သြစတြေးလျနိုင်ငံသို့ ပျံသန်းနေသော လေယာဥ်ခရီးစဥ် တစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦး၏ နားကြပ် (headphones) မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ထိုအမျိုးသမီး၏ မျက်နှာနှင့် လည်ပင်းတို့၌ မီးလောင်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သြစတြေးလျအစိုးရ အရာရှိများက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ လေယာဥ်ခရီးစဥ်များပေါ်တွင် ဘက်ထရီသုံး ကိရိယာများ၏ အန္တရာယ်ကို သတိပေးနေစဥ်မှာပင် ယခုဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်က ပေကျင်းမှ မဲဘုန်းသို့ ပျံသန်းသည့် နှစ်နာရီကျော်ကြာ လေယာဥ်ခရီးစဥ် တစ်ခုအတွင်း ခရီးသည် အမျိုးသမီး တစ်ဦးသည် ၎င်း၏ ဘက်ထရီသုံး နားကြပ်ဖြင့် သီချင်းနားထောင်ရင်း ငိုက်မျဥ်းနေစဥ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်ခဲ့သည်။ “ကျွန်မ ဟိုဘက်ကို လှည့်လိုက်တဲ့အချိန်မှာ မျက်နှာမှာ မီးလောင်ခံရသလို ခံစားရတယ်။ ဒါကြောင့် ကျွန်မ မျက်နှာကို ခါလိုက်တဲ့အတွက် နားကြပ်ဟာ လည်ပင်းပေါ်ကျသွားတယ်။ ဒါပေမဲ့ ဆက်ပြီး အလောင်ခံရတယ်လို့ ခံစားရတဲ့အတွက် အဲဒီနားကြပ်ကို ဆွဲချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ နားကြပ်က မီးနည်းနည်းထွက်နေတယ်” ဟု ထိုအမျိုးသမီးက ယင်းဖြစ်စဥ်အား စုံစမ်းစစ်ဆေးနေသော သြစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန (ATSB) သို့ ပြောကြားခဲ့သည်။ လေယာဥ်အမှုထမ်းများက ထိုနားကြပ်ပေါ်သို့ ရေဖြင့်လောင်းခဲ့ကြပြီးနောက် နားကြပ်၏ ဘက်ထရီနှင့် ကာဗာမှာ အရည်ပျော်ပြီး ကြမ်းနှင့် ကပ်နေသည်ကို တွေ့ရသည်။ ဓာတ်ပုံများအရ မည်သူမည်ဝါ မဖော်ပြထားသော ထိုအမျိုးသမီး၏ မျက်နှာမှာ မည်းနေပြီး လည်ပင်းနှင့် လက်များတွင် မီးလောင်ဖုများကို တွေ့မြင်ရသည်။ အခြားခရီးသည်များမှာလည်း ဆံပင်နှင့် လျှပ်စစ်ပစ္စည်းများ လောင်ကျွမ်းမှုနှင့် စူးရှသော ပလတ်စတစ် လောင်ကျွမ်းသည့်အနံကို လေယာဥ်ခရီးစဥ်တစ်လျှောက်၌ သည်းခံခဲ့ကြရသည်။ သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်ထဲတွင် နားကြပ်၏ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီကြောင့် မီးလောင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သော်လည်း လေကြောင်းလိုင်းအမည်နှင့် နားကြပ်တံဆိပ်တို့ကို မဖော်ပြခဲ့ပေ။ “ဘက်ထရီ အသုံးပြုတဲ့ ပစ္စည်းတွေ များပြားလာတဲ့အလျောက် အခုလို အလားတူ ဖြစ်စဥ်တွေ လေယာဥ်ခရီးစဥ်အတွင်းမှာ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါတယ်” ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ ထို့ကြောင့် ဘက်ထရီသုံး ကိရိယာများအား အသုံးမပြုပါက အိတ်ထဲတွင်သာ သိမ်းဆည်းထားကြရန်လည်း အကြံပေးခဲ့သည်။ ယခုဖြစ်စဥ်သည် သြစတြေးလျ၌ ဖြစ်ပွားသည့် ပထမဆုံး နားကြပ်မီးလောင်မှု ဖြစ်စဥ် ဖြစ်သော်လည်း ယခင်က ဖုန်းနှင့် အခြားဘက်ထရီသုံး ကိရိယာများနှင့် ပတ်သက်သည့် ဖြစ်စဥ်များ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ ယမန်နှစ်က ခရီးသည်တစ်ဦး၏ လက်ဆွဲအိတ်ထဲမှ လီသီယမ် ဘက်ထရီများသည် မီးလောင်၍ မီးခိုးထွက်လာသဖြင့် ဆစ်ဒနီမှ ထွက်ခွာမည့် လေယာဥ်ခရီးစဥ်ပေါ်မှ ခရီးသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ Ref: AFP
Source : http://ift.tt/2nFflpT
via IFTTT
No comments:
Post a Comment