မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ပါရန် ဖော်ပြခြင်းဖြစ်ပါသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း (၂ဝ၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။) ၁၃၇၈ ခုနှစ်၊ လ ရက် (၂ဝ၁၆ ခုနှစ်၊ လ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်- (က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။ ( ခ ) နိုင်ငံတော်သမ္မတ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ နိုင်ငံတော်သမ္မတကို ဆိုသည်။ (ဂ ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။ (ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆိုသည်။ ( င ) ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဆိုသည်။ ( စ ) အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင် တစ်ဦးဦးကို ဆိုသည်။ (ဆ) ကော်မရှင်ရုံး ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ဆိုသည်။ ( ဇ ) အတွင်းရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး၏ ရုံးလုပ်ငန်းတာဝန်များ ကို တာဝန်ခံဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးကို ဆိုသည်။ ( ဈ) အဆိုပြုချက် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ပုဒ်မ ၃၅ တွင် ဖော်ပြထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် ကော်မရှင်၏ ခွင့်ပြုမိန့် ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် စာချုပ်၊ စာရွက်စာတမ်း အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။ (ည) ခွင့်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ကို ဖော်ပြသည့် အမိန့်ကိုဆိုသည်။ ( ဋ ) အတည်ပြုလျှောက်ထားလွှာ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက အခန်း(၁၂) မြေအသုံးပြုခွင့်နှင့် အခန်း(၁၈) ပုဒ်မ ၇၈၊ ၈ဝ နှင့် ၈၁ ပါ ကင်းလွတ် ခွင့်နှင့်သက်သာခွင့်များ ခံစားနိုင်ရန်အလို့ငှာ ကော်မရှင်၏ အတည်ပြု မိန့်ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။ ( ဌ ) အတည်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူမှတင်ပြလာသော အတည် ပြုလျှောက်ထားလွှာနှင့်စပ်လျဉ်း၍ ကော်မရှင်၏ အတည်ပြုချက် ကို ဖော်ပြသည့်အမိန့်ကိုဆိုသည်။ (ဍ) နိုင်ငံသား ဆိုရာတွင် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ တို့လည်း ပါဝင်သည်။ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းလည်း ပါဝင်သည်။ ( ဎ ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံသားကိုဆိုသည်။ ယင်းစကားရပ် တွင် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့် ယင်းကိုဆက်ခံသည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းတည်ထောင်မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ၊ ရုံးခွဲများနှင့် အခြားစီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။ (ဏ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံသားမဟုတ်သူကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ နှင့် ယင်းကို ဆက်ခံသည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်း တည်ထောင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုမ္ပဏီ၊ ရုံးခွဲ၊ အခြား စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံ တစ်နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်း များလည်း ပါဝင်သည်။ (တ) ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ရင်းနှီး မြှုပ်နှံမှုကို ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ ကို ဆိုသည်။ (ထ) ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ဤဥပဒေနှင့်အညီ ပိုင်ဆိုင် သည့် သို့မဟုတ် ထိန်းချုပ်သည့် ပိုင်ဆိုင်ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပုဒ်မ ၄၂ ပါ ရင်းနှီးမြှုပ်နှံမှုများလည်း အပါအဝင် ဖြစ်သည်။ ( ဒ ) တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံ သူက ဥပဒေနှင့်အညီ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင် ပစ္စည်းအပေါ် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့်နှင့် လုပ်ငန်းစီမံခန့်ခွဲ ခွင့်တို့ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။ ( ဓ ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်အတွင်း ပြုလုပ်သည့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။ (န) စီးပွားရေးအဖွဲ့အစည်း ဆိုသည်မှာ- (၁) တည်ဆဲ ဥပဒေများနှင့် အညီ စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရန် ဖွဲ့စည်း တည်ထောင်ထားသည့် သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေး လုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့ သို့မဟုတ် အလားတူ အဖွဲ့အစည်းများ အပါအဝင် တရားဝင် စီးပွားရေး အဖွဲ့အစည်းများကို ဆိုသည်။ (၂) တည်ဆဲ ဥပဒေများနှင့် အညီ ဖွဲ့စည်း တည်ထောင်ထားသည့် အဆိုပါ တရားဝင် စီးပွားရေး အဖွဲ့အစည်း၏ ရုံးခွဲတစ်ခုကို ဆိုသည်။ ( ပ ) လွတ်လပ်စွာ အသုံးပြုနိုင်သည့် ငွေကြေး ဆိုသည်မှာ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (International Monetary Fund-IMF) ၏ သဘောတူညီချက်စာချုပ် အပိုဒ် ၃ဝ(စ)နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများအတွက် လွှဲပြောင်းပေးခြင်းများနှင့် ငွေကြေး ဈေးကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ သုံးစွဲ လျက်ရှိသော ငွေကြေးကို ဆိုသည်။ ( ဖ ) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိထားသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားမှုအပေါ် ကော်မရှင်က စိစစ် ခွင့်ပြုနိုင်သည့် အကောက်ခွန်နှင့် အခြား ပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် နှင့် သက်သာခွင့်များကို ဆိုသည်။ ( ဗ ) ဆောင်ရွက်ချက်များ ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ဖြစ်စေ၊ ယင်းတို့က အခွင့်အာဏာအပ်နှင်းထားသည့် အစိုးရမဟုတ် သည့်အဖွဲ့အစည်းများကဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ်ချက်များနှင့် အုပ်ချုပ် ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ သို့မဟုတ် အလေ့အထများ စသည်တို့ကို ဆိုသည်။ အခန်း(၂) ရည်ရွယ်ချက် ၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်- (က) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အလို့ငှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ( ခ ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အကာအကွယ် ပေးရန်၊ ( ဂ ) ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ (ဃ) လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊ ( င ) စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန်၊ ( စ ) နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ (ဆ) အခြေခံ အဆောက်အအုံများ အပါအဝင် ပညာရပ် နယ်ပယ်အသီးသီး နှင့် နိုင်ငံတော် တစ်ဝန်းလုံး၌ ဖွံ့ဖြိုးတိုးတက်စေရန်၊ ( ဇ ) နိုင်ငံသားများ အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင်စေရန်၊ (ဈ) နိုင်ငံတကာ စံနှုန်းနှင့် ညီသော စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်။ အခန်း(၃) ဥပဒေ၏ အကျုံးဝင်မှုနယ်ပယ် ၄။ ဤဥပဒေသည် နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ဤဥပဒေ စတင်အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် လုပ်ငန်း လည်ပတ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဤဥပဒေပြဋ္ဌာန်းပြီးနောက် အသစ် ဖွဲ့စည်းတည်ထောင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု အားလုံးနှင့် အကျုံးဝင် သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေအာဏာ မသက်ဝင် ခင်က ဖြစ်ပွားလျက်ရှိသည့် တည်ဆဲရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ သို့မဟုတ် ဤဥပဒေ ပြဋ္ဌာန်းခြင်း မပြုမီက ခွင့်ပြုမိန့် ရရှိပြီး လုပ်ငန်း လုပ်ဆောင်မှု ရပ်ဆိုင်းထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဤဥပဒေနှင့် အကျုံးဝင် သက်ဆိုင်မှု မရှိစေရ၊၊ ၅။ ဤဥပဒေ၏ အခန်း (၂၁) နှင့် အခန်း (၂၂) ပါ ပြဋ္ဌာန်းချက်များအတွက် ပြုလုပ်သော ဆောင်ရွက်ချက်များ မှတစ်ပါး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မည်သည့် ဆောင်ရွက်ချက်များမဆို ဤဥပဒေနှင့် သက်ဆိုင်စေရမည်။ အခန်း(၄) ကော်မရှင်ဖွဲ့စည်းခြင်း ၆။ ကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်- (က) နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ဝင်များထဲမှ သင့်လျော်သည့် ပုဂ္ဂိုလ် တစ်ဦး ရွေးချယ်အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဥက္ကဋ္ဌတစ်ဦး၊ ( ခ ) အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဒုတိယဥက္ကဋ္ဌတစ်ဦး၊ ( ဂ ) အဖွဲ့ဝင်များအဖြစ် အစိုးရအဖွဲ့က ခန့်အပ် တာဝန်ပေးမည့် သင့်လျော်သော ပြည်ထောင်စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာ သမာဓိနှင့် ပြည့်စုံသည့် သင့်လျော်သော ပုဂ္ဂိုလ်များ၊ (ဃ) ရာထူးအလျောက် ကော်မရှင်ရုံး အကြီးအမှူး ဖြစ်သည့် အတွင်းရေးမှူး တစ်ဦး၊ ၇။ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပုဒ်မ ၆ ပါ ပြဋ္ဌာန်း ချက်နှင့်အညီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် အနည်းဆုံး (၉) ဦးနှင့် အထက် ''မ''ဏန်း အရေအတွက်ဖြင့် ဖွဲ့စည်း တည်ထောင်ရမည်။ ၈။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မရှင် အဖွဲ့ဝင်များသည် ဝန်ကြီးဌာနမှ ခွင့်ပြုသော ချီးမြှင့်ငွေနှင ့်စရိတ်ကို ခံစားခွင့် ရှိစေရမည်။ ၉။ အတွင်းရေးမှူးမှတစ်ပါး ကော်မရှင်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် ရွေးကောက်ခံအစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ အတွင်းရေးမှူးသည် နိုင်ငံ့ ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ ၁ဝ။ ကော်မရှင် အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်းနှစ်ကြိမ် ထက် ပိုမို တာဝန် ထမ်းဆောင်ခြင်း မရှိစေရ။ ၁၁။ ရွေးကောက်ခံအစိုးရသည် အစိုးရ တာဝန်ယူသည့် နေ့မှစ၍ (၂) လအတွင်း ကော်မရှင်အား အသစ် ပြန်လည် ဖွဲ့စည်းရမည်။ ၁၂။ ကော်မရှင်ရုံး အကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ရမည့်အပြင် ကော်မရှင်က သတ်မှတ်ပေးထားသော အခြားလုပ်ငန်း တာဝန်များကိုလည်း ထမ်းဆောင်ရမည်။ ၁၃။ ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များအနက် သီးခြား သတ်မှတ်ပေးသော လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို စာဖြင့်ရေးသား၍ ကော်မရှင် ရုံးအရာထမ်း တစ်ဦးဦးအား တာဝန်ပေးအပ်နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာ တွင် တာဝန် ပေးအပ်ခြင်း ခံရသူသည် တာဝန်ပေးအပ်သည့် စာတွင် ဖော်ပြထားသော လုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့် စာအား မည်သည့် အချိန်တွင်မဆို စာဖြင့် ပြန်လည် ရုပ်သိမ်းနိုင်သည်။ အခန်း(၅) ကော်မရှင်မှ နုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် လစ်လပ်နေရာ ဖြည့်စွက်ခန့်ထားခြင်း ၁၄။ ကော်မရှင်ဥက္ကဋ္ဌသည် တာဝန် ထမ်းဆောင်နေစဉ် မိမိသဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို နိုင်ငံတော် သမ္မတ၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။ ၁၅။ ကော်မရှင်ဥက္ကဋ္ဌမှအပ ကျန်ကော်မရှင် အဖွဲ့ဝင်များ နုတ်ထွက်လိုပါက ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရာထူးမှ နုတ်ထွက်နိုင်သည်။ ၁၆။ အစိုးရအဖွဲ့သည် ကော်မရှင် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက တာဝန်မှ ရပ်စဲနိုင်သည်- (က) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာ ရေးချို့ယွင်းခြင်း၊ ( ခ ) ကွယ်လွန်ခြင်း၊ ( ဂ ) တရားရုံးတစ်ခုခုက ပြစ်မှုကြောင်းအရ ထောင်ဒဏ်ချမှတ်ခံရခြင်း၊ (ဃ) တရားရုံးတစ်ခုခုက လူမွဲအဖြစ် ကြေညာခံရခြင်း၊ ( င ) မိမိအား ပေးအပ်ထားသော တာဝန်များကို ကောင်းမွန်ကျေပွန်စွာ အကောင်အထည် မဖော်နိုင်ခြင်း။ ၁၇။ အစိုးရအဖွဲ့သည်- (က) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာ ကြောင့်ဖြစ်စေ ကော်မရှင်အဖွဲ့ဝင် နေရာလစ်လပ်လျှင် ဤဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အဖွဲ့ဝင်အသစ် ဖြည့်စွက် ခန့်ထားရမည်။ ( ခ ) လစ်လပ်သောရာထူးသည် ကော်မရှင် ဥက္ကဋ္ဌရာထူး နေရာဖြစ်ပါက အသစ် ဖြည့်စွက် ခန့်ထားခြင်း မပြုနိုင်မီအတွင်း ဒုတိယဥက္ကဋ္ဌကို ဖြစ်စေ၊ ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ခြင်း ရှိပြီး ဥက္ကဋ္ဌရာထူးနှင့် ထိုက်တန်သည်ဟု ထင်မြင်ယူဆသူ ကော်မရှင် အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် ယာယီ တာဝန်ပေး ခန့်အပ်နိုင်သည်။ ၁၈။ ရာထူးမှနုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိ တာဝန် ထမ်းဆောင်နေသော ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်အဖွဲ့ဝင် အသစ် ခန့်အပ်ပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။ ၁၉။ ပုဒ်မ ၉ ပါ ရာထူးသက်တမ်းနှင့်စပ်လျဉ်း၍ မည်သို့ပင်ပါရှိစေကာမူ လစ်လပ် ရာထူးတွင် ပုဒ်မ ၁၇ အရ ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် ၄င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်းအတွက်သာ ဖြစ်ရမည်။ (ဆက်လက်ဖော်ပြပါမည်)
Source : http://ift.tt/2chE2U2
via IFTTT
No comments:
Post a Comment