ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော သဗ္ဗညု ပုထိုးတော်မှာ အတွင်းပိုင်းကြေမွမှုများနှင့် ကွဲအက်မှုများရှိပြီး အန္တရာယ်ရှိသော အနေအထား ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံများ ဦးစီးဌာနမှ သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သဗ္ဗညုပုထိုးတော်၏ အတွင်းပိုင်း ကြံ့ခိုင်မှုကို Echo Test ဖြင့်စစ် ဆေးခဲ့ရာတွင် Echo လှိုင်းပြန်မလာသည့်အတွက် ပုထိုးတော်ကြီး၏အတွင်းမှာ ကြေမွနေသည်ဟု ယူဆ ထားပြီး အတွင်းပိုင်းတွင် မည်မျှအနက်အထိ ရှိနေသည်ကို ပစ္စည်းကိရိယာမရှိသည့်အတွက် မသိရှိ နိုင်သေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံများ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းတင့်က စက်တင်ဘာ ၉ ရက်တွင် ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။ ''ကွဲအက်တာတွေတော့ရှိတယ်။ အတွင်းမှာဘယ်လောက် အထိနက်သွားလဲဆိုတာတော့ တိုင်းတာရမှာအခက်အခဲရှိတယ်။ ပစ္စည်းကိရိယာတွေလည်း လိုတယ်။ တိုင်းတာရသလောက်တော့ ကွဲတာအက်တာတွေရှိနေ တယ်။ ရှေးဟောင်းနဲ့ ဆောက်လုပ်ရေးနဲ့ပူးပေါင်းပြီး လုပ်မှရမှာပေါ့။ အခုလက်ရှိ အန္တရာယ်ရှိတဲ့ အနေအထားနဲ့ကြံ့ခိုင်မှုစိုးရိမ် ရတယ်ဆိုတာတော့ မှန်တယ်။ လိုဏ်ထပ်တွေလည်းအရမ်းများတော့ စူဠာမဏိနဲ့လည်း မတူဘူး။ စူဠာမဏိက အောက်ခြေက ကြံ့ခိုင်မှုရှိတယ်။ ဒါကဥာဏ်တော်လည်းမြင့်တယ်။ ငလျင်ဒဏ်ကို ပိုခံရတာပေါ့။ ရှေး ဟောင်းကလည်းဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်မယ်ထင်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ ယင်းသို့အန္တရာယ်ရှိသော အ ခြေအနေမှာ လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တစ်ခုတည်း၏ စစ်ဆေးမှုဖြစ်သောကြောင့် အခြား သောပညာရှင်များ၏ စစ်ဆေးမှုများ ပြုလုပ်ကာအားလုံး၏ အကြံဥာဏ်ရယူ၍ ဦးစားပေး အနေဖြင့်ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးသိန်းလွင်က စက်တင်ဘာ ၉ ရက်တွင် ပြောသည်။ ''အခုကဆောက် လုပ်ရေးဝန်ကြီးဌာနတစ်ခုပဲ စစ်ဆေးရသေးတာဆိုတော့ သူတို့ပြောသလောက် ပြန်သိရတာပေါ့။ ဆိုးတော့ဆိုးတယ်။ ဦးစားပေးအနေနဲ့လည်း ပြုပြင်ထိန်းသိမ်းမှုတွေတော့ လုပ်သွားမှာပါ။ ဒါပေမဲ့ ဗိသုကာအသင်း ကလည်း စစ်ဆေးမယ်ပြောတယ်။ နောက်အင်ဂျင်နီယာအသင်း၊ ငလျင်အသင်း၊ နောက်နိုင်ငံတကာက ပညာရှင်တွေရော ယူနက်စကိုက ပညာရှင်တွေရော အားလုံးစစ်ဆေးပြီးမှ သူတို့ဆီကရတဲ့အကြံဥာဏ်နဲ့ ပူး ပေါင်းပြီး တော့ဆောင်ရွက်သွားပါမယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ ငလျင်ကြောင့် သဗ္ဗညုပုထိုး တော်ကြီးမှာ ကွမ်းတောင်အရှေ့ဘက် အုတ်ချပ်များပဲ့ကျခဲ့ပြီး အောက်ခြေတွင်လည်း အက်ကွဲမှုများဖြစ်ပေါ်ခဲ့ ကာခရီးသွားများအနေဖြင့် သွားရောက်မှု ရှိနေသော်လည်းအတွင်း လိုဏ်ပတ် လမ်းများကိုဝင်ရောက် ခွင့်မပြုဘဲတားမြစ်ထားကြောင်း ဦးသိန်းလွင်ကဆိုသည်။ သဗ္ဗညုပုထိုးတော်မှာအလောင်း စည်သူမင်းကြီး၏ကောင်းမှုဖြစ်ပြီး ပုဂံယဥ်ကျေးမှုဒေသ၏အထင်ကရ ဘုရားတစ်ဆူအဖြစ်လူသိများကာ ပုဂံတွင်အမြင့်ဆုံးပုထိုးတော်ကြီး ဖြစ်ကြောင်းသိရသည်။ သြဂုတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင် ကြောင့် ပုဂံရှိဘုရားပုထိုးပေါင်း ၄ဝဝ နီးပါးထိခိုက်ပျက်စီးခဲ့ရပြီး လက်ရှိတွင် ရှင်းလင်းရေးအတွက် ယူ နက်စကိုမှသင်တန်းများပေးလျက် ရှိကြောင်းသိရသည်။ MTZ #democracytoday
Source : http://goo.gl/1MOf1E
via IFTTT
No comments:
Post a Comment