ALA ဌာနချုပ်ကို သိမ်းလိုက်ပြီဟု AA စစ်ဦးစီးချုပ်ပြော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ဗဟိုဌာနချုပ် ကို ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသို့ ပြောသည်။ မြန်မာ-အိန္ဒိယ နယ်စပ်တွင် အခြေစိုက်ထားသော ALA ဌာနချုပ်ကို သြဂုတ်လ ၂၂ ရက်နေ့က စတင်၍ AA တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်တော့ ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း AA ဘက်ကဆိုသည်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “အခု ALP ဌာနချုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ ထိန်းသိမ်းနိုင်လိုက်ပြီ။ သွေးထွက် သံယို အနည်းဆုံး ဖြစ်အောင် ကိုင်တွယ်ခဲ့ပါတယ်။ ဆုံးရှုံးမှုတွေ အတွက်လည်းစိတ်မကောင်းပါဘူး။ ဒါက အမျိုးသားရေးအတွက် လိုအပ်လို့ လုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။ မူလက ဆွေးနွေးရန်ရည်ရွယ်ထားသော်လည်း ALA ဘက်က ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှု အဆင့်သို့ ရောက်ရှိ သွားခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် ALA ဘက်တွင် ကျဆုံးမှု ရှိခဲ့သလို AA ဘက်တွင်လည်း ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဦးစီးချုပ် က ထပ်လောင်းပြောဆိုသည်။ ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ALA ကိုလက်နက်ဖြုတ်သိမ်းပြီး AA အောက်သို့ ဝင်ကာ ရခိုင်အလံတော် တခုတည်းအောက်တွင် ရခိုင့်တပ်မတော် တခုတည်း ရပ်တည်ကြရန် အတွက် ဆုံးဖြတ်၍ ထိုကဲ့သို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “တချိန်ချိန်မှာတော့ထိပ်တိုက် တိုးတော့မယ် ဆိုတာ ကျနော်တို့ သိပြီ။ ဒါပေမယ့် အင်အားအရ ဆိုရင်တော့ သူတို့နဲ့ ကျနော်တို့ နဲ့ တော်တော်လေး ကွာခြားတယ် ။ ဒါ့ကြောင့် တိုက်ပွဲတွေဟိုမှာဒီမှာ ဖြစ်နေမယ့် အစား တချိန်တည်းမှာ ထိထိ ရောက်ရောက်နဲ့ သွေးထွက်သံယိုမှုအနည်းဆုံးနဲ့ လက်နက် ဖြုတ်သိမ်းလိုက်မယ် ဆိုတာကို ကျနော်တို့ မလွှဲသာလို့ နောက်ဆုံးဆုံးဖြတ်ခဲ့ရတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုသည်။ AA ပြောသကဲ့သို့ ၎င်းတို့ ဌာနချုပ် ကျဆုံးသွားပြီဆိုသည်မှာ မဟုတ်ကြောင်း၊ AA ၏ တိုက်ခိုက် သိမ်းပိုက်ခြင်း ခံလိုက်ရသည့် စခန်းမှာ ဓညဝတီ အမည်ရ ရှေ့တန်းစခန်းတခုသာဖြစ်ကြောင်း ၎င်းတို့တွင် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် စခန်းများ များစွာကျန်ရှိနေသေးကြောင်း ALP ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် က ပြောသည်။ ထို့အတူ ရခိုင်တိုင်းရင်းသား တပ်အချင်းချင်းအပေါ် ကြိုတင်ဆွေးနွေးမှု မပြုလုပ်ဘဲ လက်နက်ဖြင့် ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခြင်းမှာ မလုပ်သင့်ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခြင်းကြောင့်လည်း နှစ်ပေါင်း ၅၀ ကျော် ရပ်တည်လာခဲ့သည့် ALP/ALA မှာ ပျောက်ဆုံးသွားမည်မဟုတ်ကြောင်း ဦးခိုင်စိုးနိုင်အောင်က ဆိုသည်။ ဦးခိုင်စိုးနိုင်အောင် က “သူတို့ လာတိုက်တယ်ဆိုကတည်းက ကျနော်တို့ကို ချေမှုန်းမယ်ဆိုတဲ့ပုံစံမျိုး အစီအစဉ်နဲ့ တိုက်တယ်လို့ မှတ်ယူတယ်။ နှစ်ပေါင်း ၅၀ လောက်ဖြတ်သန်းလာခဲ့တဲ့ အဖွဲ့အစည်း တခုကို တခြားအဖွဲ့အစည်းတခုအောက် ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရခိုင်သား အချင်းချင်း အခုလိုလုပ်တာ အဖြေလည်း မထွက်နိုင်ဘူး။ စိတ်လည်းမကောင်းဘူးပေါ့ဗျာ” ဟု ဧရာဝတီသို့ ပြောသည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် တချိန်တည်းတွင် တပ်မတော်က ဘူးသီးတောင်နှင့် ကျောက်တော် မြို့နယ်များတွင် ယခင်ကထက် တပ်အင်အား ပို၍ ချထားပြီး လှုပ်ရှားနေလျှက် ရှိပြီး၊ လက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်နေလျှက်ရှိသည်ဟု AA ဘက်ကပြောသည်။ ထို့အတူ သြဂုတ်လ ၂၁ ရက်နေ့ကလည်း ကုလားတန်မြစ် အနောက်ဘက်အခြမ်းတွင် တပ်မတော်စစ်ကြောင်းများနှင့် AA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တပ်မတော်စစ်ကြောင်းတွင် ALA တပ်ဖွဲ့ဝင်အချို့ လမ်းပြ အဖြစ်လိုက်ပါခဲ့ သည်ဟု AA ဘက်က စွပ်စွဲပြောဆိုထားသည်။ The post ALA ဌာနချုပ်ကို သိမ်းလိုက်ပြီဟု AA စစ်ဦးစီးချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2xDdLLg
via IFTTT
No comments:
Post a Comment