Monday, September 12, 2016

MOI Webportal Myanmar

ပုဂံဒေသရှိ ဘုရားပုထိုးစေတီ ၁၉ ဆူမှ လွဲ၍ ကျန်ဘုရားများသို့ သွားရောက် ဖူးမြော်နိုင် ရန်ကုန် စက်တင်ဘာ ၁၁ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ချောက်မြို့အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ဘုရားပုထိုး စေတီများ ပြိုကျ ပျက်စီးမှုများ ရှိခဲ့ရာ အပျက်အစီးများကို ရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၉ ရက်အထိ စာရင်း များအရ ခရီးသွား ဧည့်သည်များအနေဖြင့် ဘုရားပုထိုးစေတီ ၁၉ ဆူမှလွဲ၍ ကျန်ဘုရားပုထိုး စေတီများသို့ သွားရောက် ဖူးမြော်နိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။ ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စက်တင်ဘာ ၈ ရက်အထိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြိုကျ ပျက်စီးစာရင်းအရ ဘုရားပုထိုးစေတီ ၁၈ ဆူမှလွဲ၍ ကျန်ဘုရား ပုထိုးစေတီများသို့ သွားရောက် လည်ပတ်နိုင်သည်ဟု ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင်မူ တစ်ဆူ ထပ်မံ တိုးလာခဲ့ကာ ဘုရားပုထိုး စေတီ ၁၉ ဆူမှ လွဲ၍ ကျန် ဘုရားပုထိုး စေတီများသို့ သွားရောက် ဖူးမြော်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကန့်သတ်ထားသော ဘုရားပုထိုးစေတီ ၁၉ ဆူတွင် ဂူပြောက်ငယ် (မြင်းကပါ)၊ အာနန္ဒာအုတ်ကျောင်း၊ နွားပြဂူ၊ သကျမုနိ၊ မြင်းပြဂူ၊ ရွှေကျောင်း၊ ရွှေသာလျောင်း၊ နတ်လှောင်ကျောင်း၊ သဗ္ဗညု ပုထိုးတော်ကြီး စသည်တို့ ပါဝင်နေပြီး ကန့်သတ် ၁၉ ဆူ မှ လွဲ၍ ကျန်ဘုရားပုထိုး စေတီများသို့ ခရီးသွား ဧည့်သည်များ သွားရောက် ဖူးမြော်နိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသ၏ နေထွက်ချိန်နှင့် နေဝင်ချိန် ကြည့်ရှုရန်အတွက် ပြာသာဒ်ကြီး၊ ရွှေဆံတော်၊ တောင်ဂူနီ စသည့် ဘုရားပုထိုးများကို ခွင့်ပြုပေးထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနဌာနမှ ထုတ်ပြန်ထားသည်။ ငလျင်ဒဏ်ကြောင့် ပုဂံဘုရား ပုထိုးများစွာ ပျက်စီးမှု ရှိခဲ့သော်လည်း ခရီးသွားကဏ္ဍကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ တရားဝင် ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်။ ငလျင်ဘေးဒဏ် ခံရမှုကြောင့် ပျက်စီးမှုများကို ရှင်းလင်း ဆောင်ရွက်နေသော်လည်း ယခုနှစ်တွင် ပုဂံဒေသသို့ လာရောက်ခဲ့သော ပြည်တွင်း ပြည်ပခရီးသည် အရေအတွက်သည် ယခင်နှစ်ကထက် ပိုမို များပြားခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
Source : http://ift.tt/2c2FKI9
via IFTTT

No comments:

Post a Comment