အိပ်ရေးမဝမှု၊ နို့စို့ကလေးများ၏ ဝုန်းဒိုင်းကြဲမှုနှင့် ဆယ်ကျော်သက်များ၏ လောကကြီးကို စိတ်ပျက်မှုစသည့်ဒဏ်များကို ကျော်လွှားနိုင်ပါက မိဘများသည် ကလေးမရှိသော မိဘများထက် ပို၍အသက်ရှည်ကြောင်း သုတေသနပညာရှင်များက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဖခင်ဖြစ်သူများသည် မိခင်ဖြစ်သူများထက် အထူးသဖြင့် သက်ကြီးပိုင်းအရွယ်တွင် သက်တမ်းပိုရှည်ကြောင်း Journal of Epidemiology & Community Health တွင် ပညာရှင်အဖွဲ့တစ်ဖွဲ့က ရေးသားခဲ့ခြင်းဖြစ်သည်။ အသက် ၆ဝ အရွယ်တွင် ကလေးရှိသူများနှင့် မရှိသူများအကြား သက်တမ်းကွာဟမှုသည် နှစ်နှစ်အထိ ရှိနိုင်ကြောင်း ၎င်းတို့က ကောက်ချက်ချခဲ့သည်။ ၁၉၁၁ ခုနှစ်နှင့် ၁၉၂၅ ခုနှစ်အကြား မွေးဖွားပြီး ဆွီဒင်တွင် နေထိုင်သည့် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁ ဒသမ ၄ သန်းကျော်၏ သက်တမ်းများကို ပညာရှင်များက ခြေရာကောက် လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းစစ်တမ်းတွင် ပါဝင်သူများသည် အိမ်ထောင်ရှိသူနှင့် ကလေးရှိသူများ ဟုတ်၊ မဟုတ်ကိုလည်း ပညာရှင်များက အချက်အလက်များ စုဆောင်းခဲ့သည်။ ကလေးတစ်ဦးထက်မနည်း ယူထားသော အမျိုးသားနှင့် အမျိုးသမီးများသည် ကလေးမရှိသူများထက် အသက်အန္တရာယ် ကြုံတွေ့နိုင်ခြေ နည်းပါးသည်ဟု ၎င်းတို့က ကောက်ချက်ချခဲ့သည်။ အသက် ၆ဝ အရွယ်ရောက်ရှိချိန်တွင် ကလေးရှိသူနှင့် ကလေးမရှိသူ အမျိုးသား၊ အမျိုးသမီးတို့၏ သက်တမ်းကွာဟမှုမှာ အမျိုးသားဆိုလျှင် နှစ်နှစ်ရှိပြီး အမျိုးသမီးများအတွက်ဆိုလျှင် ၁ ဒသမ ၅ နှစ်ဖြစ်ကြောင်း ပညာရှင်များက ရေးသားခဲ့သည်။ အသက် ၈ဝ ရောက်လျှင်မူ ကလေးရှိသူ အမျိုးသားများ၏ သက်တမ်းသည် ခုနစ်နှစ် နှင့် ရှစ်လကျန်ရှိနေဆဲဖြစ်ပြီး ကလေးမရှိသူ အမျိုးသားများမှာမူ ခုနစ်နှစ်သာ ကျန်တော့ကြောင်း ၎င်းတို့က ဆိုခဲ့သည်။ ကလေးရှိသည့် မိခင်များမှာမူ အသက် ၈ဝ တွင် သက်တမ်းကိုးနှစ်နှင့် ခြောက်လ ကျန်နေသေးပြီး ကလေးမရှိသည့် အမျိုးသမီးမှာမူ ရှစ်နှစ်နှင့် ၁၁ လသာ ကျန်ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ယင်းလေ့လာမှုက ဆက်နွှယ်မှုရှိကြောင်းကိုသာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကလေးရှိခြင်းသည် သက်တမ်းရှည်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းကိုမူ ကောက်ချက်မချနိုင်ကြောင်း ပညာရှင်များက ဝန်ခံခဲ့သည်။ သို့သော် ကလေးရှိသူများသည် ၎င်းတို့ အိုမင်းလာချိန်တွင် ကလေးများထံမှ လူမှုရေးနှင့် ငွေရေးကြေးရေး ထောက်ပံ့မှုများ ခံစားရဖွယ်ရှိကြောင်း ပညာရှင်များက ယူဆခဲ့ကြသည်။ ကလေးမရှိသူများမှာမူ ရှိသူများထက် ကျန်းမာရေးနှင့် မညီသောပုံစံများဖြင့် နေထိုင်နိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။ Writer: Ref: AFP
Source : http://ift.tt/2mJeLtR
via IFTTT
No comments:
Post a Comment