ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ပြုလုပ်မည် ဘားအံ၊ ဧၿပီ ၅ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲပြီးနောက် နောက်ဆက်တွဲ လုပ်ငန်းတစ်ခုဖြစ်သည့် စစ်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေးတို့ကို လှိုင်းဘွဲ့မြို့နယ်မှစ၍ လုပ်ဆောင်နေပြီး ကျန်မြို့နယ်များ၌လည်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ နှင့် မြိုင်ကြီးငူဒေသ အနီးတစ်ဝိုက်တွင် မိုင်းရှင်းလင်းရေး ဦးစားပေးနေရာအဖြစ် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ “အဲဒီမှာ အကြောင်းအမျိုးမျိုးကြောင့် မြိုင်ကြီးငူဒေသကို စစ်ဘေးရှောင်လာတဲ့ မိသားစုတွေ သူတို့ရပ်ရွာတွေကို အမြန်ဆုံးပြန်လည်ပြီးတော့ အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်”ဟု ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောကြားသည်။ ၂၀၁၆ ဩဂုတ်လမှစတင်ကာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (ခွဲထွက် ဒီကေဘီအေ) နှင့် တပ်မတော်တို့ မဲသဝေါဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ မကြာခဏဖြစ်ပွားတတ်သည့် တိုက်ပွဲများဖြစ်ပွားခြင်း၊ မြိုင်ကြီးငူစစ်ရှောင်စခန်းသို့ မဲသဝေါ ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်ခဲ့ရခြင်းများကြောင့် မြိုင်ကြီးငူ၊ ယင်းမိုင်းချောင်း၊ မဲသဝေါ ဒေသတို့တွင် နှစ်ဖက်ဖြစ်သော စစ်ပွဲများ၏ စစ်လက်ကျန်ပစ္စည်းများ၊ မြေမြှုပ်မိုင်းများ ကျန်ရှိနေဆဲဖြစ်သည့်အတွက် မိုင်းအန္တရာယ်စိုးရိမ်ရဆဲဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။ “ကျွန်တော်တို့ထိန်းသိမ်းရာ နေရာဒေသ၊ တပ်ရင်းဌာနတွေရှိရာ နေရာတွေမှာ အခုလိုမိုင်းရှင်းလင်းရေးအဖွဲ့တွေ လာရင်လိုအပ်တဲ့ဘက်ကနေ ကူညီနိုင်အောင် ဆက်သွယ်ရမယ့် အထက်အရာရှိဖုန်းတွေ၊ ဆက်ဆံရေး ရုံးဖုန်းတွေကို ပေးထားသလို အားလုံးကိုလည်း ကြိုဆိုပါတယ်၊ ပူးတွဲဆောင်ရွက်သွားဖို့လည်း အစီအစဉ်တွေ ဆွဲထားပါတယ်”ဟု ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူး စောအောင်ကျော်က ပြောကြားသည်။ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်ခုလုံး၌ မိုင်းအန္တရာယ်များသော ဒေသများအဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source : https://goo.gl/yR5mFz
via IFTTT
No comments:
Post a Comment