရှိပြီး တိုင်ကြားမှုနှင့် ပတ်သက်၍ ကြားဝင် စေ့စပ် ဆောင်ရွက် ပေးရန် အင်္ဂါနေ့တွင် ရိုက်တာသတင်းဌာနသို့ အကြောင်းကြားမည် ဟု ကောင်စီ ဒုဥက္ကဌ ဦးအောင်လှထွန်းက ဧရာဝတီသို့ ပြောသည်။ ထိုဆောင်းပါးသည် အချက်အလက် အရ မှားယွင်းကြောင်းနှင့် Reuters သတင်းဌာနသည် သူ့ထံတွင် အချက်အလက်မှန်/ မမှန် စစ်ဆေးခဲ့ခြင်း မရှိသည့် အတွက် တိုင်းဝန်ကြီးချုပ်က ကောင်စီသို့ တိုင်ကြားသည် ဟု ဦးအောင်လှထွန်း က ပြောပြီး သတင်းမီဒီယာကောင်စီအနေနှင့် တိုင်ကြားစာ အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။ သို့သော် Reuters သတင်းဌာနကမူ ဦးဖြိုးမင်းသိန်းသည် ထိုဆောင်ပါး အတွက် တွေ့ဆုံမေးမြန်းရန် တောင်းဆိုမှုများကို ပယ်ချခဲ့သည် ဟု ၎င်းတို့၏ ဆောင်းပါးတွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတင်းမီဒီယာ လုပ်ငန်းများကို တိုင်ကြားသော ဒုတိယ ဖြစ်ရပ် ဖြစ်သည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလက ဦးဖြိုးမင်းသိန်းသည် အလဲဗင်း မီဒီယာအုပ်စုနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်အား လာဘ်စားသည်ဟု စွပ်စွဲချက်ကြောင့် တာမွေမြို့နယ် တရားရုံးနှင့် စာနယ်ဇင်းကောင်စီသို့ တိုင်ကြားသည်။ Reuters သတင်းဌာန၏ ဆောင်းပါးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဦးဖြိုးမင်းသိန်း၏ အစိုးရသည် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် သူ၏ လုပ်ပုံကိုင်ပုံ မပြောင်းလျှင် အစိုးရ၏ ပုံရိပ်ကို ထိခိုက်မည် ဖြစ်ကြောင်းပြောသည့် စကားကို ကိုးကား၍လည်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းတွင် ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက တိုင်းလွှတ်တော်တွင် ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီ (YBPC) သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ထောက်ခံပြီး ရွေးချယ် ထားသော တရုတ်ကုမ္ပဏီများထံမှ ဘတ်စ်ကား ၁၀၀၀ ကို အမေရိကန်ဒေါ်လာ ၅၆ သန်းဖြင့် ဝယ်ယူထားသည် ဟု ပြောသည်။ နောက်ထပ်ဘတ်စ်ကား ၁၀၀၀ ကို အခြားသော တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်သည့် Beiqi Foton Motor Co. Ltd ထံမှ ပုဂ္ဂလိက သဘောတူစာချုပ် အရ စစ်အုပ်စု၏ ခေါင်းကိုင်ဖခင် ခေါင်းဆောင်ဟောင်း ဦနေဝင်း၏ မြေး စီးပွားရေး လုပ်ငန်းရှင် ဦးကျော်နေဝင်းက တင်သွင်းသည် ဟု Reuters သတင်းဌာနက ဖော်ပြသည်။ ထို သဘောတူညီချက်များ လက်မှတ် မရေးထိုးမီက တင်ဒါခေါ်ယူခြင်း၊ တိုင်းလွှတ်တော်တွင် ဆွေးနွေးခြင်း မရှိခဲ့ဟုလည်း Reuters သတင်းဆောင်းပါးတွင် ဖော်ပြထားသည်။ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC) သည် အစိုးရ၏ ရန်ကုန် ဘတ်စ်ကားစနစ် (YBS) ကို ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီ အများအပြား အနက်တခုသာ ဖြစ်သော ဒေသဆိုင်ရာအစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်သည့် လုပ်ငန်း ဖြစ်သည်။ အထက်ပါ သံအမတ်က ထုတ်ကုန်အရည်အသွေးကို အာမခံပြီး ဈေးနှုန်းသည် သင့်တင့်သည် ဟု ပြောကြောင်း ဦးမြင့်သောင်း က တိုင်းလွှတ်တော်တွင်ပြောသည်။ ရွေးချယ်ခံရသော လုပ်ငန်း ၂ ခုမှာ Anhui Ankai Automobile Co. Ltd. နှင့် ပုဂ္ဂလိကပိုင် Zhengzhou Yutong Bus Co. တို့ ဖြစ်သည်ဟု Reuters သတင်းအရ သိရသည်။ Reuters သတင်း၏ အဆိုအရ ထိုပုဂ္ဂလိက ကုမ္ပဏီကိုလည်း တရုတ်နိုင်ငံလုံး ဆိုင်ရာ အမျိုးသား ကွန်ဂရက်အဖွဲ့ဝင် (ဟောင်း) က ဦးဆောင်သည်ဟု သိရသည်။ မြို့တော်ဟောင်းတွင် ဘတ်စ်ကား မလုံလောက်မှု အတွက် အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ခြင်းက အချိန်တို အတွင်း အလျင်အမြန် တိုးတက်စေမည် ဟု ဘတ်စ်ကားစနစ်ကို ကြီးကြပ်သော တိုင်းအစိုးရအဖွဲ့အစည်း ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဧရာဝတီသို့ ပြောသည်။ ယခု သတင်းရေးသားချိန် အထိ ထပ်မံ ကောက်ချက်ချ ပြောကြားပေးရန် ဒေါက်တာမောင်အောင်ကို ဆက်သွယ်သော်လည်း မရခဲ့ပါ။ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ တိုင်ကြားမှုနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုကို Reuters သတင်းဌာနက အီးမေးလ်ဖြင့် ပြန်ကြားရာတွင် Reuters ၏ ပြောခွင့်ရသူက ၎င်းတို့သတင်းဌာနသည် မျှတမှု တိကျမှုဖြင့် ရပ်တည်သည်ဟု အကြောင်းပြန်ကြားခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် ၂၀၁၆-၁၇ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို ပြင်ဆင်ရန် ကျပ်ငွေ ၇၀ ဘီလီယံ တောင်းခံခဲ့သည်။ ဆက်စပ်ဖတ်ရှုရန် – တရုတ် ဘတ်စ်ကားဝယ်ယူမှု ပွင့်လင်းမြင်သာခြင်း မရှိဟု ဦးဖြိုးမင်းသိန်း အဝေဖန်ခံရ The post Reuters သတင်းဌာနကို သတင်းမီဒီယာကောင်စီတွင် ဦးဖြိုးမင်းသိန်း တိုင်ကြား appeared first on ဧရာဝတီ.
Source : http://ift.tt/2w9n8EO
via IFTTT

No comments:

Post a Comment