Saturday, May 5, 2018

ဒီတပတ္ဖတ္စရာ

ဒီတပတ်ဖတ်စရာ စာရေးသူ – ဇော်ဇော်အောင် စာအုပ်အမည် – ဆည်းဆာဖြူ ပို့စ်မော်ဒန်ဆောင်းပါးများ အမျိုးအစား – ပို့စ်မော်ဒန် ကမ္ဘာမှာ ‘ပြီး’ သွားတဲ့ဟာတွေက မြန်မာနိုင်ငံမှာက အခုမှ ‘စ’ တယ်လို့ ဆရာဇော်ဇော်အောင်က ဆိုပါတယ်။ ဒါကြောင့် အောက်စဖို့ဒ် တက္ကသိုလ်ထွက် ပါမောက္ခခရစ္စတိုဖာ ဘတ်တလာက ပို့စ်မော်ဒန်(တို့)ရဲ့ ကြီးမားတဲ့သြဇာဟာ မရှိတော့ဘူး လို့ပြောပေမယ့် ဆရာဇော်ဇော်အောင် ကတော့ ပို့စ်မော်ဒန် အကြောင်းတွေကို ပြောဆို ရေးသားပါတယ်။ ဒီစာအုပ်မှာ ပို့စ်မော်ဒန်ရဲ့သမိုင်းကြောင်း၊ လေးနက်တဲ့ အတွေးအခေါ်၊ အယူအဆတွေကို မှတ်စုဆောင်းပါး ၂၅ ပုဒ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုက ၁၃၀၀ ကျပ်နဲ့ ဖြန့်ချိပါတယ်။ စာရေးသူ – အောင်မြတ်ဌေး စာအုပ်အမည် – ၂၁ ရာစု အနုပညာကို နားလည်ခြင်းနှင့် ရေးဖြစ်သော စာစုများ အမျိုးအစား – ပန်းချီ အနုပညာ ပန်းချီ အောင်မြတ်ဌေးရဲ့ ပြည်ပ အနုပညာခရီး အတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားတဲ့ စာစုတွေ ဖြစ်ပါတယ်။ အနုပညာကို နားလည်မှု ကွဲပြားပုံတွေ၊ ပြည်ပနိုင်ငံတွေရဲ့ ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေ၊ ယခင် အနုပညာများရဲ့ ပုံသဏ္ဌာန်တွေ၊ ခေတ်ပြိုင်အနုပညာရဲ့ သဘောတရားတွေနဲ့ မြန်မာနိုင်ငံမှာ လိုအပ်နေသေးတဲ့ အနုပညာ ဖွံ့ဖြိုးမှုတွေကို ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ဝေဖန်သုံးသပ်ပေးထားပါတယ်။ “မြန်မာမှုဆိုတာ ဒီနေ့သိရှိထားတဲ့ ဘုရား၊ တန်ဆောင်း၊ ကျောင်းကန်၊ သိမ်ဇရပ် ကနုတ် နရီ ကပီ ကဇာ ပညာရပ်တွေ အပြင် ဒီလိုလက်ရှိ သိထားတာထက် ပိုကျယ်ပြန့်မယ် ဆိုတာ ဦးစွာယူဆပါတယ်” လို့ ပန်းချီအောင်မြတ်ဌေးက ဆိုပါတယ်။ စိတ်ကူးချိုချိုက ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထား ပါတယ်။ စာရေးသူ – မောင်သာနိုး စာအုပ်အမည် – သိအောင်စာဖတ်ရတယ် အမျိုးအစား – ဆောင်းပါး သိအောင် စာဖတ်ရတယ် စာအုပ်မှာ ဆရာကြီးမောင်သာနိုးရဲ့ သူ့ဘဝတလျှောက် ကြုံတွေခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ၊ မြန်မာသဒ္ဒါ၊ ကဗျာဆိုင်ရာ သုံးသပ်ချက်တွေ၊ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ အယူအဆ အလွဲအမှားတွေ အကြောင်းနဲ့ တခြား စာပေဆိုင်ရာ ပြဿနာတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဆောင်းပါး ၃၄ ပုဒ်ထဲက တစ်ပုဒ်မှာ “ရှေးလူကြီး ဆိုတာကလည်း ခေတ်လူကြီးနဲ့ အတူတူပါပဲ။ လူကောင်းရှိသလို လူမိုက်ရှိတယ်။ လူရိုး ရှိသလို လူလိမ်လူကောက် လူလည်လည်း ရှိတာပါပဲ။ တခါ လူကောင်းလူရိုးရဲ့ စကားဟာ ပြောစမှတ် ကျန်ရစ်ခဲ့သလို လူလိမ်လူကောက်ရဲ့ စကားကလည်း တိုတိုနဲ့ ထိထိမိမိလည်း ရှိသမို့ သူတို့လို လူတွေက လောကမှာ ကိုးကားမဆုံး ဖြစ်နေတတ်တယ်” လို့ ဆရာကြီးက ထောက်ပြထားပါတယ်။ စကားပုံဆိုတိုင်း အမှန်လို့ မယူဆဖို့ပါ။ စိတ်ကူးချိုချိုက ၂၈၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – သခင်မြသန်း စာအုပ်အမည် – နှစ်ကျွန်းပြန် သံမဏိနှစ်ဦး အမျိုးအစား- နိုင်ငံရေး နှစ်ကျွန်းပြန် သံမဏိနှစ်ဦးဆိုတာက သခင်ဖေဌေးနဲ့ ဗိုလ်အုန်းမောင်ဖြစ်ပါတယ်။ “သခင်ဖေဌေးသည် ကိုယ် တခြမ်း စောင်း၍ ခေါင်းတဖက်ငိုက်ကာ၊ ခြေတဖက်ခွင်လျက် မစွမ်းမသန်ဖြစ်နေပြီးလျှင် တုတ်ထောက်၍ လမ်းလျှောက်ရသည့်တိုင် တရွှေ့ရွှေ့နှင့် ရွှေ့ရုံမျှသွားနိုင်သူဖြစ်သည်၊ မသန်စွမ်းသူ၊ ဗိုလ်အုန်းမောင်မှာလည်း သေနတ်မှန်သည့်ဒဏ်ရာကြောင့် ချိုင်းထောက်ကြီးနှင့် လမ်းလျှောက်ရသူဖြစ်ပါသည်” လို့ သခင်မြသန်းက သရုပ်ဖော်ပါတယ်။ ဒါပေမယ့် အဆိုပါ ပုဂ္ဂိုလ်ကြီး နှစ်ဦးက ကိုကိုးကျွန်း၊ လိပ်ကျွန်း အကျဉ်းစခန်းတိုက်ပွဲတွေမှာ အကျဉ်းသားလူထု အကျိုးအတွက် အနစ်နာခံ ဦးဆောင်ခဲ့ပုံတွေကို ဒီစာအုပ်မှာဖတ်ကြရမှာပါ။ စိတ်ကူးချိုချိုက ၂၃၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ The post ဒီတပတ်ဖတ်စရာ appeared first on ဧရာဝတီ.
Source : https://ift.tt/2FJx0oZ
via IFTTT

No comments:

Post a Comment