စဉ့်ကိုင်မှ ဒုရဲအုပ်တစ်ဦးကို အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် မန္တလေး၊ ဧပြီ ၅ စဉ့်ကိုင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ စဉ့်ကိုင်မြို့နယ် ကျွဲနဖားကျေးရွာမှ တောင်သူတစ်ဦး လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ခိုင်းနွားနှစ်ကောင် ဝယ်ယူမောင်းယူလာစဉ် ယင်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် စိုးမိုးအောင်က ငွေကျပ်နှစ်သိန်း တောင်းယူခဲ့သည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စဉ့်ကိုင်မြို့နယ် ကျွဲနဖားကျေးရွာမှ တောင်သူ ဦးဝင်းလွင်က ယင်းမြို့နယ် ဇော်ဂျီကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့မှ ခိုင်းနွား အထီးနှစ်ကောင် ဝယ်ယူကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ၎င်းနေထိုင်ရာ ကျေးရွာသို့ မောင်းနှင်လာစဉ် မီးသွေးဘုတ် ကျေးရွာအုပ်စု ရဲရွာသစ်ကျေးရွာ အနီးတွင် ဒုရဲအုပ်စိုးမိုးအောင်က ငွေတောင်းယူခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံ တင်ပြသည့် စဉ့်ကိုင်မြို့နယ် ရဲစခန်း၏ ကြေးနန်းတွင် ဖော်ပြထားသည်။ ယင်းသို့ ငွေကြေးတောင်းယူမှုကို တောင်းယူခံရသူ ဦးဝင်းလွင်က မန္တလေးတိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းကော်မတီ စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာတွင် ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ စစ်ဆေးရေးမှူး ဦးဇော်ထွန်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ကြေးနန်းအရ သိရသည်။ ဒုရဲအုပ် စိုးမိုးအောင်သည် လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦး အနေနှင့် တာဝန်ထမ်းဆောင်နေစဉ် ရာထူးတာဝန်ကို အလွဲသုံးခဲ့သည့်အတွက် စဉ့်ကိုင်မြို့မ ရဲစခန်းက (ပ) ၁၁၁/၂၀၁၇၊ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/79vjpH
via IFTTT
No comments:
Post a Comment