Monday, December 18, 2017

The Voice

ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသည့် UFOs အစီအစဉ်ကို ပင်တဂွန် အကောင်အထည်ဖော် နယူးယောက်၊ ဒီဇင်ဘာ ၁၇ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသည့် အမျိုးအမည်မသိ ပျံသန်းနေသော အရာများ UFOs စုံစမ်းစစ်ဆေးရေး လျှို့ဝှက်အစီအစဉ်ကို လုပ်ဆောင်နေသည်ဟု အမေရိကန်သတင်းစာက ရေးသားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်က စတင်ခဲ့သော အစီအစဉ်ကို တာဝန်ရှိသူ အနည်းငယ်သာ သိရှိကြပြီး ၂၀၁၂ တွင် ပိတ်သိမ်းလိုက်သည်ဟု သိရှိရသည်။ စီမံချက်၏ စာတမ်းများတွင် မြန်နှုန်းမြင့် လေယာဉ်ပျံများနှင့် ရှပ်ပြေးယာဉ်များအကြောင်းကို ရေးသားထားသည်ဟု New York Times က ဆိုသည်။ သို့ရာတွင် သိပ္ပံပညာရှင်များက သံသယနေရှိကြပြီး ရှင်းမပြနိုင်သော ကိစ္စများသည် ဂြိုဟ်သားများနှင့် ပတ်သက်သည့် သက်သေဟု ပြော၍မရကြောင်း ပြောကြားထားသည်။ အဆင့်မြင့် အာကာသလေကြောင်း ခြိမ်းခြောက်မှု ဆန်းစစ်ရေးအစီအစဉ်သည် အနားယူသွားပြီဖြစ်သော ထိုစဉ်က ဒီမိုကရက်အစုခေါင်းဆောင် ဆီနိတ်တာဟယ်ရီရိတ်၏ အကြံအစည်ဖြစ်သည်ဟု သိရှိရသည်။ “ဒီကိစ္စလုပ်ခဲ့တဲ့အတွက် စိတ်ပျက်မိတာ၊ နောင်တရမိတာမျိုး မရှိပါဘူး။ အရင်က ဘယ်သူမှမစဉ်းစားမိတဲ့ အရာတစ်ခုကို လုပ်ခဲ့တာပါပဲ” ဟု ၎င်းက New York Times သို့ ပြောကြားသည်။ ထိုစီမံချက်သည် ငွေကြေးသက်သာစေရန် မပိတ်သိမ်းမီအထိ ကာကွယ်ရေးဝန်ကြီးဌာနကို ဒေါ်လာ သန်း ၂၀ ခန့် ကုန်ကျစေခဲ့သည်ဟု သိရှိရသည်။ ၂၀၁၂ တွင် ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းသွားသော်လည်း ထုံးစံမဟုတ်သော လေကြောင်းဖြစ်ရပ်များနှင့် သံသယရှိသော ပျံသန်းမှုများ တွေ့မြင်မှုကို တာဝန်ရှိသူများက နေ့စဉ်တာဝန်တစ်ရပ်ကဲ့သို့ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ကြသည်။ ထိုအစီအစဉ်သည် ပြိုင်ဘက်အင်အားကြီးနိုင်ငံများ၏ နည်းပညာ တိုးတက်မှုများကို အကဲခတ်စောင့်ကြည့်ရန် ချမှတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု လွှတ်တော်ဝန်ထမ်းဟောင်းများက Politico သို့ ပြောကြားသည်။ “တရုတ်တို့ ရုရှားတို့နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အကျွမ်းတဝင်မရှိတဲ့ စနစ်တစ်ခုခုကို လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းတို့က ဆိုသည်။ ယခုနှစ် အစောပိုင်းတွင် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန စီအိုင်အေက လျှို့ဝှက်ကန့်သတ်မှုအဆင့် ပယ်ဖျက်လိုက်သော စာတမ်းများကို စာမျက်နှာ သန်းနှင့်ချီ၍ အွန်လိုင်းတွင် တင်ခဲ့သည်။ မှတ်တမ်း အချို့တွင် UFOs များ မြင်တွေ့မှုနှင့် ပန်းကန်ပြားပျံ သတင်းစုဆောင်းထားမှုများ ပါဝင်သည်။
Source : https://goo.gl/EoWCQV
via IFTTT

No comments:

Post a Comment