Thursday, September 15, 2016

သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောကြားချက် အပြည့်အစုံ

သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးချက်(အပြည့်အစုံ) ....................................................... အမေရိကန်သမ္မတအိုဘားမားနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော်၌ စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲက တစ်နာရီခန့်ကြာတွေ့ဆုံဆွေးနွေးခဲ့သည့် ပြောကြားချက်အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။ သမ္မတအိုဘားမား - "မြန်မာပြည်သူ ပြည်သားတွေဟာ အခု အစိုးရသစ် တက်လာအပြီး အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် အသစ်တွေအရ အကျိုးအမြတ်တွေ ခံစားနေရပါပြီ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ပြန်လည်ပေးအပ်ဖို့ ရှိပါတယ်။ ဒါဟာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကမာ္ဘလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည် ၀င်ရောက်နိုင်ရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး အကျိုးခံစားခွင့်တွေလည်း ဖြစ်ပါတယ်။ ဒီလို ပြန်လည်ပေးအပ်မှုတွေနဲဲ့ အကျိုးခံစားခွင့်တွေကို ပေါင်းစည်းလိုက်မယ်ဆိုရင် အမေရိကန် စီးပွားရေးကုမ္ပဏီတွေရော၊ အကျိုးအမြတ် အဓိကမထားတဲ့ လုပ်ငန်းတွေအတွက်ပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်ရေး ဆွဲဆောင်မှုပေးနိုင်မယ့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီရေးရာ ဦးစားပေးမှု အစီအစဉ်တွေကိုပါ ဖြစ်ထွန်းလာပါစေလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာ နို်င်ငံရေးအကူးအပြောင်းတွေ စတင်ဖြစ်ထွန်းလာတာနဲ့အတူ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေပါ ပေါ်ထွက်လာပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေး ညီလာခံခေါ်ယူပြီး နှစ်ရှည်လများ ပြဿနာတစ်ရပ်အနေနဲ့ ရှိနေခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အရေးကို ဖြေရှင်းဖို့ ကြိုးစားနေတာပါ။ ရခိုင်ဒေသ အပါအ၀င် တိုင်းရင်းသားတွေအကြား မညီမျှမှုတွေနဲ့ သမိုင်းစဉ်တလျှောက်ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနေတာလည်းဖြစ်တာမို့ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ဆယ်စုနှစ်တွေနဲ့ချီ ခံစားခဲ့ရပြီး ကမာ္ဘကြီးနဲ့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ မျှော်လင့်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတစ်ယောက်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့စဉ်ကတည်းက မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို တွေ့မြင်ခဲ့ရပြီး ဒီအလားအလာကောင်းတွေ လက်တွေ့ ပေါ်ထွက်လာရေး ဦးဆောင်နိုင်ဖို့ ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်ဆိုတာလည်း သိရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အနာဂတ်အတွက် အများကြီး မျှော်လင့်ပါတယ်။ လက်ရှိ ရှိပြီးသား ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒါ အစိုးရသစ်နဲ့တင်မကဘဲ မြန်မာပြည်သူတွေအတွက်လည်း အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ကြဖို့ ကျွန်တော့်အနေနဲ့ အားပေးပါတယ်။ မြန်မာနိုင်ငံဟာ သာယာလှပတဲ့အပြင်၊ ထူးခြားတဲ့ ယဉ်ကျေးမှု၊ ရင်းနှီးပျူငှာတဲ့ ပြည်သူတွေ ရှိနေတာပါ။ ဒါ့အပြင် ကမာ္ဘလှည့်ခရီးသွားတွေကို ကြိုဆိုဖို့ လုပ်ငန်းစဉ်တွေလည်း ဖွံ့ဖြိုးလာနေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ ဆောင်ရွက်ခဲ့သမျှတွေအတွက် ချီးကျူးဂုဏ်ပြုပါတယ်။ ဒေါ်စုပြောသလိုပဲ လုပ်စရာတွေ အများကြီး ဆက်ပြီး ကျန်နေသေးတယ်ဆိုတာလည်း ကျွန်တော်တို့ နားလည်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါဟာ ဆက်လျှောက်ရမယ့် လမ်းမှန်ပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကဆို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို မြန်မာပြည်သူတွေရဲ့ ရွေးကောက်ခံ (အစိုးရ) တာ၀န်ရှိပုဂ္ဂိုလ်တစ်ဦးအနေနဲ့ (၀ါရှင်တန်ဒီစီကို) လာရောက်နိုင်မယ်ဆိုတာ မျှော်မှန်းကြည့်လို့တောင် မရနိုင်ခဲ့ပါဘူး။ အခုမြင်ခဲ့ရတဲ့ နိုင်ငံတကာ ပြောင်းလဲမှုတွေထဲမှာ (မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဟာ) ကောင်းမွန်တဲ့ ပြောင်းလဲမှုတခုပါပဲ။ ကျေးဇူးတင်ပါတယ်။" ဒေါ်အောင်ဆန်းစုကြည် - "ဒီနေရာကိုရောက်ရှိလာတဲ့အတွက် အထူး၀မ်းသာတယ်ဆိုတာ ပြောစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကို တောက်လျှောက် ကူညီလာတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအားလုံးကို ကျေးဇူးတင်ဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ သမ္မတ အိုဘားမား ပြောသလိုပဲ လွန်ခဲ့တဲ့ ငါးနှစ်က လူတွေမမျှော်လင့်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဒီလို ဖြစ်လာလိမ့်မယ်ဆိုတာ ယုံကြည်မှုအပြည့်အ၀ ရှိခဲ့ပြီးသားပါ။ အခု ကျွန်မတို့ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်မတို့ပါတီက အမြဲတမ်းပြောနေသလိုပဲ အရေးအကြီးဆုံးက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျွန်မရဲ့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲတွေဖြစ်လာတာ ဆယ်စုနှစ်နဲ့ ရှိလာခဲ့ပါပြီ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတာ တစ်ခါမှ မကြုံခဲ့ရပါဘူး။ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ တစ်နေရာမဟုတ် တစ်နေရာ၊ တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်နေတာပါ။ ကျွန်မတို့ တိုင်းပြည်မှာ တရား၀င် သတ်မှတ်ထားတဲ့ တိုင်းရင်းသား မျိုးနွယ်ပေါင်း ၁၃၅ မျိုး ရှိပါတယ်။ သူတို့အားလုံးကို စည်းလုံးညီညွတ်စွာနဲ့ ရည်ရွယ်ချက် တစ်ခုတည်းအတွက် စုစည်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး လိုချင်ကြတာဟာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုကို အင်အားအဖြစ် စုစည်းနိုင်တဲ့ ပြည်ထောင်စုတခု အဲဒီအထဲမှာ ကျမတို့ရဲ့ မတူကွဲပြားမှုတွေကို လွတ်လပ်စွာ ဖော်ထုတ်ကျင့်သုံးနိုင်ရမယ်။ ဒီလိုကွဲပြားမှုတွေဟာ တိုင်းပြည်ရဲ့ အင်မတန်ကြီးမား ကြွယ်၀သော အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကို ဖြစ်အောင် အခု ကျမတို့ ကြိုးပမ်းနေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေအားလုံးကို ဒီအတွက် အထူး ကျေးဇူးတင်ပါတယ်။ ဒီဖြစ်စဉ်မှာ အမေရိကန်ပြည်ထောင်စုက အများဆုံး ကူညီခဲ့တာပါ။ ဒါပေမဲ့ ညီညွတ်မှုဖြစ်ဖို့အတွက် တိုးတက်ဖွံ့ဖြိုးမှုလည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အကန့်အသတ်နဲ့ရှိနေတဲ့ အရင်းအမြစ်တွေကို အချင်းချင်း လုယက်တိုက်ခိုက်နေကြရတဲ့ အဖြစ်မရောက်အောင် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ရုပ်ပိုင်းဆိုင်ရာ သယံဇာတတွေကို ပိုမို ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက်သာမက ဒါတွေကိုပါ သုံးသပ်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ကျွန်မတို့ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ ပိုမိုချမ်းသာကြွယ်၀အောင် လုပ်ရမယ်။ ဒါမှသာ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ခိုင်မာစေမှာ ဖြစ်ပါတယ်။ လူမှုအသိုင်း၀ိုင်းချင်း ရန်ပွဲတွေဖြစ်နေတာကို ကျွန်မတို့ လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ သိပ်အရေးကြီးပါတယ်။ အချိန်ဆွဲမနေဘဲ ချက်ခြင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပထမအဆင့်အနေနဲ့ စတင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတစ်ယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိစေရမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသားဖြစ်ရမှာပါ။ ဒီလုပ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ ကျွန်မတို့လုပ်ဖို့ ကြိုးစားနေတာပဲ။ ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စိတ်စေတနာသန့်သန့်နဲ့ အားထုတ်နေတာ ဖြစ်တယ်ဆိုတာကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်။ ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူ့အသိုင်းအ၀ိုင်း နှစ်ခုဟာ အင်မတန် ဆင်းရဲနွမ်းပါးတဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး အတူတကွ ပူးပေါင်းပြီး ဒီဒေသရဲ့ ဖွံ့ဖြိုးမှုအလားအလာအားလုံးကို ကူညီပေးမယ် ဆိုရင် - ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် - အဲဒီဆင်းရဲနွမ်းပါးမှုကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့ ကျွန်မတို့တစ်နိုင်ငံတည်းကို ကူညီယုံသာမက - မတူကွဲလွဲမှုကို စည်းလုံးညီညွတ်ဖြစ်အောင် ဖန်တီးပြီး စိတ်၀မ်းကွဲမှုတွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ နမူနာအဖြစ် ကမ္ဘာကြီးတစ်ခုလုံးကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သံသယတွေ၊ အထင်မြင်လွဲမှားမှုတွေကို ဘယ်ဖယ်ပြီး အတူတကွ လက်တွဲပြီး တိုးတက်အောင်ဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ အထူးကောင်းမွန်တဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ပေးခဲ့တာဟာ ကွန်ဂရက်ရဲ့ လုပ်ဆောင်ချက်တွေအထဲ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဒီအချိန်ဟာ ကျွန်မတို့နိုင်ငံ စီးပွားရေးကို ထိခိုက်စေမယ့် ဒဏ်ခတ်ပိတ်ဆို့ မှုတွေအားလုံးကို ဖယ်ရှားပစ်ဖို့ အချိန်ရောက်ပြီလို့ ကျွန်မတို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်လိုတဲ့ သူတွေအတွက် တံခါးဖွင့်ပေးနိုင်မယ့်အချိန် ရောက်နေပြီ ဖြစ်လို့ပါပဲ။ လူတိုင်းကို ကျွန်မတို့နိုင်ငံလာဖို့ ဖိတ်ခေါ်ပါတယ်။ ဘာကြောင့် အဲဒီမှာ ရင်းနှီးမြှုပ်နှံစေချင်သလဲဆိုတာ လာကြည့်စေချင်ပါတယ်။ ရှင်တို့ရော၊ ကျွန်မတို့ပါ အားလုံး အကျိုးရှိအောင် ဘယ်လိုရင်းနှီးမြှုပ်နှံသင့်သလဲ ဆိုတာကိုလည်း လာကြည့် စေချင်ပါတယ်။ အကျိုးအမြတ်ရအောင် မလုပ်နိ်ုင်တဲ့ စီးပွားရေးသမားဟာ အသုံးမကျဘူးလို့ ကျွန်မအမြဲပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ဆီကို လာကြပါ။ သူတို့အတွက်လည်း ဘယ်လို အမြတ်အစွန်းရအောင် လုပ်ကြမလဲဆိုတာ သိမှာ ဖြစ်ပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်တောင် မလုပ်နိုင်ရင် သူများအကျိုးစီးပွားအတွက်လည်း လုပ်ဆောင်နိုင်မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေကို ကျွန်မတို့က သိပ်လာစေချင်ပါတယ်။ သူတို့အတွက် အကျိုးရှိမယ့် အခွင့်အလမ်းတွေကို အသုံးချစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာခင် အတည်ပြုတော့မှာပါ။ နောက်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီဥပဒေနဲ့အတူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္ဘာအနှံ့က လူအများအပြားကို စွဲဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ မကြာခင် အဆင့်အတန်း မြင့်မားလာတော့မယ့် အခြေအနေမှာ ရှိနေပါပြီ။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်ပါတယ်။ တခြားလုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံး၀ ဒီမိုကရေစီ စစ်စစ် မဟုတ်သေးပါဘူး။ စစ်တပ်ကို နိုင်ငံရေးမှာ အထူးအဆင့်အတန်း ပေးထားရပါတယ်။ ကျွန်မတို့ဟာ အထူးသဖြင့် ကျွန်မဟာ ပုဂ္ဂိုလ်ရေးအရ စစ်တပ်ကို အထူးသံယောဇဉ်ရှိပါတယ်။ ကျွန်မအဖေ ထူထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ။ ကျွန်မတို့စစ်တပ်ကို ပြည်သူလူထု ချစ်ခင်လေးစားတဲ့ ဂုဏ်သရေရှိတဲ့ စစ်တပ် ဖြစ်စေချင် ပါတယ်။ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ကမ္ဘာ့အလယ်မှာ ကာကွယ်ပေးနိုင်တဲ့ စစ်တပ်လည်း ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဆိုတာ နိုင်ငံရေးမှာ ပါ၀င်သင့်တယ်လို့ ကျမမယုံကြည်ပါဘူး။ ဒါကြောင့် ကျွန်မတို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဖွဲ့စည်းပုံပြင်ဖို့ ဆက်လက် အားထုတ်သွားမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး တိုးတက်လာမယ့် လမ်းကြောင်းတစ်လျှောက်မှာ ကျွန်မတို့နဲ့အတူ ပါ၀င်လာဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဆွေအားလုံးကို ကျွန်မတို့ မျှော်လင့်နေပါတယ်။ တိုးတက်မှုဆိုတဲ့နေရာမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ ဒီကမ္ဘာပေါ်က ကျွန်မတို့လောက် ကံမကောင်းတဲ့သူတွေကို ကျွန်မတို့လည်း ကူညီလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ကို ကူညီခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေကိုသာမက ကွန်ဂရက် လွှတ်တော်၊ NGO အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သမ္မတ အိုဘားမားကိုလည်း ကျွန်မတို့နိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတတစ်ဦးဖြစ်တဲ့အတွက် ကျွန်မတို့ လူထု အထူးသဖြင့် လူငယ်ထုရဲ့ အလားအလာကို အသိအမှတ်ပြုပြီး ပြောခဲ့တဲ့အတွက် ဖြစ်ပါတယ်။" (ဗွီအိုအေ၏ တရား၀င်၀က်ဘ်ဆိုက်စာမျက်နှာမှတစ်ဆင့် ကူးယူဖော်ပြပါသည်။) ဗွီအိုအေအွန်လိုင်းစာမျက်နှာရှိ စာဖိုင်သို့ သွားရောက်ရန် - http://ift.tt/2d2hwTl ဗွီအိုအေအွန်လိုင်းစာမျက်နှာရှိ ဗွီဒီယိုဖိုင်သို့ သွားရောက်ရန် - http://ift.tt/2cLvTsM
Source : http://ift.tt/2d2hwTl
via IFTTT

No comments:

Post a Comment