ကဗျာစာအုပ် သုံးရာကျော် အွန်လိုင်းမှ ရွေးချယ် ဝယ်ယူနိုင်မည့် စာအုပ် စျေးရောင်းပွဲတော် ပြုလုပ်မည် မြန်မာတစ်နိုင်ငံလုံး တစ်ပြေးညီ ပါဝင်နိုင်သည့် စာအုပ် စျေးရောင်းပွဲတော် ဖြစ်စေရန် အွန်လိုင်းမှ တစ်ဆင့် ရောင်းချမည့် ကဗျာစာအုပ် သီးသန့် စျေးရောင်းပွဲတော် ပထမဆုံးအကြိမ် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယင်းသို့ အွန်လိုင်းမှတစ်ဆင့် ကဗျာစာအုပ် ရောင်းချမည့် အစီအစဉ်ကို မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂနှင့် We Distribution အွန်လိုင်းစာပေ ဖြန့်ချိရေးတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။ ‘‘ကဗျာစာအုပ်တွေ နယ်မရောက်ဘူးလို့ ပြောကြတယ်။ နယ်က စာအုပ်စင်တွေမှာ မရှိဘူး။ WeDistribution ကလည်း အွန်လိုင်း ဖြန့်ချိရေး စလုပ်နေတော့ စမ်းသပ်ကြည့်တာပေါ့။ အဓိကက တစ်ဦးချင်းဝယ်ယူသူတွေကို ဦးတည်တယ်’’ ဟု ကဗျာဆရာသမဂ္ဂမှ ဆရာမိုးဝေးက ပြောသည်။ ထိုအစီအစဉ်တွင် နှစ်ကာလများ၊ စာပေ၊ စိတ်ကူးချိုချိုစာပေ၊ ကျော်မွှေးစာပေ၊ နှင်းဆီဖြူစာပေ၊ မျိုးဆက်သစ်စာပေ၊ နွယ်နီစာပေ၊ ငါတို့စာပေစသည့် စာအုပ်တိုက်များမှ ထုတ်ဝေသည့် ကဗျာစာအုပ်အမျိုးအစားပေါင်း သုံးရာကျော်ကို ၁၀ ရာခိုင်နှုန်း လျှော့စျေးဖြင့် စက်တင်ဘာ ၁၆ မှ ၁၉ ရက်အထိ အွန်လိုင်းမှ ဝယ်ယူနိုင်မည်ဖြစ်သည်။ We Distribution အင်တာနက် စာမျက်နှာနှင့် ဖုန်းနံပါတ် ၀၉၂၅၀၀၉၁၀၁၃ သို့ ဝယ်ယူလိုသည့် ကဗျာစာအုပ်အမည်၊ မှာယူသူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များကို မက်ဆေ့ချ်ပေးပို့ခြင်းဖြင့် အိမ်အရောက်ဝန်ဆောင်မှုဖြင့် မှာယူနိုင်ကြောင်း We Distr-ibution ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ သိရသည်။ စာအုပ်တန်ဖိုးငွေနှင့်အတူ ပို့ဆောင်ခကိုလည်း မှာယူသူက ကျခံရမည်ဖြစ်သည်။ ရောင်းချမည့် ကဗျာစာအုပ် အမည်များကို We Distriution အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် စက်တင်ဘာ ၁၄ ရက်က စ၍ ဖော်ပြထားမည် ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2cyucjG
via IFTTT
No comments:
Post a Comment