သိထားသင့်တဲ့ H1N1 H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့တုပ်ကွေးကို ဝက်တုပ်ကွေး swine flu လို့ အသိများခဲ့ကြပါတယ်။ အရင်တုန်းကတော့ ဝက်တွေနဲ့ တိုက်ရိုက်ထိတွေနေသူတွေမှာ ဖြစ်တာ တွေ့ရလို့ ခေါ်ခဲ့တာပါ။ ဒါပေမယ့် ဝက်နဲ့ လုံးဝ မထိ တွေ့သူတွေမှာလည်း လူက လူချင်းကူးစက်တဲ့ အသွင်ပြောင်းလာတာမို့ ဝက်တုပ်ကွေးလို့ မခေါ်တော့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ၂၀၀၉ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းလုံးကို အလျင်အမြန် ကူးစက်ပြန့်ပွားခဲ့တာမို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နယ်မြေဒေသ မရွေး လူအစုလိုက် အပြုံလိုက်ဖြစ်လေ့ရှိတဲ့ pandemic ရောဂါတခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းလည်း နည်းနည်းချင်း အဆက်မပြတ် ဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ပေါင်းများစွာတုန်းကတော့ သိပ်ပြီး ကြောက်လန့်ခဲ့ကြတာမဟုတ်သလို ကာကွယ်ဖို့လည်း အရေးကြီးမှန်း ဂရု မထားခဲ့ကြပါဘူး။ ဒါပေမယ့် ဒီတုပ်ကွေးရောဂါပိုးက ရာသီတုပ်ကွေးတွေရဲ့သဘာဝအတိုင်း လူတချို့မှာ တခြား ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပြီး အသက်အန္တရာယ်ပါ ရှိတာကြောင့် နှစ်စဉ် ထိုးရတဲ့ တုပ်ကွေးကာကွယ်ဆေးမှာ ထည့်သွင်းလာကြပါတယ်။ ရောဂါကူးစက်ခံရပုံ ရိုးရိုးတုပ်ကွေးတွေလိုပါဘဲ၊ ရောဂါရှိနေသူက ချောင်းဆိုးနှာချေလိုက်လို့ လေထဲကို ရောက်လာတဲ့ အမှုန်အမွှားလေးတွေ ရှူ ရှိုက်မိရာက ကူးစက်တာပါပဲ။ နောက်တမျိုးကတော့ အဲဒီအမှုန်အမွှားတွေ ကပ်နေတဲ့ အရာဝတ္ထု (တံခါး လက်ကိုင်၊ ဘေ စင် စသဖြင့်)ကို ထိကိုင်မိတာ၊ ရောဂါရှိနေသူ လောလောလတ်လတ် ထိကိုင်ထားတာတွေကို ထိကိုင် မိတာတွေကလည်း ကူးစက် နိုင်ပါတယ်။ ရောဂါပိုးရှိနေသူက လက္ခဏာတွေ မပြသေးခင် ၁ ရက်လောက်မှာကိုပဲ တခြားသူကို ကူးစက်စေနိုင်ပြီး ဖျားနာပြီး နောက် ၇ ရက်လောက်အထိ ( ကလေးတွေဆို ၁၀ ရက်လောက်အထိ) တခြားသူကို ကူးစက်နိုင်ပါသေးတယ်။ ရောဂါအမည်တပ်ခံရတဲ့ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတွေစားလို့တော့ မကူးစက်တာ သေချာပါ တယ်။ လက္ခဏာ အထွေထွေ တခြားရာသီတုပ်ကွေးတွေနဲ့ အတူတူပါပဲ။ ချောင်းဆိုး၊ ဖျား၊ လည်ချောင်းနာ၊ နှာပိတ် ဒါမှမဟုတ် နှာရည်ယို၊ ကိုယ်လက် တွေ ကိုက်ခဲ၊ ခေါင်းကိုက်၊ ချမ်းစိမ့်စိမ့်ဖြစ်၊ မောပန်းနုံးချိ စတာတွေ ဖြစ်ပါတယ်။ တခြားတုပ်ကွေးတွေလိုပါဘဲ၊ H1N1 တုပ်ကွေးကနေ ပြင်းထန်တဲ့ ရောဂါတွေဖြစ်လာနိုင်စေပါတယ်။ နမိုးနီးယား ခေါ်တဲ့ အ ဆုတ်ရောင်ရောဂါ၊ အဆုတ်မှာ ရောဂါပိုးကူးစက်ဝင်ရောက်တာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေပေါ့။ ဆီးချို နဲ့ ပန်းနာရင်ကျပ် ရှိနေသူတွေဆိုရင် အဲဒီရောဂါတွေ ပိုဆိုးစေပါသေးတယ်။ အရေးပေါ် လက္ခဏာတွေဖြစ်တဲ့ အသက်ရှူရခက်လာတာ၊ အပြင်းအထန် အော့အန်တာ၊ ဗိုက်နာတာ၊ ခေါင်းမူးဝေတာ၊ ခေါင်း တွေ နောက်ကျိရှုတ်ထွေးတာ ဖြစ်လာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်တာ သတိပြုပါ။ ရောဂါ သေချာဖို့ လက္ခဏာတွေက တခြားရာသီတုပ်ကွေးလက္ခဏာတွေနဲ့ တူတူပဲမို့ ဖြစ်လာတာနဲ့ H1N1 ပါလို့ ပြောဖို့မလွယ်ပါဘူး။ ပိုပြီး ဝေ ဒနာခံစားရတာ၊ အော့အန်တာတွေ ဖြစ်ရင် ဖြစ်နိုင်ခြေ ရှိတယ်လို့ မှန်းဆကြပေမယ့် ဓာတ်ခွဲခန်း အဖြေကသာ ဒီရောဂါကို ပြောနိုင်တာပါ။ ဒါတောင်မှ ရာသီတုပ်ကွေး အမြန်စစ်ဆေးတဲ့ အဖြေက H1N1 လို့ အတိအကျ မသိရပါဘူး။ နှာခေါင်းတို့ဖတ်ခေါ်ကြတဲ့ nasopharyngeal swab ကိုစစ်ဆေးမှသာ H1N1 လို့ အတိအကျသိရတာမျိုးပါ။ ဒါပေမယ့် အဲဒီ လို စမ်းသပ်မှုက တခြားရာသီတုပ်ကွေး အမြန်စစ်တဲ့ စမ်းသပ်မှုတွေလို ကမ္ဘာတဝှမ်း ကျယ်ပြန့်ပေါများတာ မဟုတ်တဲ့ အ တွက် ရောဂါပြင်းထန်လို့ ဆေးရုံတက်ကုသခံရသူတွေနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေ အထား ရှိသူတွေကိုသာ စစ်ဆေး ကြရပါတယ်။ အန္တရာယ်ရှိတယ်လို့သတ်မှတ်တဲ့သူတွေကတော့ ၅ နှစ်အောက်ကလေးတွေ၊ ၆၅ နှစ်အထက် လူကြီးတွေ၊ ကိုယ်ဝန် ဆောင်မိ ခင်တွေ၊ ကလေး လူကြီးမရွေး နာတာရှည်ရောဂါ (ကျောက်ကပ်၊ အဆုတ်၊ နှလုံး၊ အသည်း၊ သွေး၊ အာရုံ ကြောနဲ့ ကြွက်သား ဆိုင်ရာ၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါတွေ) ရှိနေသူတွေ၊ အရွယ်မရွေး ကိုယ်ခံအားနည်းပါးစေတဲ့ ဆေးဝါးသောက်နေရသူနဲ့ HIV ရောဂါရှိနေသူတွေ၊ လူနာနဲ့ တိုက်ရိုက်ထိ ကိုင်တွယ် ပြုစုစောင့်ရှောက်နေရတဲ့ ဆေးရုံ ဝန်ထမ်းတွေ အစရှိသူတွေကို တော့ H1N1 အတည်ပြု စမ်းသပ်ချက်လုပ်ကြပါတယ်။ ဆေးကုလို့ ရသလား ဗိုင်းရပ်စ်ဆိုတာကတော့ ဘက်တီးရီးယားပိုးတွေလို ပိုးသတ်ဆေးနဲ့တိတိကျကျ ကုသလို့ ရတာမျိုးမဟုတ်ပေမယ့် ဗိုင်းရပ်စ် ကို တိုက်ခိုက်ဖို့ဆေးတွေလည်း ရှိပါတယ်။ ရိုးရိုး ရာသီတုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ဆေးတွေနဲ့ H1N1 ကို ကုသလို့ အ ဆင်ပြေတာတွေ ရှိပါတယ်။ oseltamivir နဲ့ zanamivir အုပ်စုဝင်ဆေးတွေနဲ့ ကုကြပါတယ်။ ဒါပေမယ့် တချို့ အသွင် ပြောင်း H1N1 ဗိုင်းရပ်စ်တွေမှာတော့ မထိရောက်တာလည်း တွေ့ရတယ်လို့ ဆို ပါတယ်။ ဆေးတွေရဲ့သဘောအရတော့ ရောဂါခံစားရတာကို လျော့စေသလို နလန်ထမြန်စေပါတယ်။ တုပ်ကွေးလက္ခဏာတွေ ပေါ်ပြီး ၄၈ နာရီအတွင်း ဆေးတွေပေးနိုင်ရင် အထိရောက်ဆုံးဆိုပေမယ့် နောက်ကျရင်လည်း အဆင်ပြေတာ တွေ့ရတယ်လို့ ဆိုပါ တယ်။ ဘက်တီးရီးယားတွေကို သတ်တဲ့ ပဋီဇီဝဆေးတွေကတော့ H1N1 အတွက် လုံးဝ အလုပ်မဖြစ်ပါဘူး။ ဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ အအေးမိ၊ တုပ်ကွေးဆေးဝါးတွေနဲ့ ဖျားတာ၊ နှာစေးချောင်းဆိုးတာတွေ သက်သာအောင် လည်း လုပ်ရပါတယ်။ ကလေးတွေကိုတော့ ကိုယ်ထင်ရာဆေးတွေ မတိုက်ကျွေးဖို့ အရေးကြီးပါတယ်။ ကာကွယ်ဆေးက အလုပ်ဖြစ်လား နှစ်စဉ် ထိုးရတဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးကလည်း H1N1 swine flu အမျိုးအစားကို ကာကွယ်နိုင်တယ်လို့ ဆို ပါ တယ်။ ထိုးဆေး ဒါမှမဟုတ် နှာခေါင်းကို ဖြန်းတဲ့ဆေးဆိုပြီး သုံးကြပါတယ်လို့မျိုးကွဲဗိုင်းရပ်စ်ပိုးဖြစ်နေရင်တောင်မှ ကိုယ ခံအားစနစ်အတွက် ပိုးကို သတ်ဖို့ သင်ကြားပေးသလိုမျိုး ဒီဆေးက အကျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။ အရေးကြီးဆုံး ကာကွယ်နည်းတွေကတော့ တနေ့တာလုံး လက် မကြာခဏ ဆေးပေးဖို့ပါဘဲ။ တကြိမ်ဆေးရင် အနည်းဆုံး စက္ကန့်၂၀ လောက်တော့ ဆပ်ပြာနဲ ရေသုံးပြီး တိုက်ချွတ်ဆေးကြောသင့်တာပါ။ အဲဒီလို လုပ်ဖို့ အခြေအနေမပေးရင်တော့ အသင့်လက်ဆေးရည် hand sanitizer လေးတွေ ဆောင်ထားပြီး ဆေးကြောသင့်ပါတယ်။ လက်နဲ့နှာခေါင်း၊ ပါးစပ်၊မျက်လုံးတွေကို ထိကိုင် ပွတ်သပ်တာတွေ မလုပ်ဖို့လည်း လိုအပ်ပါတယ်။ တုပ်ကွေးဖျားနာနေသူနဲ့တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့နဲ့ မရှောင်သာရင် အကာအကွယ်ဖြစ်တဲ့ နှာခေါင်းစည်းတွေ သုံးတာ၊ လက် မကြာခဏ ဆေးတာတွေ လုပ်ပေးရမှာပါ။ လူစုလူဝေးထူထပ်ပြီး အလုံပိတ်ဖြစ်နေတဲ့ နေရာမျိုးတွေကိုတော့ မလိုအပ်ရင် လုံးဝရှောင်သင့်ပါတယ်။ ဒါကတော့ H1N1 နဲ့ပတ်သက်လို့ သိထားသင့်ပြီး လွယ်ကူတဲ့အခြေခံအချက်အလက်တွေကို တင်ပြပေးလိုက်ရပါတယ်။ Ref; WebMD Medical Reference Reviewed by Carol DerSarkissian on May 17, 2017 The post သိထားသင့်တဲ့ H1N1 appeared first on ဧရာဝတီ.
Source : http://ift.tt/2vyF0ax
via IFTTT
No comments:
Post a Comment