MPT ရဲ့ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ်ပြိုင်ပွဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် “Myanmar Youth Technopreneurship Development Program – 2018” ပြိုင်ပွဲကို မကြာခင် ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲအတွက် လျှောက်လွှာများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး နိုင်ငံတဝန်းမှ စိတ်ဝင်စားသူ လူငယ်များအနေနဲ့ Civic Technology, Open Data, စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုပတ်ဝန်းကျင်နဲ့ ဖျော်ဖြေရေး စတဲ့ ကဏ္ဍများအတွက် မိမိတို့ရဲ့ စွန့်ဦးလုပ်ငန်းများကို ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ “ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့နိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်လူငယ်တွေနဲ့ စီးပွားရေးကဏ္ဍ မြှင့်တင်ဖို့နဲ့ နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ဖို့၊ ပြည်တွင်းမှာရှိတဲ့ အရည်အချင်းရှိ လူငယ်တွေ နည်းပညာ အရည်အသွေး တိုးတက်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးတာ ဖြစ်ပါတယ်” လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးသန်းက ပြောပါတယ်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ဝင်းထဲမှာရှိတဲ့ “Kanaung Hub” Co-working Space and Incubation Center မှ စီစဉ် ကျင်းပပြုလုပ်ပေးတာဖြစ်ပြီး ပြိုင်ပွဲဝင် လူငယ်များအနေနဲ့ အသင်းတသင်းလျှင် အနည်းဆုံး ၂ ဦးမှ အများဆုံး ၅ ဦး အသင်းဖွဲ့ပြီး လျှောက်ထားနိုင်တယ်လို့ ဦးမျိုးသန်းက ဆိုပါတယ်။ ပြိုင်ပွဲ လျှောက်လွှာများကို “Myanmar Youth Technopreneurship Development Program – 2018” ရဲ့ Website စာမျက်နှာ http://ift.tt/2yx1LKo နဲ့ MPT ရုံးများ၊ MPT Facebook Page များမှ တဆင့်လျှောက်လွှာများ ရယူကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ လျှောက်လွှာများကို လက်ခံပြီးနောက် ဆန်ခါတင် အဆင့်ဆင့်ရွေးချယ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ကျင်းပသွားမှာဖြစ်ပြီး အောက်မြန်မာပြည် (ရန်ကုန်အခြေစိုက်) နဲ့ အထက် မြန်မာပြည် (မန္တလေးအခြေစိုက်) တို့မှ ပြိုင်ပွဲဝင် အသင်း ၁၅ သင်းစီ ရွေးချယ်သွားမှာဖြစ်ပြီး နောက်ဆုံး ဆန်ခါတင် အဖြစ် အသင်း ၁၀ သင်း ရွေးချယ်သွားမယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ အသင်း ၁၀ သင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့၊ MICT Park ရှိ Kanaung Hub မှာ အထူး လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်ပေးသွားမှာဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိမယ့်အသင်းကို နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုမှ တဆင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး အနိုင်ရရှိမယ့် အသင်းဟာ ဆုကြေးငွေကျပ် သိန်း ၅၀ နဲ့အတူ ၂၀၁၈ ခုနှစ်၊ မတ်လမှ စတင်ပြီး “Kanaung Hub” Co-working Space မှာ အလုပ်လုပ်ကိုင်ခွင့် နေရာတခု ၆ လတိတိ အခမဲ့ အသုံးပြုခွင့်တို့ ရရှိမယ်လို့ သိရပါတယ်။ The post MPT ရဲ့ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ်ပြိုင်ပွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2j2ASbQ
via IFTTT
No comments:
Post a Comment