(စက်တင်ဘာ ၁၇ ရက်) နံနက် ၁ နာရီကျော်က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမျိုးသား နှစ်ဦး အမှုဖွင့် ခံခဲ့ရကြောင်း ဆွာ နယ်မြေရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ “သူတို့ အမျိုးသားတွေက နောက်အိမ်ထောင် ပြုနေပါတယ်ဆိုပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက လာရောက် တိုင်ကြားခဲ့တဲ့အတွက် လိုအပ်တာတွေ မေးမြန်း စစ်ဆေးပြီးတဲ့နောက်မှာ အမှုဖွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ အမှုဖွင့်တာက စက်တင်ဘာ ၁၇ ရက်(ယနေ့) နံနက် ၁ နာရီခန့်မှာပါ။ တိုင်ကြားခံထားရတဲ့ အမျိုးသားတွေကို ဖမ်းဆီး စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်” ဟု ဆွာ နယ်မြေရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ဆွာမြို့နယ် ထောက်ကြံကွင်း ကျေးရွာနေ အမျိုးသမီးနှင့် တစ်ရွာတည်း အတူနေ အသက် ၄၈ နှစ်အရွယ် အမျိုးသားတို့သည် လွန်ခဲ့သော ၂၈ နှစ်ခန့်က တရားဝင် လက်ထပ် ပေါင်းသင်းခဲ့ကြပြီး သားသမီး ငါးဦး ရရှိချိန် ယခုနှစ် ဧပြီ ၁ ရက်က ရေတာရှည်မြို့နယ် မဂူကျေးရွာနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကို နေအိမ်သို့ ခေါ်ဆောင် ပေါင်းသင်းခဲ့သည့်အတွက် ဆွာမြို့ နယ်မြေ ရဲစခန်းသို့ စက်တင်ဘာ ၁၆ ရက်က တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆွာမြို့ နယ်မြေရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ ထပ်မံ၍ ဆွာမြို့ အမှတ်(၁)ရပ်ကွက်နေ အမျိုးသမီးကလည်း လွန်ခဲ့သည့် နှစ်၂၀ နီးပါးက မိမိနှင့် တရားဝင် လက်ထပ် ထိမ်းမြားထားသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားသည် ရေတာရှည်မြို့နေ အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ရေး ဖောက်ပြန်နေသည်ကို တားမြစ် ပြောဆိုခဲ့သော်လည်း မရသည့်အပြင် လွန်ခဲ့သည့် တစ်လကျော်က ရေတာရှည် ခင်လေးကွက်သစ်တွင် နေအိမ် တစ်လုံး ဝယ်ယူပြိီး တရားမဝင် ထပ်မံ လက်ထပ်ပေါင်းသင်း နေသည်ကို သိရှိခဲ့ရခြင်းကြောင့် စက်တင်ဘာလ ၁၆ ရက်က ဆွာမြို့ နယ်မြေရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါရဲစခန်းမှ စုံစမ်း သိရှိရသည်။ အိမ်ထောင်ရှိလျက် နောက်ထပ် အိမ်ထောင် ပြုခဲ့ကြသည်ဟုဆိုသည့် ဆွာမြို့နေ အမျိုးသား နှစ်ဦးကို (ပ)၂၇၇ -၂၇၆/၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း ဆွာမြို့ နယ်မြေရဲစခန်းထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ၂၈ မြို့တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် ခံထားရသူ ၁၃၀ ကျော် ရှိခဲ့ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ #LyMo@The Voice
Source : https://goo.gl/sEmv8H
via IFTTT
No comments:
Post a Comment