လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်မည့်အစီအစဉ် အစိုးရရပ်ဆိုင်း တောင်ငူ၊ ဇူလိုင် ၂၃ ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဘက်ကရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။ ဇူလိုင် ၂၃ ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူရေး ကော်မတီကို ရပ်ဆိုင်းလိုက်ပါပြီ။ နောက်ပေါ်လာမယ့် အရပ်ဘက်ကော်မတီကို အစိုးရအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ရှိပါတယ်”ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။ အစိုးရအဖွဲ့ဘက်က လုပ်ဆောင်နေ ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သော်လည်း အရပ်ဘက်အဖွဲ့အစည်းများက ဆက်လက်လုပ်ဆောင်ပါက အစိုးရက ကူညီပံ့ပိုးပေးမည်ဆိုသည့်စကားအရ ရုပ်တုတည်ဆောက်ရေး ရပ်ဆိုင်းခြင်းဟု မယူဆကြောင်း ကန့်ကွက်နေသူများက ဆိုသည်။ သို့သော် လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးများနှင့် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များကို အစည်းအဝေးများခေါ်ဆိုပြီး သဘောတူညီချက်ရယူထားနိုင်ခဲ့ကြောင်း ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။ “ပြည်နယ်အစိုးရက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ရပ်လိုက်ပေမယ့် အရပ်ဘက်ကော်မတီတွေကို ဆက်လုပ်ခိုင်းမယ့်အနေအထားပါ။ လုံးဝရပ်လိုက်တာမျိုးမဟုတ်ပါဘူး” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ လေးစားသော်လည်း ကယားပြည်နယ် သမိုင်း၌ မရှိသည့်အတွက် ကန့်ကွက်ခြင်းဖြစ်ပြီး မည်သို့ဆက်လုပ်မည်ဆိုသည်ကို ပြော၍မရသေးကြောင်း ဗိုလ်ချုပ်ရုပ်တု စိုက်ထူရေး ကန့်ကွက်ဆန္ဒပြတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ မော်မိုးမြာက ဆိုသည်။ ထို့ပြင် ဝန်ကြီးချုပ်က ဗိုလ်ချုပ်ရုပ်တု စိုက်ထူမှု ကန့်ကွက်နေသူများကို တပ်ဖြင့် ထိန်းခိုင်းမည်ဟု ပြောဆိုခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေး ကန့်ကွက်သူ ဦးဥတ္တရာအောင်က ပြောဆိုသည်။ ယခုနှစ်ဦးပိုင်းမှစတင်ပြီး ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၈၀၀ နီးပါးရှိသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် စိုက်ထူရန် ပြင်ဆင်ခဲ့သည့်အတွက် ကန့်ကွက်မှုများနှင့် ကြုံနေရပြီး ကန့်ကွက်သူလူငယ် ၂၃ ဦး ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉/ ၂၀ သာမက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခံထားရသည်။ လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန် ဒေသခံအရပ်ဘက်အဖွဲ့အစည်း ၅ ခုခန့်က ထောက်ခံကြောင်း စာထုတ်ပြန်ထားသကဲ့သို့ အဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့ ၃၀ နီးပါးက ကန့်ကွက်ကြောင်း စာများထုတ်ပြန်ထားသည်။
Source : https://goo.gl/BnuVf4
via IFTTT
No comments:
Post a Comment