2018 Met Gala ပွဲမှ အလှဆုံး ဝတ်စုံများ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ Metropolitan Museum of Art မှာပြုလုပ်တဲ့ Costume Institute Gala ပွဲဟာဆိုရင် ဖက်ရှင်ပရဟိတပွဲထဲမှာ အကြီးဆုံးပွဲအခမ်းအနားတခုဖြစ်ပါတယ်။ ဂျာနယ်လစ်ကြီး Eleanor Lambert က စတင်တည်ထောင်ခဲ့တဲ့ အဲဒီပွဲကို ၁၉၄၈ ခုနှစ်မှာ ပထမဆုံးကျင်းပခဲ့ပြီး နယူးယောက်မြို့ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထံကနေ အလှူငွေတွေ ကောက်ခံခဲ့တာဖြစ်ပါတယ်။ အခုခေတ်သစ်ကို ရောက်လာတော့ ဖက်ရှင်၊ ဂီတ၊ ရုပ်ရှင်နဲ့ အနုပညာနယ်ပယ်တွေထဲက ထင်ရှား ကျော်ကြားသူတွေက အလှူငွေကောက်ခံတဲ့နေရာမှာ တထောင့် တနေရာကနေ ပါဝင်ဖို့ အလှဆုံးဖက်ရှင်တွေနဲ့ ပွဲတက်လာခဲ့ကြပါတယ်။ ၁၉၉၅ ခုနှစ်ကစလို့ ပွဲကို အမေရိကန် Vogue မဂ္ဂဇင်းအယ်ဒီတာချုပ် Anna Wintour က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး တော့ နာမည်ကျော်ပုဂ္ဂိုလ်တွေကို ပွဲရဲ့ ပူးတွဲဥက္ကဌတွေအဖြစ် တာဝန်ယူစေပါတယ်။ အရင်တုန်းက ပူးတွဲဥက္ကဌ တာဝန်ယူ ခဲ့ဖူးသူတွေထဲမှာတော့ Beyoncé, Taylor Swift, Katy Perry နဲ့ Marc Jacobs တို့လို ပုဂ္ဂိုလ်မျိုးတွေအထိ ပါဝင်ပါတယ်။ အကြိမ် ၇၀ မြောက်အဖြစ် ကျင်းပခဲ့တဲ့ Met Gala 2018 ပွဲကိုတော့ Amal Clooney, Rihanna နဲ့ Donatella Versace တို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ Met Gala ပွဲကို နှစ်တနှစ်ရဲ့ မေလ ပထမဆုံးတနင်္လာနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ကော်ဇောနီအစီအစဉ်ကို ဒေသ စံတော်ချိန် ညနေ ၇ နာရီမှာ စတင် ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်အတွက် ပွဲခေါင်းစဉ်ကတော့ Heavenly Bodies: Fashion And The Catholic Imagination ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာရေး အထွတ်အမြတ် ကောင်းကင်ဘုံနဲ့ ဆက်စပ်တဲ့ ဖက်ရှင်နဲ့ ကသလစ်စိတ်ကူးစိတ်သန်းတွေကို ဖော်ပြရမယ့် ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ အဲဒီလိုမျိုး ဝတ်စုံတွေကို ဆင်မြန်းပြီးပွဲတက်လာခဲ့ကြသူတွေထဲက ထူးခြားလှပတဲ့ ဝတ်စုံတွေကို ဆင်မြန်းလာ တဲ့အနုပညာတချို့ရဲ့ ဖက်ရှင်များကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Gigi Hadid ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကနေ စိတ်ကူးစိတ်သန်း ရယူထားတဲ့သူတွေက တခုကို ရွေးချယ်ပြပါဆိုရင် မော်ဒယ် Gigi Hadid ကို ဖော်ပြရပါလိမ့်မယ်။ Gigi ရဲ့ Versace ဂါဝန်ကတော့ အထွတ်အမြတ်ထား ဝတ်ပြုကိုးကွယ်ကြတဲ့နေရာတွေကို ဖန်ပြတင်းပေါက်ကနေ ဖြတ်မြင်ရတဲ့ ပုံစံအတိုင်း ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး လှပတဲ့ဝတ်စုံဟာ Heavenly Bodies ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီတဲ့အပြင် အကောင်းဆုံးသော Met ဝတ်စုံလို့လည်း ပြောလို့ရပါတယ်။ (၂) Rita Ora ဂီတဇယားတွေရဲ့ ထိပ်ပိုင်းမှာနေရာယူထားတဲ့အတိုင်းပဲ Rita Ora ဟာ ဂီတဆန်တဲ့ဝတ်စုံကို ချပြလိုင်ပါတယ်။ Prada ဂါဝန်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းဝတ်စုံကတော့ လက်နဲ့ စီခြယ်ထားတဲ့ပုံစံဖြစ်ပါတယ်။ အနက်ရောင် နှင်းဆီပန်း နဲ့ ရှည်လျားတဲ့ ဂါဝန်တို့က သူ့ရဲ့ အလှကို ထပ်ဆင့်ဖော်ပြနေပါတယ်။ (၃) Zoe Kravitz Zoe Kravitz ရဲ့ Anthony Vaccarello ဂါဝန်ကတော့ သူ့ရဲ့ ခေါင်းအစ ခြေအဆုံးအလှကို ပေါ်လွင် စေပါတယ် ။ ဒါပေမယ့် တခြားတဖက်မှာတော့ ပုံမှန်သွားနေကျ ဖက်ရှင်လမ်းကြောင်းကို ဖောက်ထွက်လို့နေပါတယ်။ ကြယ်သီးတွေ ၊ ဇစ်တွေ၊ ကလစ်တွေ မပါဝင်တဲ့ သူ့ဝတ်စုံဟာ ခန္ဓာကိုယ်ကောက်ကြောင်း ကို ပေါ်လွှင်စေဖို့ စနစ်တကျ ချုပ်ထားတဲ့ ပုံပေါက်ပါတယ်။ (၄) Kylie Jenner Alexander Wang ဖန်တီးပေးလိုက်တဲ့ ဒီဇိုင်းကို ဆင်မြန်းထားတဲ့ Kylie Jenner ကတော့ မျက်ကပ်မှန်တွေ တပ်မယ့် အစား စတိုင်ကျတဲ့ နေကာမျက်မှန်ကို ဝတ်ဆင်လာခဲ့ပါတယ်။ တလက်လက်ထနေတဲ့ ခရစ်စတယ် ကျောက်တွေကြောင် လှပနေတဲ့သူဟာ ပရိသတ်တွေရဲ့ ကြည့်ရှု့ အားပေးမှုကို ခံခဲ့ရပါတယ်။ (၅) Kendall Jenner နောက်တခါ ပွဲအခမ်းအနားရဲ့ လှေကားပေါ်ကို လှပတဲ့ ခြေထောက်ရှည်အဖြူရောင်ဝတ်စုံနဲ့ တက်ရောက်လာ သူက မော်ဒယ် Kendall Jenner ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးတာကို ခံရတဲ့အပြင် ပရိသတ်တွေဆီ ကို လေထဲကနေ အနမ်းပေးခဲ့ပါသေးတယ်။ လက်အိတ်အပေါ်မှာ ထပ်ဝတ်ထားတဲ့ လက်စွက်တွေကြောင့်လည်း အွန်လိုင်း ပေါ်မှာ အဲဒီလိုပုံစံလက်အိတ်မျိုးကို ပရိသတ်တချို့ ရှာဖွေခဲ့ကြတဲ့အထိ ပွက်လောရိုက်သွားခဲ့ပါတယ်။ (၆) Rihanna Met Gala ပွဲရဲ့ ဖက်ရှင်တွေကိုပြောပါဆိုရင် ကျန်ခဲ့လို့မဖြစ်တာက ပူးတွဲဥက္ကဌတာဝန်ယူထားတဲ့ Rihanna ဖြစ်ပါတယ်။ သူဟာ အခုလိုပွဲတိုင်းမှာ နှစ်စဉ်လို ပရိသတ်ရဲ့ စိတ်အာရုံကို ဖမ်းစားလေ့ရှိပါတယ်။ ဗာတီကန် နန်းတော်ကို ဦးစီးတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်စုံတော်ပုံစံအတိုင်းချုပ်လုပ်ထားခဲ့ပြီး စိန်ပွင့် ၁၈၀၀၀ ကို စီခြယ်ထားတာက စကားနဲ့တောင် ဖော်ပြလို့မရအောင်ပါပဲ။ ပွဲရဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီအောင် ပုပ်ရဟန်းမင်းကြီး ဆောင်းတဲ့ ခေါင်းဆောင်းအထိပါ တုပပြီး ဝတ်ဆင်လာတာကို ကြည့်ရင် ဝတ်စုံအပေါ် အာရုံစိုက်ထားမှုက မသေးဘူးလို့ ဆိုနိုင်ပါတယ်။ (၇) Amal Clooney ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ Amal Clooney ကတော့ ဖက်ရှင်လမ်းကြောင်း လျှောက်လှမ်းရာမှာတော့ တမူထူးခြားပါတယ်။ အနက်ရောင်ဘောင်း ဘီ အရှည်အနောက်ကနေ ဂါဝန်အရှည်နဲ့ဖုံးအုပ်လိုက်တဲ့အခါ အရသာ နှစ်ခုပေါင်းစပ်လိုက်သလို အရသာနှစ်မျိုးကို တပြိုင်နက်တည်း ခံစားလိုက်ရသလိုပါပဲ။ ခင်ပွန်းသည် မင်းသား ဂျော့ချ်ကလူးနေးနဲ့အတူ တက်ရောက်လာခဲ့တဲ့ Amal ဟာ ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ (၈) Katy Perry Katy Perry ကတော့ နက်သက်ကြွေလာတဲ့ နတ်မိမယ်ပုံစံအတိုင်း လှပလို့နေပါတယ်။ ပွဲကျင်းပမယ့် ပြတိုက်ထဲ ကို ဘေးဘက်ကနေ ဝင်ရောက်လာပုံက နတ်မိမယ်တဦး အသက်ဝင်လာပြီး ပွဲကို ရောက်လာတဲ့ ပုံသဏ္ဍာန်နဲ့ တူပါ တယ်။ ရွှေရောင်ဝတ်စုံကို အဖြူရောင်နဲ့ ရောထားတဲ့အတွက် ကြည့်တဲ့သူရဲ့ မျက်လုံးကို စူးမနေစေဘဲ ဘယ်လောက် လှတယ် ဆိုတာကို စိမ်ပြေနပြေ ကြည့်ရှုနိုင်ပါတယ်။ Ref: Vogue The post 2018 Met Gala ပွဲမှ အလှဆုံး ဝတ်စုံများ appeared first on ဧရာဝတီ.
Source : https://ift.tt/2I5JnO5
via IFTTT
No comments:
Post a Comment