Monday, March 13, 2017

7Day News Journal

ရာထူးမှ ဖယ်ရှားခံရပြီး နှစ်ရက်အကြာတွင် တောင်ကိုရီးယား သမ္မတ အိမ်တော်မှ ပက်ခ်ဂွမ်ဟေး ထွက်ခွာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေးသည် သမ္မတ အိမ်တော်မှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။ ပက်ခ်ကို အဂတိ လိုက်စားမှု စွဲချက်ဖြင့် တရားစွဲဆိုရေးကိစ္စ လွှတ်တော်တွင် မဲခွဲ အတည်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အထူးခုံရုံးက ယင်းကိစ္စကို လက်ခံကြောင်း ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက် အနေဖြင့် ပက်ခ်သည် တောင်ကိုရီးယားတွင် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ရွေးကောက် တင်မြှောက်ခံရသော သမ္မတများအနက် ပထမဆုံးအကြိမ် ရာထူးမှ ဖြုတ်ချခံရသူအဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်သွားခဲ့သည်။ တရားရုံး ဆုံးဖြတ်ချက်အပြီး နှစ်ရက်အကြာတွင် ပက်ခ်သည် သမ္မတအိမ်တော်မှ ထွက်ခွာကာ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည်။ သူမသည် အားပေးထောက်ခံသူများကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်နေခဲ့ကြောင်းလည်း သိရသည်။ ပက်ခ်သည် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အရှုပ်အထွေးများတွင် ပါဝင်ပတ်သက်မိရာမှ တရားရေးအရ ပြဿနာများ ကြုံခဲ့ရခြင်း ဖြစ်သည်။ အတိုက်အခံ အင်အားစုများက ပက်ခ်ကို အမြန်ဆုံး စွဲချက်တင် ဖမ်းဆီးရန် အာဏာပိုင်များကို တိုက်တွန်း ဆန္ဒပြနေကြသည်။ မတ် ၁၂ ရက်က သမ္မတ အိမ်တော်ကို စွန့်ခွာလာခဲ့သည့် ပက်ခ်သည် ခုံရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူမ၏ သဘောထားကို ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ရာ၌ “အချိန်အတိုင်းအတာ တစ်ခုထိ ကြာကောင်း ကြာပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ အမှန်တရားဟာ လက်တွေ့ ပေါ်ပေါက်လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ သူမက သမ္မတတစ်ဦး အနေဖြင့် ဖော်ဆောင်ပေးရမည့် တာဝန်များ ပျက်ကွက်ခဲ့ခြင်းအတွက် ထောက်ခံသူများကို ရည်ရွယ် တောင်းပန်ခဲ့သည်။ ပက်ခ်ကို သမ္မတ အိမ်တော်မှ သူမ၏ နေအိမ်သို့ အဆောင်အယောင်အပြည့် ယာဉ်တန်းဖြင့် လိုက်ပါ ပို့ဆောင်ခဲ့သည်။ သူမသည် အနက်ရောင် ဇိမ်ခံကားကြီး တစ်စီးပေါ်တွင် ရှိနေခဲ့ပြီး ယာဉ်တန်း၏ နောက်တွင် မီဒီယာသမားများက လိုက်ပါ သတင်းယူခဲ့သည်ကိုလည်း တွေ့ရသည်။ အိမ်ပြန်အရောက်တွင် ပက်ခ်က သူမကို လာရောက် စောင့်ကြိုနေသည့် ထောက်ခံသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သလို နိုင်ငံရေး မဟာမိတ်များကိုလည်း လက်ဆွဲ နှုတ်ဆက်နေခဲ့သည်။ ပက်ခ်သည် တရားရုံးတွင် ရာဇဝတ်ကြောင်းအရ ဆက်လက် တရားရင်ဆိုင်ရမည့် အလားအလာလည်း ရှိနေသည်။ သူမကို တရားစွဲဆိုရန် ကိစ္စနှင့် ပတ်သက်၍ တောင်ကိုရီးယားတွင် နိုင်ငံရေးအမြင် နှစ်ခြမ်းကွဲသွားပြီး ပက်ခ်သည် နိုင်ငံရေး လုပ်ကြံမှု၏ သားကောင် ဖြစ်ခဲ့ရခြင်းဟု ယူဆသူ အများအပြားလည်း ရှိနေကြောင်း သိရသည်။ Ref: BBC
Source : http://ift.tt/2mZmd4G
via IFTTT

No comments:

Post a Comment