အိပ်မက်တွေကို လက်မလျှော့ဘဲ ကြိုးစားသူ (သို့မဟုတ်) “Secret Superstar” ဒီတခါမှာတော့ IMDB rating (8.2) ရရှိထားပြီး မင်းသားကြီး Aamir Khan ပါဝင်ရိုက်ကူးထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း “Secret Superstar” ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ Aamir Khan Production ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ဒါရိုက်တာ Advait Chandan ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၁၄ နှစ်အရွယ် မွတ်ဆလင် ကောင်မလေး အင်ဆီယာဟာ သီချင်းဆို ဝါသနာပါပြီး အဆိုတော် တယောက် ဖြစ်ချင်သူပါ။ အဆိုတော် ဖြစ်ချင်လှတဲ့ အင်ဆီယာရဲ့ စိတ်ကူးအိပ်မက်ကို အမေဖြစ်သူက နားလည် သဘောပေါက်ပြီး အားပေးပေမယ့် စည်းကမ်းတင်းကြပ်ပြီး လူမဆန်လွန်းလှတဲ့ သူမ အဖေကြောင့် သူမရဲ့ အိပ်မက်တွေဟာ ပျောက်ကွယ်လု နီးပါး ဖြစ်နေရှာပါတယ်။ မိန်းကလေးဆိုရင် တန်ဖိုး မထားဘဲ အချိန်တန် အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုရတဲ့ အသိုင်းအဝိုင်းကြားမှာ သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လက်မလျှော့ဘဲ သူမရဲ့ သီဆိုထားတဲ့ သီချင်းတွေကို YouTube မှာ တင်တဲ့အခါ ကြည့်ရှုသူ အမြောက်အများနဲ့ လူသိများလာခဲ့ပါတယ်။ YouTube ဗီဒီယိုတွေကနေ တဆင့် သူမရဲ့သီချင်းဆို ပါရမီကို ဇာတ်ဝင်တေး သီချင်းတွေ ရေးစပ်တဲ့နေရာမှာ နာမည်ကြီးလှတဲ့ တေးရေးဆရာ ရှက်တီကူးမားက သတိထားမိသွားပြီး ဇာတ်ဝင်တေးသီချင်း သီဆိုဖို့ ကမ်းလှမ်း ပါတော့တယ်။ အဆိုတော်ဖြစ်ချင်တဲ့ သူမ အိပ်မက်တွေဟာ အကြင်နာတရား ကင်းမဲ့တဲ့ သူမအဖေရဲ့ ညှင်းပန်း နှိပ်စက်ခြင်းကို ခံနေရတဲ့ အမေဖြစ်သူနဲ့ လူမမည် မောင်လေးတို့ကို ကယ်ထုတ်ချင်တဲ့ ဆန္ဒတွေကြောင့်လည်း ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒါကြောင့် တေးရေးဆရာ ရှက်တီကူးမားနဲ့တွေ့ဆုံဖို့ အိမ်ကနေ မွန်ဘိုင်းကို တိတ်တဆိတ် ထွက်ခွာပြီး သူမ အိပ်မက်တွေကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ ရှက်တီကူးမားနဲ့ တွေ့ဆုံပြီး အောင်မြင်မှု လမ်းစပေါ်ကို ရောက်ရှိလာခဲ့ပေမယ့် မိသားစုရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သူ အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အခါ အင်ဆီယာ တယောက် ဒီအတားအဆီးတွေကို ကျော်ဖြတ်နိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ ပညာပေး ဇာတ်ကားတွေ ရိုက်ကူးရာမှာ နာမည်ကြီးလှတဲ့ မင်းသားကြီး Aamir Khan ဟာ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ထုံးစံအတိုင်းပဲ ဇာတ်ကားအစကနေ အဆုံးအထိ ကြည့်ရှုသူရဲ့ အာရုံကို ဖမ်းစားသွားနိုင်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။ The post အိပ်မက်တွေကို လက်မလျှော့ဘဲ ကြိုးစားသူ (သို့မဟုတ်) “Secret Superstar” appeared first on ဧရာဝတီ.
Source : https://ift.tt/2qhete5
via IFTTT
No comments:
Post a Comment