သံသယဖြစ်ဖွယ် ဒဏ်ရာများကြောင့် ဂူသွင်းပြီး တစ်လခန့်အကြာ ဆရာတော်ရုပ်ကလာပ် ပြန်ဖော် မြိတ်၊ ဒီဇင်ဘာ ၁၇ တနင်္သာရီတိုင်း မြိတ်မြို့နယ် သစ်ယာဝကျေးရွာရှိ ဇဝနာရာမကျောင်းသစ်တိုက်တွင် ဂူသွင်းထားသည့် ဆရာတော်ရုပ် ကလာပ်ကို ဒီဇင်ဘာလ ၁၆ ရက်က ပြန်လည် တူးဖော်ခဲ့ကြောင်း အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးအေးမင်းထံက သိရသည်။ ဆရာတော်ရုပ်ကလာပ်ကို ဂူသွင်း သင်္ဂြိုဟ်ခဲ့သည့်မှာ တစ်လနီးပါး ကြာပြီဖြစ်သော်လည်း ဂူသွင်းချိန်တွင် အရိုက်ခံထားရသည်ဟု သံသယရှိဖွယ် ဒဏ်ရာအချို့ တွေ့ခဲ့ခြင်းနှင့် ဆရာတော်နှင့် သက်ဆိုင်သည့် အခန်းသော့များ၊ ငွေသားများ ပျောက်ဆုံးနေခြင်းတို့ကြောင့် ဒီဇင်ဘာလ ၃ ရက်က မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။ “တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ပျံလွန်တော်မူတယ်လို့ ထင်မြင်ယူဆချက်နဲ့ လာပြီး သတင်းပေးတော့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/ မဟုတ် တရားသူကြီး၊ ဆရာဝန်နဲ့ နာရေးအဖွဲ့တွေခေါ်ပြီး ပြန်ပြီး ရင်ခွဲစစ်တာပါ”ဟု ရဲမှူးအေးမင်းကဆိုသည်။ သက်တော် ၆၂ နှစ်၊ ဝါတော် ၄၂ ဝါရှိ ဆရာတော်ဘဒ္ဒန္တဇဝနသည် နိုဝင်ဘာလ ၁၃ ရက်က ပျံလွန်တော်မူခဲ့ပြီး ၉ ရက်အကြာ ဈာပန အခမ်းအနား ကျင်းပပြီးနောက် နိုဝင်ဘာလ ၂၁ ရက်တွင် ကျောင်းတောင်ပေါ်ရှိ စေတီနံဘေးတွင် ဂူသွင်းခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။ ဆရာတော်သည် မြိတ်မြို့ တရုတ်တန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော်မူပြီးနောက် ရွာသားအချို့က ညတွင်းချင်း ရွာသို့ ပင့်ဆောင်လာခဲ့ကြောင်း အကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဆန်းက ပြောကြားသည်။ ရုပ်ကလာပ်ကို သယ်လာသည့် ရွာသားအချို့၏ ပြောပြချက်အရ သွေးတိုးရောဂါဖြင့် ပျံလွန်တော်မူသည်ကို သိရှိခဲ့ကြောင်း ဦးတင်ဆန်းကဆိုသည်။ ဂူသွင်းခဲ့ပြီးနောက် ဆရာတော် ပျံလွန်တော်မူစဉ်က မျက်နှာနှင့် ရင်ဘတ်တို့၌ ဒဏ်ရာအချို့နှင့် မှောက်လျက်ပျံလွန်တော်မူထားသည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ရောဂါဖြင့် ပျံလွန်တော်မူသည်မှာ မဖြစ်နိုင်ကြောင်း သစ်ယာဝ ရွာသားတို့က ပြောပြသည်။ အဆိုပါ ရုပ်ကလာပ်အား စစ်ဆေးချက် ရလဒ်ပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း မြိတ်မြို့နယ် မြို့မ ရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/CcuidL
via IFTTT
No comments:
Post a Comment