Sunday, December 17, 2017


Reuters သတင်းထောက် ၂ဦးကို အရေးယူမှု သမ္မတရုံး၏ ခွင့်ပြုချက်ပါဟု ဆို Reuters သတင်းဌာန၏ သတင်းထောက် ၂ဦးကို ၁၉၂၃ ခုနှစ် အစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အရေးယူလိုက် ခြင်းမှာ နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး “ခွင့်ပြုချက် တောင်းထားတယ်။ ပေးထားတယ်။ အခုစွဲတာ လည်း သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ပဲ”ဟု ဧရာဝတီသို့ အတည်ပြုပြောသည်။ Reuters သတင်းထောက်များဖြစ်သည့် ဦးသက်ဦးမောင် ခေါ် ဝလုံးနှင့် မိုးအောင်ခေါ် ဦးကျော်စိုးဦး တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်နေ့ ည ၁၁နာရီ မိနစ် ၃၀တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ယင်း ၁၉၂၃ ခုနှစ် အစိုးရ လျှို့ဝှက်အက် ဥပဒေ ပုဒ်မ ၃ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄နှစ် အထိ ကျခံရနိုင်သည်ဟု သိရသည်။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က Unity ဂျာနယ် သတင်းထောက် များကို ဤပုဒ်မမျိုးဖြင့် အရေးယူစဉ်က ကာကွယ်ရေး ဝန်ကြီးဌာနသည် သမ္မတထံမှ ခွင့်ပြုချက် ရယူခဲ့ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း တရားစွဲခွင့်ပြုသည်ဆိုသော သမ္မတရုံး ၏ ခွင့်ပြုချက် လိုအပ်ကြောင်း မနေ့ညပိုင်းက ထုတ်လွှင့်သည့် BBC မြန်မာပိုင်း သတင်းဌာန၏ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်၌ ဝင်ရောက်ဆွေးနွေးသွားခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး သတင်းရေးသားရန် အားထုတ်နေသော Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးရခြင်းမှာ“အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက် အထားများကို ပြည်ပသတင်းဌာန များသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူ ဆောင်ရွက်ခဲ့သည်”ဟု ပြန်ကြားရေး ဝန်ကြီးဌာနကလည်း ဖော်ပြခဲ့သည်။ သို့သော် ယင်းထုတ်ပြန်ချက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့လာချက်ကို သတင်းစဉ် အနေဖြင့် ထုတ်ပြန်ပေးရခြင်း ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက တည်ဆောက်သည့် သတင်းမဟုတ်ကြောင်း၊ အများဝေဖန်နေသည့် Reuters သတင်းထောက် ၂ ဦး ၏ ဓါတ်ပုံကိစ္စမှာလည်း မီဒီယာ ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်နိုင်ခဲ့ပါက နစ်နာမှုများ နည်းလိမ့်မည် ဟု ထင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။ ဦးမျိုးမြင့်မောင် “ဒါတွေဟာ မှန်တယ်၊ မှားတယ်။ လုပ်သင့်တယ်။ မလုပ်သင့်တယ်ဆိုတာထက် အဓိက ကတော့ သတင်း မီဒီယာ ကျင့်ဝတ်နဲ့ အညီ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ။ အဲဒီလို လုပ်မယ်ဆို ရင် နစ်နာမှုဆိုတာ နည်းသွားတာပေါ့။ ကျနော်တို့ကတော့ ဓါတ်ပုံတွေကိုတော့ ဘယ်လိုဖော်ပြပါဆိုပြီး အသေးစိတ်တော့ မပြောဘူး။ ဒါပေမယ့် အခု ဒီဓါတ်ပုံကိစ္စ ကိုလည်း ဆွေးနွေးနေပါတယ်” ဟု ပြောသည်။ ၁၉၂၃ ခုနှစ် အစိုးရ လျှို့ဝှက်အက်ဥပဒေ ဖျက်သိမ်းရေးနှင့် သတင်းသမားများ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ကာကွယ်ပေးရန် တင်ပြခဲ့ဖူးသည့် သင်္ဃန်းကျွန်း လွှတ်တော် အမတ်ဟောင်း ဦးသိန်းညွှန့် က ယင်းဖြစ်စဉ်တွင် မီဒီယာများဘက်မှ တင်ပြနေသည့် သတင်းရယူခြင်းကို အရေးယူလိုပါက သတင်းမီဒီယာဥပဒေဖြင့် ဆောင်ရွက်ခိုင်းခြင်းမှာ သဘာဝကျသော် လည်း တဖက်က စွပ်စွဲထားသည့် ရခိုင်မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်နှင့် စစ်ဆင်ရေးကိစ္စများကို ဖော်ထုတ်ရန် ဆိုသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ထောက်ပြသည်။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာများနှင့် သက်ဆိုင်သော အဖွဲ့အစည်းတခုဖြစ်သည့် သတင်းမီဒီယာ ကောင်စီကလည်း ယခု Reuters သတင်းထောက်များ ဖမ်းခံရသည့် ဖြစ်စဉ်ကို တုန့်ပြန်ရန် ယခုရက်ပိုင်းအတွင်း လှုပ်ရှားမှုတခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ကောင်စီ ပြောခွင့်ရ ဦးသီဟစောထံမှ သိရသည်။ Reuters သတင်းထောက်ဟောင်း ဦးအောင်လှထွန်းကမူ “ဒီကိစ္စက သာမန်သတင်းရေးသား ဖော်ပြ လို့ ဖြစ်တာမျိုးနဲ့ မတူဘူး။ ဒီမှာက Access to Information က တော်တော်ကို နည်းတယ်။ သတင်း အချက်အလက် ရရှိပိုင်ခွင့်က တော်တော်ကို နည်းနည်းတယ်၊ သတင်းအချက်အလက် ရယူဖို့ ကြိုးစား တဲ့နေရာမှာ ဖြစ်ရတဲ့ အကျိုးဆက်ပဲ၊ ဆက်စောင့် ကြည့်ရမယ်”ဟု ပြောသည်။ ယခု ပြည်ထဲရေးဝန်ကြီးဌာနက အရေးယူထားသည့် Reuters သတင်းထောက် ၂ ဦး အမှုနှင့် ဆက်စပ်ပြီး ၎င်းတို့ သွား ရောက်ခဲ့သည့် မောင်တောဒေသမှ ကျောင်းဆရာ ၄ ဦး၊ ရွာသားတဦးတို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်မှ လာသော သတင်းများအရ သိရသည်။ လက်ရှိတွင် အဆိုပါ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင် စုံစမ်း စစ်ဆေးရေး အဖွဲ့တဖွဲ့က စစ်ဆေးနေပြီး မိသားစု၊ ရှေ့နေတို့နှင့် တွေ့ဆုံခွင့် မပြုသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း Reuters သတင်းဌာနအား ရန်ကုန်တွင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းမှ တရုတ်လုပ် မော်တော်ယာဉ်များ ဝယ်ယူမှု အပေါ် သတင်းရေးသားခဲ့မှုကြောင့် အရေးယူ ပေးရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက သတင်းမီဒီယာ ကောင်စီသို့ တိုင်ကြားခဲ့ဖူးသည်။ မြန်မာ အစိုးရသည် Reuters သတင်းဌာန၏ ရခိုင်ပြည်နယ် အရေး ရပ်တည်ဖော်ပြချက်များကို မေးခွန်းထုတ်မှုများ ရှိခဲ့ပြီး Reuters သတင်းထောက်များကို သတင်းဖြစ်ပွားရာ ဒေသမှာ အာဏာပိုင် များနှင့် ချိတ်ဆက်ပေးပြီး သတင်းထုတ်ပြန်နိုင် ရေး ကြိုးစားပေးခဲ့သော်လည်း အစိုးရအသံကို ထည့်သွင်းရန် ပျက်ကွက်မှုများ ရှိခဲ့ဖူးကြောင်း ဧရာဝတီက သိရှိထားသည်။ ပြီးခဲ့သည့် သြဂုတ်လ ရခိုင်ပြည်နယ် မြောက်ပိုင်း ရဲစခန်းများအား အကြမ်းဖက်အဖွဲ့ ARSAက တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်သတင်းယူခဲ့သည့် မြန်မာသတင်း သမား ၂ဦးဖြစ်သည့် မင်းဇေယျာနှင့် ခွန်လတ်တို့ကို သူလျှိုလုပ်သည်ဟု စွပ်စွဲကာ ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးခဲ့ဖူးသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း မကြာသေးမီက TRT World မှ နိုင်ငံခြားသတင်းထောက် ၂ ဦး၊ စကားပြန်နှင့် ယာဉ်မောင်း တို့ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံအနီးတွင် မောင်းသူမဲ့လေယာဉ် လွှတ်တင်သောကြောင့် လေကြောင်းဥပဒေအရ ထောင်ဒဏ်များ ချမှတ်ခံထားသည်။ The post Reuters သတင်းထောက် ၂ဦးကို အရေးယူမှု သမ္မတရုံး၏ ခွင့်ပြုချက်ပါဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2j8fT7y
via IFTTT

No comments:

Post a Comment