အစိုးရဟောင်းချထားခဲ့သည့် စက်မှုဇုန် မြေနေရာများ ပြန်လည်စိစစ်မည် တောင်ငူ၊ စက်တင်ဘာ ၁၂ ယခင် အစိုးရဟောင်း လက်ထက်က လုပ်ကိုင်ခွင့် ချထားပေးခဲ့သည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် မြေဧက ၁၀၀၀ နီးပါးကို စာချုပ်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည် စစ်ဆေး အရေးယူသွားမည်ဟု ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ပြောကြားသည်။ "အစိုးရဟောင်း လက်ထက်မှာ စက်မှုဇုန်ဆိုပြီး မြေဧကပေါင်းများစွာ ချထားပေးခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်း မလုပ်ကိုင်တဲ့ မြေတွေကို ပြန်လည် စစ်ဆေးပြီး စည်ကမ်းချက်နဲ့ မညီရင် အရေးယူတာမျိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း (လက်ရှိ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) လက်ထက်တွင် တောင်ငူ ကေတုမတီ စက်မှုဇုန်၊ ပဲခူး စက်မှုဇုန်နှင့် ပြည်စက်မှုဇုန်များကို လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ပြီး ယနေ့အချိန်ထိ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် မြေဧက ပေါင်းများစွာ ရှိနေသေးကြောင်း ပြည်မြို့ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က ပြောကြားသည်။ "ပြည်မှာ ဇုန်သစ်နဲ့ ဇုန်ဟောင်း နှစ်မျိုးရှိတယ်။ အဟောင်းက အကုန် လုပ်ကိုင်နေကြပြီ ဖြစ်ပေမယ့် အသစ်က စည်းကမ်းနဲ့ မညီတာတွေ အများကြီး ကျန်နေသေးတယ်။ စာချုပ် ချုပ်ဆိုစဉ် စည်းကမ်းအတိုင်းဆို သိမ်းလို့ ရနေပေမယ့် လက်ရှိ အစိုးရက ဒီလ (စက်တင်ဘာ) ကနေ ခြောက်လအတွင်းမှာ စာချုပ်ပါဘစည်းကမ်းနဲ့ မညီရင် သိမ်းမယ်လို့ သတင်းထွက်နေတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန် သုံးခုတွင် လုပ်ငန်းများ လုပ်ကိုင်ခွင့် လျှောက်ထားပြီး လက်ရှိ အချိန်ထိ လုပ်ငန်းများ မစတင်သေးသည့် မြေကွက်ပေါင်း များစွာ ကျန်ရှိနေသေးသည့်အတွက် အဆိုပါ လုပ်ငန်းရှင်များကို အရေးယူ ဆောင်ရွက်သွားရန် ပြင်ဆင် ဆောင်ရွက်နေဆဲ ဖြစ်ပြီး ဥပဒေနှင့် ညီ/မညီကို ဥပဒေချုပ်ထံ တင်ပြထားကြာင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "မြေချထားပေးစဉ်က ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို လေ့လာပြီးတော့ ဘယ်လို အရေးယူမယ်။ ဒါမှမဟုတ် ဖြေလျှော့ပေးမယ် ဆိုတာကို စဉ်းစားနေတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
Source : http://goo.gl/kDdkiQ
via IFTTT
No comments:
Post a Comment