မြန်မာနိုင်ငံတွင် ပထမဆုံး ရေချိုငါးမွေးမြူရေးသုတေသနစင်တာ ဖွင့်လှစ်တော့မည် မြန်မာနိုင်ငံတွင် ကန် ဒေါ်လာလေးသန်းကျော်ကုန်ကျခံကာ ပထမဆုံး တည်ဆောက်နေသော ရေချိုငါးမွေးမြူရေး သုတေသနစင်တာကို လာမည့်နှစ် ဇန်နဝါရီ၌ စတင်ဖွင့်လှစ်မည် ဖြစ် ကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးမှူး ဦးလှဝင်းက ပြောကြားသည်။ အဆိုပါ သုတေသနစင်တာ ကို မန္တလေးမြို့ ၁၉ လမ်းဘေးရှိ သရက်ကုန်းငါးလုပ်ငန်း စခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။ ‘‘အဓိက ရေတို့၊ မြေတို့ ဓာတ်ခွဲတာတွေပါမယ်။ ပြီးတော့ ဒေသတွင်းမှာရှိတဲ့ ငါးတွေကို စမ်းသပ်ဖောက်တာတွေ ပါမယ်။ သုတေသနလုပ်တယ် ဆိုတာ နိုင်ငံတိုင်းမှာ လိုအပ်နေတာပဲ။ သုတေသနလုပ်ပြီး ထွက်လာတဲ့ရလဒ် ပေါ်မှာ အကောင်အထည် ဖော်ဆောင်ရမယ်။ အခုအဆောက်အအုံက ပြီးသွားပြီ။ စက်တွေ တပ်ဆင်နေတယ်’’ ဟု ဦးလှဝင်းက ပြောသည်။ သုတေသနစင်တာ ဆောက်လုပ်မှုကို ကိုရီးယားအေဂျင်စီက အကုန်ကျခံကာ ၂၀၁၆ ဩဂုတ် က စတင် ဆောက်လုပ်ခြင်း ဖြစ်ပြီး လုပ်ငန်းစတင်ပါက ဒေသတွင်းနှင့် သင့်တော်သော ငါးမွေးမြူရေးလုပ်ငန်း ဖြစ်ပေါ်လာရန်နှင့် ထုတ်လုပ်နိုင်မှု ပိုမိုတိုးတက်စေရန် ဆောင်ရွက်မည်ဟု ၎င်းက ဆက်လက် ပြောသည်။ သုတေသနလုပ်ငန်း ဆောင်ရွက်မှုအတွက် ဇန်နဝါရီတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မန္တလေး၊ မုံရွာတက္ကသိုလ်မှ သတ္တဗေဒ သင်ကြားသော ဆရာ၊ ဆရာမများ၊ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား ကိုရီးယား ပညာရှင်များက တစ်လကြာ သင်တန်းပေးမည်ဟု ဦးလှဝင်းက ဆိုသည်။
Source : http://ift.tt/2AEaLmR
via IFTTT
No comments:
Post a Comment