Friday, September 1, 2017


ဗြိတိန်ကုမ္ပဏီအား ကျွန်းစိုက်ပျိုးလုပ်ကိုင်ခွင့် MIC ပထမဆုံးအကြိမ်ခွင့်ပြု ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း၌ ပထမအကြိမ်အဖြစ် ပုဂ္ဂလိက ကျွန်းစိုက်ခင်းကို ဗြိတိန်နိုင်ငံသား ကုမ္ပဏီ တခုကို ပြည်တွင်းကုမ္ပဏီ တခုနှင့် အတူ ဖက်စပ်စိုက်ပျိုး လုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သြဂုတ်လ ၂၉ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီမှာ ဗြိတိန်နိုင်ငံမှ Global Agriculture Joint Venture ကုမ္ပဏီဖြစ်ပြီး ၎င်းက ပြည်တွင်းရှိ Jade king and Queen Gems and Jewelly ကုမ္ပဏီနှှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၅ သန်း ဖြစ်ကြောင်း သိရသည်။ MIC အထွေထွေတွဲဖက်အတွင်းရေးမှူး ဦးသန်းအောင်ကျော်က “ခွင့်ပြုတာက ကျနော်တို့ ဥက္ကံ သစ်တောကြိုးဝိုင်း တိုက်ကြီးမြို့နယ် မှာဖြစ်တယ်။ သစ်တောမြေကို နှစ်ရှည် စာချုပ် ချုပ်ပြီး ကျွန်းပင်စိုက် နေတာ တော်တော်လည်း ပြီးနေပြီ အဲဒါကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှှံတာ ဖြစ်တယ်။ ဒါကလည်း အောင်မြင်နိုင်ခြေ ရှိမှ ခွင့်ပြုပေးတာ။ ကျွန်းစိုက်ခင်း ချပေးတာ MICက ပထမဆုံးဖြစ်တယ်”ဟု ပြောသည်။ အဆိုပါ ကုမ္ပဏီမှ စိုက်ပျိုးခွင့်ရသည့် စုစုပေါင်း မြေဧကမှာ ၁၁၉၀၀ ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သစ်တောရေးရာ ဦးစီးဌာနမှ သိရသည်။ သစ်တောရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇောက “ပထမဆုံး စိုက်ခင်း ကုမ္ပဏီဖြစ်တဲ့ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ ကျောက်မျက်ရတနာ ကုမ္ပဏီက လွန်ခဲ့တဲ့ ၂၀၀၈ ၊ ၂၀၀၉ ခုနှစ်ထဲက ကျနော်တို့ဆီမှာ ပုုဂ္ဂလိက ကျွန်းစိုုက်ခင်းတွေကို လျှောက်ထားပြီးတော့ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ဧက ၇၀၀၀ စိုက်ခွင့်ပြုခဲ့တယ်။ ၂၀၀၈ ကစစိုက်တာက အခု ဒါကို အခြေခံထားပြီးတော့ ဗြိတိန်နိုင်ငံက ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ပုဂ္ဂလိက ကျွန်းစိုက်ပျိုး ထုတ်လုပ်လုပ်ငန်းတွေကို ဆက်လုပ်ဖို့အတွက် ဆက်ငှှားတယ်။ ဒီအတိုင်းခွင့်ပြုလို့မရဘူး။ MICက ခွင့်ပြုမှ ရမယ်။ ဒါကို MIC ဥပဒအရ ပြန်ခွင့်ပြုပေးတာ ဖြစ်တယ်’’ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ ကျွန်းစိုက်ပျိုးခင်းများကို နိုင်ငံခြားသားကုမ္ပဏီနှင့် မြန်မာနိုင်ငံသား ကုမ္ပဏီတို့ကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားသား ကုမ္ပဏီ ပါဝင်လာသောကြောင့် စိုက်ပျိုးနည်းပညာများနှင့် စိုက်ခင်းများ ယခုထက်ပို၍ အောင်မြင်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ကျွန်းသစ်များ ခုတ်ထွင်သည့် အချိန်တွင်လည်း စက်ပစ္စည်း ကိရိယာများကို ပြည်ပမှတင်သွင်းသည့်အခါ စက်မှုကဏ္ဍမှာလည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများမှ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုလာပါက စိုက်ခင်းများ အောင်မြင်မှုနှင့် မြန်မာနိုင်ငံသားများနှင့် ပူးပေါင်းလုပ်ဆောင်မည် ဆိုလျှင် နိုင်ငံခြားသား လုပ်ငန်းရှင်များကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ MIC ၏ သြဂုတ်လကုန်ပိုင်းတွင် ပြုလုပ်သည့် အစည်းအဝေးမှ အချက်အလက်များအရ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၇၁၀ သန်းနှင့် လုပ်ငန်း ၈ ခုခွင့်ပြုပေးခဲ့ရာမှ အလုပ်အကိုင်အခွင့်အလမ်း ၁၃၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပြီး မြန်မာနိုငံသား ရင်းနှီးမြုပ်နှံမှု မြန်မာကျပ်ငွေ ၂၁ သန်း ကျော် နှင့် လုပ်ငန်း ၅ ခု ခွင့်ပြုပေးခဲ့ရာ အလုပ်အကိုင် အခွင့်အလမ်း စုစုပေါင်း ၃၉၈ ခု ခွင့်ပြု ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ The post ဗြိတိန်ကုမ္ပဏီအား ကျွန်းစိုက်ပျိုးလုပ်ကိုင်ခွင့် MIC ပထမဆုံးအကြိမ်ခွင့်ပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2euweoo
via IFTTT

No comments:

Post a Comment