Saturday, December 16, 2017


တရုတ်က အာဂျင်တီးနား ကြယ်ပွင့် တီဗက်ဇ်ကို လစာဘယ်လောက်ပေးထားသလဲ ကားလို့စ် တီဗက်ဇ်(Carlos Tevez) အကြောင်း မျက်နှာဖုံးတင်ပြီး ပြောကြ၊ ဆိုကြ၊ ဝေဖန် အားပေးခဲ့ကြတဲ့ နှစ်ပေါင်း အတန်ကြာ ပါပြီ။ ပြည်တွင်းမှာ တီဗက်ဇ်ကို မသိသူ မရှိသလောက်ပါ။ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းမှာ လူကြိုက် အများဆုံး မန်ယူအသင်း မှာ ကစားဖူးတယ်၊ ပြီးတော့ မန်ယူရဲ့ အခါးသီးဆုံး ပြိုင်ဘက် မန်းစီးတီးမှာလည်း ကစားတယ်၊ ဒီတော့ အားလုံးရဲ့ အာရုံက သူ့ဆီ ရောက်သွားတာပဲ။ ပြီးတော့ သူက တိုက်စစ်မှူး၊ ကိုယ်အားပေးတဲ့ အသင်းအတွက် ဂိုးသွင်းသွားတော့ တီဗက်ဇ် တော်လိုက်တာပေါ့၊ နောက်တော့ တဖက် အသင်းရဲ့ ကစားသမား အနေနဲ့ ရောက်သွားပြီး ဂိုးသွင်းသွားတော့ ဘာလား၊ ညာလားပေ့ါ၊ ပြောကြ၊ ဆိုကြပြန်ပေါ့။ အခုတော့ ပြည်တွင်း မီဒီယာ စာမျက်နှာထက်ကနေ တီဗက်ဇ် ပျောက်သွားတာ နှစ် နည်းနည်း ကြာသွားပြီ။ သူ ဘယ်ရောက်သွား ပါသလဲ၊ ဘောလုံး လောကကနေ အနားယူသွားတာလား၊ တကယ်တော့ မဟုတ်ပါဘူး၊ အာရှမှာ လူစိတ်ဝင်စားမှု များအောင် ငွေကြေး အင်အားနဲ့ ထူထောင်နေတဲ့ တရုတ် အမှတ်ပေးပြိုင်ပွဲမှာ လစာကောင်းကောင်းနဲ့ သွားကစားနေတာပါ၊ ကားလို့စ် တီဗက်ဇ်ဇ်ရဲ့ နာမည် အပြည့်အစုံက Carlos Alberto Martinez Tevez ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ မွေးပါတယ်။ အာဂျင်တီးနားသား ဖြစ်ပြီး နိုင်ငံအသင်း အတွက်ရော ကလပ်အသင်းတွေ အတွက်ပါ အားထားရတဲ့ တိုက်စစ်မှူးပါ။ အခုတော့ တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာမှာ ကစားနေပါတယ်။ အာဂျင်တီးနားမှာ မွေးတဲ့ တီဗက်ဇ်က အရပ် ၅ ပေနဲ့ ၈ လက်မပဲ ရှိပါတယ်။ လက်ရှိ ဝတ်ဆင် ကျောနံပါတ်က ၃၂ပါ။ ငယ်စဉ် ကစားသမား ဘဝကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့ပြီး All Boys မှာ စခဲ့သလို အသင်းမှာ ၄ နှစ် ကြာခဲ့ပါတယ်။ ၁၉၉၇ မှာ Boca Juniors ရောက်လာပါတယ်။ အသင်းမှာ ၄ နှစ်ကြာ ဘောလုံး ပညာသင်ပြီး ၂၀၀၁ ခုနှစ်မှာပဲ ကြေးစား ဘောလုံးသမား ဘ၀ ရောက်လာပါတယ်။ Pro အဆင့်ကိုတော့ ၂၀၀၁ ခုနှစ်မှာပဲ စတင်ခဲ့ပြီး ဘိုကာဂျူနီယာ အသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့တာပါ။ ၂၀၀၄ ခုနှစ်ထိ အသင်း အတွက် ၇၅ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းပေးခဲ့ပါတယ်။ ကစားဟန် သွက်လက်တဲ့ တီဗက်ဇ်အတွက် ၂၀၀၅ ခုနှစ်မှာ Corinthians ရဲ့ ခေါ်ယူခြင်း ခံရပါတယ်။ ကိုရင်သီယန်မှာ တရာသီပဲ ကစားတယ်၊ အဆိုပါ တနှစ် အတွင်း ၃၈ ပွဲ ကစားပြီး ၂၅ ဂိုးထိ သွင်းခဲ့ပါတယ်။ ဒါဟာ လူငယ်ခြေတက်တွေထဲမှာ တရာသီ အတွင်း သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ မှတ်တမ်းဝင်နေပါတယ်။ တီဗက်ဇ်ရဲ့ တနှစ် အတွင်း ခြေစွမ်းက အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု ခံလာရပြီး ၂၀၀၆ မှာတော့ အင်္ဂလန် ကလပ် West Ham United ရောက်လာပါတယ်၊ ဒီအသင်းမှာလည်း တနှစ်ပဲ ကြာပါတယ်၊ ၂၆ ပွဲ ဝင်ကစားတယ်၊ ၇ ဂိုး သွင်းပါတယ်၊ ကံတက် ခြေတက်နေတဲ့ တီဗက်ဇ် အတွက်ကတော့ ၂၀၀၇ ခုနှစ်က အကောင်းဆုံး နှစ်ပါပဲ၊ ကမ္ဘာ့ လူကြိုက် အများဆုံး မန်ယူကနေ ခေါ်ယူခြင်း ခံရလို့ပါ၊ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ အထိအောင် မန်ယူမှာ ၂ နှစ် အတွင်း ၆၃ ပွဲ ကစားတယ်၊ ၁၉ ဂိုး သွင်းတယ်၊ ဒါပေမယ့် အသင်းနဲ့ အသားကျမှု နည်းတဲ့ တီဗက်ဇ် အတွက် အသင်းပြောင်းဖို့ အခြေအနေ ဖြစ်လာပါတယ်၊ ဒါပေမယ့် တီဗက်ဇ် အတွက် ဝေဖန်ခံရစရာ ဖြစ်သွားတာက မန်ယူကနေ အခြား အသင်းကို ပြောင်းဖို့ ရွေးချယ်ရာမှာ မန်ယူရဲ့ အဓိက ပြိုင်ဘက် မန်းစီးတီးဆီ ရောက်သွားတာပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မန်ယူကနေ မန်းစီးတီးကို ရောက်သွားတယ်၊ မီဒီယာနဲ့ မန်ယူပရိတ်သတ်တွေရဲ့ ဝေဖန်မှုလည်း တော်တော်ခံ လိုက်ရပါတယ်။ ဒါပေမယ့် ကစားသမားဘ၀ အရတော့ တီဗက်ဇ်အတွက် မန်းစီးတီးက အဆင်ပြေ အံဝင်ပါတယ်။ အသင်းမှာ ၄ နှစ်ကြာပြီး ၂၀၁၃ ခုနှစ် ထိ ပွဲပေါင်း ၁၁၃ ပွဲ ကစားတယ်၊ ၅၈ ဂိုး သွင်းခဲ့လို့ မန်ယူမှာထက် ခြေစွမ်းပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ တီဗက်ဇ်တယောက် အင်္ဂလန်ကနေ အီတလီ ရောက်သွားပါတယ်။ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်မှာ ကစားရတာမို့ ကျေနပ်စရာပါ။ ၂၀၁၅ ခုနှစ်ထိ ဂျူဗင် အတွက် ၆၆ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းခဲ့လို့ ခြေမကျသေးတာကတော့ သိသာပါတယ်။ ၂၀၁၅-၁၆ ဘောလုံး ရာသီမှာတော့ အသက် အရွယ် ရလာပြီ ဖြစ်တဲ့ တီဗက်ဇ်ကို ဂျုဗင်က အသင်းဟောင်း ဘိုကာဂျူနီယာကို ပြန်ပို့တယ်၊ အသင်းမှာ ၃၄ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းတယ်၊ ကျေနပ်စရာပါ၊ အခုနှစ် အတွင်းမှာ နာမည်ကျော် ကစားသမားတွေ ကို ကြေးကြီးပေး ခေါ်ယူပြီး ပရိတ်သတ် အင်အား ရရှိအောင် ကြိုးစားနေတဲ့ တရုတ်က တီဗက်ဇ်ကို ခေါ်တယ်၊ ရှန်ဟိုင်းဆင်ဟွာ (Shanghai Shenhua) မှာ လက်ရှိ ကစားနေပါတယ်။ အခုထိအောင် အသင်း အတွက် ၁၆ ပွဲ ကစားပြီး ၄ ဂိုး သွင်းပေးထားတာ တွေ့ရပါတယ်။ နိုင်ငံ အသင်း အတွက်ဆိုရင်တော့ တီဗက်ဇ်က အာဂျင်တီးနား U17 အသင်း အတွက်ကတည်းက ပါဝင်ကစားပေးနေခဲ့တာ ဖြစ်ပြီး ၆ ပွဲ ကစား၊ ၂ ဂိုးသွင်းတယ်၊ U23 အသင်း အတွက် ၆ ပွဲ ကစားတယ်၊ ၈ ဂိုး သွင်းတယ်၊ လက်ရွေးစင် အသင်း အတွက် ကတော့ ၂၀၀၄ ခုနှစ်ကနေ စတင်ပြီး ပါဝင် ကစားပေးခဲ့တာ တွေ့ရပြီး အခုထိအောင် ၇၆ ပွဲ ကစားပေးထားပြီး ၁၃ ဂိုး သွင်းယူထားတာ တွေ့ရပါတယ်။ လက်ရှိ ကစားနေတဲ့ အသင်းကနေ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်တဲ့ တီဗက်ဇ်ကို လစာ ဘယ်လောက် ပေးသလဲ ဆိုတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က သတင်း ထုတ်ပြန်ချက် အရ ရှန်ဟိုင်း အသင်း အနေနဲ့ တီဗက်ဇ်ကို တနှစ် လစာ ဒေါ်လာ ၄၁ သန်း ပေးရတာ ဖြစ်ပြီး ဒါဟာ လက်ရှိ ကမ္ဘာမှာ လစာ အများဆုံး ပေးချေမှု မှတ်တမ်းဝင်သွားပါတယ်။ အသင်းကတော့ ပထမဆုံးပွဲ မှာတင် တီဗက်ဇ်ရဲ့ ဂိုးသွင်းနိုင်မှုရော ဂိုးဖန်တီးမှု တကြိမ် လုပ်ဆောင်နိုင်မှု အတွက်ပါ ပေးရတဲ့ လစာနဲ့ တန်တယ်လို့ မှတ်ချက် ပေးတာ တွေ့ရပါတယ်။ ကစားသမား သက်တမ်းတလျှောက် ဆုဖလားရရှိမှု အပိုင်းမှာတော့ ဘိုကာဂျူနီယာနဲ့ အတူ ဆုဖလား ၄ လုံး ရဖူးတယ်၊ ကိုရင်သီယန်နဲ့ အတူ ဘရာဇီး စီးရီးအေ ဖလားရဖူးတယ်၊ မန်ယူရောက်တော့ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ League Cup ၁ လုံး၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ Club World Cup ၁ ကြိမ် ရခဲ့ပါတယ်။ မန်စီးတီးမှာတော့ ၄၄ နှစ်ကြာ အမှတ်ပေး ဖလား မရခဲ့မှုကို အဆုံးသတ်စေပြီး ၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ် ဖလား ၁ ကြိမ်၊ FA ဖလား ၁ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ကြိမ် ရပါတယ်။ ဂျူဗင်ရောက်တော့ စီးရီးအေ ဖလား ၂ လုံး၊ Supercoppa Italiania ၁ ကြိမ်၊ Coppa Italia ၁ ကြိမ် ရပါတယ်။ လက်ရှိ ရှန်ဟိုင်းဆင်ဟွာနဲ့ အတူ တရုတ် FA ဖလားကို အခုနှစ်ထဲမှာ ရယူထားနိုင်တာလည်း တွေ့ရပါတယ်။ နိုင်ငံအသင်းနဲ့ အတူ ၂၀၀၄ ခုနှစ် နွေရာသီ အိုလံပစ်မှာ ရွှေတံဆိပ် ရထားပါတယ်။ Ref: wikipedia.org The post တရုတ်က အာဂျင်တီးနား ကြယ်ပွင့် တီဗက်ဇ်ကို လစာဘယ်လောက်ပေးထားသလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2zg6GCR
via IFTTT

No comments:

Post a Comment