ခရီးသွားကုမ္ပဏီ ၁၇၉ ခုကို လိုင်စင်ပိတ်သိမ်း ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်း ခြောက်လထက် ကျော်လွန်နေသည့် ခရီးသွားကုမ္ပဏီ ၁၇၉ ခုကို ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ ၈ ရက် ရက်စွဲပါစာအရ လိုင်စင် ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ အဆိုပါခရီးသွားကုမ္ပဏီ ၁၇၉ ခုကို ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ခြင်းမပြုဘဲ သက်တမ်းပြည့်ကာလထက် ခြောက်လကျော်လွန်နေသည့်အတွက် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနက လုပ်ငန်းလိုင်စင် ပယ်ဖျက်လိုက်ကြောင်း အသိပေးစာကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ “တချို့တွေက ငွေကြေးအရှုပ်အရှင်းကြောင့် BlackList သွင်းထားတဲ့ ကုမ္ပဏီတချို့လည်း ပါဝင်တယ်။ အခုလို ထုတ်ပြန်လိုက်လို့ ခရီးသွားလုပ်ငန်း တကယ် လုပ်ကိုင်နေပြီး နစ်နာတဲ့သူတွေအနေနဲ့ ဆက်သွယ်လာရင် အသင်းက ကိုယ်စားပြုပြီး ဝန်ကြီးဌာနကို ပြန်လည် တင်ပြပေးသွားမှာပါ”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းအောင်က ဆိုသည်။ လိုင်စင်ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများတွင် ၇၅ ရာခိုင်နှုန်းကျော်သည် ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ခြင်း မရှိသော ကုမ္ပဏီများ ပါဝင်ပြီး ယင်းသို့ ပယ်ဖျက်လိုက်သဖြင့် ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ကြောင်း ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ကြေးသည် လက်ရှိတွင် နှစ်သိန်းကျပ် ပေးဆောင်ရကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများထံမှ သိရသည်။ “အခုထုတ်ပြန်တာက ကျွန်မသိသလောက်တော့ အများဆုံးပမာဏပါ။ အရင်တုန်းက ထုတ်ပြန်တာတွေ ရှိခဲ့ပေမယ့် ငါးဆယ်ခြောက်ဆယ်လောက်ပဲ ရှိတာပါ။ တချို့ကုမ္ပဏီတွေက တကယ် လုပ်နေပေမယ့် သက်တမ်းတိုးဖို့ မေ့နေတာတွေလည်း ရှိတတ်တယ်။ ဒါကလည်း ဒဏ်ကြေးဆောင်ပြီး ပြန်လျှောက်ရင် ရပါတယ်”ဟု Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်က ဆိုသည်။ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်များသည် ၂ နှစ်သက်တမ်းရှိပြီး လိုင်စင်သက်တမ်းတိုးခြင်းကို သက်တမ်း တစ်နှစ်ခွဲကျော်လျှင် ဆောင်ရွက်ရမည်ဟု ဝန်ကြီးဌာန၏ သတိပေးချက်များတွင် ပါရှိကြောင်း၊ လက်ရှိတွင် လိုင်စင်သက်တမ်းတိုးခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ခက်ခဲမှု မရှိကြောင်း၊ သတ်မှတ် ဒဏ်ကြေး ပေးဆောင်ပါက လိုင်စင် ပြန်လည်ရနိုင်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ “သက်တမ်းလွန်တဲ့ ခရီးသွား ကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေ အကုန်ပါတယ်။ အရင်ကဆို ရက်ပိုင်းကျော်တာတောင် ပယ်ဖျက်တယ်။ ဒါပေမဲ့ ပြန်လျှောက်လို့ ရပါတယ်။ အဓိကက MOHT နဲ့ အဆက်အသွယ် ပြတ်လို့ပါ။ ဒီလို ဆောင်ရွက်တာက ဖြစ်သင့်ပါတယ်။ တကယ် မလုပ်ဘဲနဲ့ လိုင်စင် မယူသင့်ဘူး”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွန်အသင်းမှ အလုပ်အမှုဆောင် ဦးသန်းနိုင်က မှတ်ချက်ပြုသည်။ လိုင်စင်သက်တမ်းလွန် ခရီးသွား ကုမ္ပဏီများနှင့်ပတ်သက်၍ လုပ်ငန်းလိုင်စင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က “တကယ် ခရီးသွားလုပ်ငန်း လုပ်မယ်ဆိုရင်တော့ အသနားခံစာ တင်ပြီး လိုင်စင်အသစ် ပြန်လျှောက်ရမှာပါ။ အခု ပယ်ဖျက်လိုက်တဲ့ ကုမ္ပဏီတွေက လိုင်စင် သက်တမ်း အနည်းဆုံး ခြောက်လ တချို့ဆို တစ်နှစ်ကျော်အထိ ကျော်လွန်နေတဲ့သူတွေပါတယ်”ဟု ဆိုသည်။ ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာနက သက်တမ်းကျော်လွန်သည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီ နှစ်ရာကျော်ခန့်ကို နှစ်စဉ် ပယ်ဖျက်ရကြောင်း လုပ်ငန်းလိုင်စင်ဌာနထံမှသိရသည်။
Source : https://goo.gl/V58uMf
via IFTTT
No comments:
Post a Comment