ဗီယက်နမ် ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၂၁ အသင်းက ထိုင်း ယူ-၂၁အသင်းကို အနိုင်ရ ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဗီယက်နမ်သတင်းစာ(Thang Nai) ဖိတ်ခေါ်ဖလားပြိုင်ပွဲ၏ ဒုတိယမြောက်ပွဲစဉ်တွင် မြန်မာယူ-၂၁ အသင်းက ထိုင်း ယူ-၂၁ အသင်းကို အနိုင်ရရှိသွားခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က ဗီယက်နမ်နိုင်ငံရှိ Can Tho Stadium တွင် ကျင်းပခဲ့ပြီး မြန်မာ ယူ-၂၁အသင်းသည် ထိုင်း ယူ-၂၁ အသင်း၏ ဖိအားပေးမှုကို ကြံ့ကြံ့ခံကာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရလဒ်ကို ရယူသွားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ယခုပွဲတွင် အဖိုးတန်အနိုင်ဂိုးကို ပထမပိုင်း ၃၆ မိနစ်ကတည်းက ရရှိခဲ့ပြီး ယင်းဂိုးကို တန်ပြန်တိုက်စစ်ကတစ်ဆင့် အီစိုး၏ ဖန်တီးပေးမှုကို ဟိန်းထက်အောင်က ပိတ်သွင်းကာ ရယူပေးသွားခဲ့ခြင်းဖြစ်သည်။ ထိုင်း ယူ-၂၁ အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရှိရန် ဖိကစားခဲ့သော်လည်း မြန်မာယူ-၂၁ အသင်း၏ တန်ပြန်တိုက်စစ်ကြောင့် အခက်တွေ့ခဲ့ရကာ မြန်မာ ယူ-၂၁အသင်း၏တိုက်စစ်ကို ပင်နယ်တီဧရိယာအပြင်ဘက်တွင် လက်ဖြင့် ဖမ်းယူခဲ့ခြင်းကြောင့် ထိုင်းဂိုးသမားထုတ်ပယ်ခံရသည်အထိ ဖြစ်သွားခဲ့ရသည်။ ထိုင်း ယူ-၂၁ အသင်းသည် တစ်ယောက်လျော့သွားသော်လည်း တိုက်စစ်အားပြု၍သာ ကစားသွားခဲ့သည့်အတွက် မြန်မာ ယူ-၂၁ အသင်းမှာ ခံစစ်ကိုသာ ဂရုစိုက်ခဲ့ရပြီး မြန်မာဂိုးသမား ဘုန်းသစ္စာမင်းနှင့် နောက်တန်းတို့ အမှားယွင်းမရှိ ကာကွယ်ဖျက်ထုတ်မှုများ လုပ်ဆောင်သွားနိုင်ခဲ့သည့်အတွက် အဆုံးသတ်တွင် မြန်မာအသင်းက အနိုင်ရလဒ်ကို ပိုင်ဆိုင်ရရှိကာ ဗိုလ်လုပွဲတက်ခွင့်အတွက် အခွင့်လမ်းကောင်းကို ပိုင်ဆိုင်ရရှိသွားခဲ့သည်။ မြန်မာအသင်းသည် လက်ကျန်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၆ ရက် တွင် ဗီယက်နမ်ယူ-၂၁ အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ယိုကိုဟားမားလူငယ်အသင်းနှင့်လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယအသင်းတို့က ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အုပ်စု တတိယနှင့် စတုတ္တအသင်းတို့က တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Source : https://goo.gl/Re9U2g
via IFTTT
No comments:
Post a Comment