အမြတ်ကိုဒေါ်လာနဲ့ရှင်းမယ်၊ ရာခိုင်နှုန်းနဲ့ ဆပွားပေးမယ်၊ ငွေအရင်ထည့်ပါဆိုတိုင်း မယုံပါနဲ့ အွန်လိုင်းစနစ်နဲ့သွားတာဖြစ်ပြီး မမ်ဘာတစ်ယောက်ရှာနိုင်ရင် ဒေါ်လာ ၁၀ အကျိုးအမြတ်ရတယ်လို့ ဆိုပါတယ်။ လက်ဆုတ်လက်ကိုင်မပြနိုင်တဲ့ စီးပွားရေးကို မလုပ်သင့်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ရန်ကုန်၊ မတ် ၁ - နယ်မြို့အသီးသီးက ရိုးသားတဲ့ ပြည်သူတွေဆီကို ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီအမည်တပ်ထားတဲ့ အဖွဲ့တွေ သည်နှစ်ဆန်းပိုင်းက စပြီးပုံစံမျိုးစုံနဲ့ရောက် ရှိလာပါတယ်။ သူပြောတာကတော့ ငွေကြေးပမာဏ တစ်စုံတစ်ရာသွင်းတာနဲ့ အဆမတန် အမြတ်တွေရမယ်ဆိုတာပါပဲ။ အဲသည်ဖြစ်ရပ်က ရန်ကုန်မြို့က ပြည်သူတွေ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ငွေသိန်းနဲ့ သန်းနဲ့ချီပြီး အလိမ်ခံရတဲ့အဖြစ်ကိုပြန် သတိရစေပါတယ်။ နယ်မြို့က ပြည်သူဆီကိုရောက်ရှိလာတဲ့ ကုမ္မဏီတွေရဲ့ဆွဲဆောင်ပုံဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်က ဖျက်သိမ်းလိုက်တဲ့ငွေရင်းနှီးမြှုပ်နှံတဲ့ကုမ္မဏီတွေလုပ်ကိုင်တဲ့ စနစ်တွေနဲ့တူနေတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက စစ်ဆေးပြီး မှန်ကန်မှုမရှိရင်အရေးယူဖို့ စီးပွားရေးပညာရှင်တွေက မျှော်လင့်ကြပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၃ ခုနှစ်ဆန်းပိုင်း ရှစ်နှစ်အထိသာ သက်တမ်းရှိခဲ့တဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီဖြစ်တဲ့ သစ္စာပန်းခင်း၊ ဧရာမြေစတဲ့ ကုမ္မဏီတွေဟာ ထွက်ပြေးတိမ်းရှောင်ပြီး ဒေဝါလီခံဖျက်သိမ်းခဲ့တဲ့အတွက် ပြည်သူလူထုတွေ ငွေကြေးများစွာဆုံးရှုံးခဲ့ပါတယ်။ သတိထားရမယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္မဏီတွေမှာ ဘဏ်ဥပဒေနဲ့အညီ လုပ်ကိုင်တဲ့ကုမ္မဏီတွေဖြစ်ရဲ့လား၊ စီမံရေးနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနရဲ့ထောက်ခံခွင့်ပြုထားတဲ့ ကုမ္မဏီဖြစ်ရဲ့လားဆိုတာ ပြည်သူလူထုတွေက လေ့လာသင့်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ‘အဲဒီလိုထောက်ခံခွင့်ပြုတာတွေမရှိဘူးဆိုရင် ပြည်သူလူထုတွေအနေနဲ့ လုံးဝမယုံကြည်သင့်ဘူး၊ ခွင့်ပြုချက် မရဘဲ ကုမ္မဏီတွေကလုပ်နေတယ်ဆိုရင် တည်ဆဲဥပဒေနဲ့အရေးယူလို့ရတယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုပါတယ်။ ကုမ္မဏီတွေမှာ အပ်ငွေတွေထည့်ပြီး ကုမ္မဏီဘက်ကအတိုးပေးမယ်ဆိုတဲ့အလုပ်က မြန်မာနိုင်ငံရဲ့ဘဏ်ဥပဒေနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့အလုပ်ဖြစ်ပြီး ကုမ္မဏီတွေအနေနဲ့ငွေစုငွေချေးလုပ်မယ်ဆိုရင် အစိုးရကသတ်မှတ်ထားတဲ့ ဘဏ်တွေကပဲ လုပ်ပိုင်ခွင့်ရှိတယ်လို့ ဦးလှမောင်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကခွင့်ပြုထားတဲ့ဘဏ်လုပ်ငန်းမှာပဲ ငွေထည့်ပြီးအတိုးရတာဖြစ်တဲ့အတွက် နယ်မြို့တွေ မှာ ငွေအတိုးချကုမ္မဏီတွေလုပ်ကိုင်နေတာက ငွေကြေးဥပဒေနဲ့ကိုက်ညီမှုမရှိဘူးလို့ ကမ္ဘေဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်ကပြောပါတယ်။ ‘ဘဏ္ဍာခွန်နဲ့လဲလျင်ဖို့ အရေးယူဖို့လိုတယ်၊ ဥပဒေမဲ့လုပ်တဲ့ကိစ္စတွေဖြစ်တယ်၊ ဒေါ်လာနဲ့ ကစားချင်ရင် ဗဟိုဘက်က လိုင်စင်ရှိရမယ်လို့ ဦးသန်းလွင်က ပြောပါတယ်။ ငွေအတိုးများများပေးတဲ့ ငွေအတိုးချကုမ္မဏီမှာ လုပ်ငန်းလုပ်ကိုင်တော့မယ်ဆိုရင် အစိုးရကခွင့်ပြုထားတဲ့ ဘဏ်တွေ အသေးစားငွေချေးလုပ်ငန်းတွေနည်းတူ ကြီးကြပ်နိုင်မှုနဲ့ထောက်ခံမှု မရှိနိုင်ဘူးလို့ Thura Swiss ကုမ္မဏီတည်ထောင်သူ ဒေါက်တာအောင်သူရက ပြောပါတယ်။ ‘တစ်ခုခုဖြစ်ရင်တာဝန်ယူမှုတာဝန်ခံမှုတွေမရှိဘူး၊ အတိုးတွေကအစ ဖြေရှင်းပေးမယ့်ပုဂ္ဂိုလ်တွေလဲ မရှိဘူး၊ အဲဒါတွေကို ဂရုပြုသင့်တယ်လို့ ဒေါက်တာ အောင်သူရက ပြောပါတယ်။ MLM လိုပုံစံမျိုးတွေပါလာပြီဆိုရင် ပြည်သူတွေအနေနဲ့ အန္တရာယ်များလွန်းတဲ့အတွက် လုံးဝမလုပ်ကိုင်သင့်ဘူး လို့ သူကဆက်ပြောပါတယ်။ လုပ်ဆောင်ပုံ ၁၉၉၅ မှ ၂၀ဝ၃ ခုနှစ် လဆန်းအထိလုပ်ကိုင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီတွေဟာ ပြည်သူလူထုအပ်ထားတဲ့ ငွေတွေကို သုံးလကိုနှစ်ရာခိုင်နှုန်း၊ ခြောက်လကိုလေးရာခိုင်နှုန်း၊ ၁၂ လကို ခြောက်ရာခိုင်နှုန်း အတိုးပြန်ပေးတဲ့ ပုံစံနဲ့လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်သူလူထုအနေနဲ့ အတိုးများများရတဲ့အတွက် ကုမ္မဏီတွေကပေးတဲ့ မက်လုံးနောက်ကိုလိုက်ပြီး ရင်းနှီး မြှုပ်နှံတာဖြစ်ပါတယ်။ အဲသည်အတွက် ပြည်သူလူထုတွေအတွက် ဆုံးရှုံးမှုတွေများလိမ့်မယ်လို့ ဦးလှမောင် က ပြောပါတယ်။ ‘ရှိစုမဲ့စုပင်စင်သမားတွေလဲပါသွားတယ်၊ သိန်းထောင်ချီသမားတွေလဲပါသွားတယ်၊ နောက် ဆုံးထွက်ပြေးသွား တော့ ဘယ်သူမှပြန်မရကြဘူးလို့ ဦးလှမောင်က ပြောပါတယ်။ လတ်တလောမှာငွေစုပြီးအတိုးပြန်ထုတ်ပေးတဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီတွေအများလုပ်ကိုင်တဲ့နေရာတွေ ကတော့ မော်လမြိုင်၊ ပြည်၊ ပဲခူး၊ ကျုံပျော်မြို့တွေ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကျုံပျော်မြို့ကို ဝင်ရောက်နေတဲ့ ကုမ္မဏီကတော့ SCL (Saxon Capital Group – SCL Club Myanmar) ဖြစ်ပါတယ်။ အဲသည်ကုမ္မဏီဟာ ကမ္ဘာဘဏ်နဲ့ချိတ်ဆက်ထားတဲ့ ကုမ္မဏီတစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံပြင်သစ်မှာအခြေ စိုက်ထားတာဖြစ်ပြီး ထိုင်းနိုင်ငံမှရုံးခွဲဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆွဲဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒီဇင်ဘာလမှာ စတင်ကာ ရင်းနှီးမြှုပ်နှံမှုစတင်လုပ်ခဲ့တာဖြစ်တယ်လို့ ကျုံပျော် မြို့သူမြို့သား များပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာ SCL နဲ့ လုပ်ဆောင်နေတဲ့ ကျုံပျော်မြို့က ဦးဓမ္မသာရက SCL ကုမ္မဏီတွေအနေနဲ့ အမြတ်ရဲ့ သုံးပုံတစ်ပုံကို ရင်းနှီးမြှုပ်နှံသူကိုပေးပြီး သုံးပုံနှစ်ပုံကို ကုမ္မဏီကယူတာဖြစ်ပါတယ်။ လူတန်းစားပေါင်းစုံပါဝင်နိုင်တယ်လို့ မိန့်ပါတယ်။ ‘ကျုံပျော်မြို့မှာ လူတန်းစားပေါင်းစုံက လူဦးရေ ၁၀ဝဝ လောက် မမ်ဘာဝင်ထားပါတယ်၊ အွန်လိုင်းစနစ်နဲ့သွားတာဖြစ်ပြီး မမ်ဘာတစ်ယောက်ရှာနိုင်ရင် ဒေါ်လာ ၁၀ အကျိုးအမြတ်ရတယ်လို့ ဦးဓမ္မသာရက မိန့်ပါတယ်။ SCL ကုမ္မဏီဟာ ဇန်နဝါရီလမှာ မြန်မာနိုင်ငံရဲ့ကုမ္မဏီများညွန်ကြားမှုဦးစီးဌာနရဲ့ကုမ္မဏီမှတ်ပုံတင် ရရှိထားတာဖြစ်တယ်လို့ ဦးဓမ္မသာရကမိန့်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာနက ကုမ္မဏီတွေကို မှတ်ပုံတင်ချပေးထား တာသာဖြစ်ပြီး လိုက်လံစစ်ဆေးတာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပဲ သက်ဆိုင်တယ်လို့သိရ ပါတယ်။ SCL ကုမ္မဏီက ကျုံပျော်မြို့မှာ ဇန်နဝါရီလကစတင်ပြီး မြန်မာငွေ ကျပ် ၁၂၅,၅၀ဝ ကို ရင်းနှီးမြှုပ်နှံရင် ရက်ပေါင်း ၉၀ မှာ သုံးသိန်းကျော်ပြန်လည်ရရှိမယ်လို့ ဆွဲဆောင်စည်းရုံးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလမှာလည်း အနည်းဆုံး ၁၈၇,၅၀ဝ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရက်ပေါင်း ၁၂၀ ကြာတဲ့ အခါငွေကျပ် ၃၃၇,ဝဝဝ ရရှိမှာဖြစ်ပြီး အဲသည်နောက်ပိုင်းမှာတော့ ဒေါ်လာ ၃၀ဝ အထက် ရင်းနှီး မြှုပ်နှံနိုင်တဲ့သူနဲ့သာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စည်းရုံးဆွဲဆောင်ခဲ့ပါတယ်။ ကုမ္မဏီတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ငွေရင်းနှီးမြှုပ်နှံပြီးဆပွားအတိုးပေးနေ တဲ့ကုမ္မဏီတွေဟာ တရားဝင်ကုမ္မဏီတွေမဟုတ်ဘူး လိမ်လည်နေတဲ့ ကုမ္မဏီတွေသာဖြစ်တယ်လို့ သတင်းစာတွေကို ပြောခဲ့ပါတယ်။ လက်ရှိမှာ SCL ကုမ္မဏီအပြင် တခြားကုမ္မဏီတွေလည်း အတိုးနှုန်းများများနဲ့ပြန်ရဖို့ဆိုတဲ့ကြော်ငြာချက် တွေနဲ့ အွန်လိုင်းမှာကြော်ငြာခဲ့ပါတယ်။ အဲသည်ကုမ္မဏီထဲက တစ်ခုကတော့ Forex Trading ကုမ္မဏီဖြစ်ပါတယ်။ Forex Trading ကုမ္မဏီဟာ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင် ဒေါ်လာ ၃၀ဝဝ ကစတင်ပြီးရင်း နှီးရမှာဖြစ်ပြီး တစ်လကို အမေရိကန်ဒေါ်လာ ၅၀ဝ မှ ဒေါ်လာ ၁၀,ဝဝဝ အထိရရှိနိုင်တယ်။ စီး ပွားရေးနဲ့ကွာခြားချက်တွေအခက်အခဲမရှိတာတွေကို ပြောဆိုပြီးဆွဲဆောင်ထားပါတယ်။ နောက်တစ်ခုကတော့ Aust-ralia ရဲ့ celebrates 2017 ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲသည် အစီအစဉ်ကတော့ လူတစ်ဦးဟာ မိမိသွင်းလိုက်တဲ့ငွေ deposit ရဲ့ ၂၀ ရာခိုင်နှုန်းဘောနပ်ရချင်ရင် အကောင့်တစ်ခုဖွင့်ရမယ်။ အမြဲတမ်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူး။ အချိန်ကန့်သတ်ချက်တွေရှိ တယ်လို့ ဖေ့စ်ဘုတ်ခ်ကတစ်ဆင့်ကြေညာထားပါတယ်။ အဲသည်ကြော်ငြာချက်နဲ့လုပ်ကိုင်ပုံတွေက အရင်ကဖျက်သိမ်းခဲ့ရတဲ့ ကုမ္မဏီရဲ့လုပ်ဆောင်ချက်တွေနဲ့ တူနေပြီးလိမ်ညာမှုတွေသာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေကသုံးသပ်ကြပါတယ်။ ငွေကြေးကန့်သတ်ချက် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နေတဲ့ ကုမ္မဏီတွေဟာ ဒေါ်လာနဲ့အပေးအယူလုပ်မယ်ဆိုပြီး ပြည်သူတွေကို ဆွဲဆောင်နေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒေါ်လာနဲ့အပေးအယူလုပ်ဆောင်လို့မရဘူး လို့ ဗဟိုဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဟိုတယ်တွေ၊ လေဆိပ်တွေ၊ ရောင်းဝယ်မှုတွေမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်တွေဟာ ဒေါ်လာနဲ့လုပ်ဆောင်တာတွေမရှိတော့ဘူးလို့ ဦးလှမောင်ကဆိုပါတယ်။ ‘တကယ်လို့ ဒေါ်လာနဲ့ငွေကစားနေပြီဆိုရင် လုံးဝဥပဒေနဲ့မညီဘူးလို့ ဦးလှမောင်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါ ဒေါ်လာနဲ့ကစားချင်ရင် ဗဟိုဘဏ်က လိုင်စင်ရှိမှလုပ်ဆောင်နိုင် မှာဖြစ်ပြီးဒေါ်လာကို နိုင်ငံသားတွေအနေနဲ့ကိုင်ဆောင်ခွင့်ရှိပေမဲ့ အပေးအယူလုပ်ခွင့်မရှိပါဘူးလို့ ဦးသန်းလွင်က ပြောပါတယ်။ SCL ကုမ္မဏီမှာ ကမ္ဘာ့ဘဏ်နဲ့ချိတ်ဆက်ထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။ ကုမ္မဏီတစ်ခုမှာ ငွေထည့်ပြီးငွေရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ပြည်သူတွေအနေနဲ့ မြန်မာစာချုပ်ဥပဒေနဲ့ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး ကုမ္မဏီအနေနဲ့လက်မှတ်တွေထိုးခိုင်းရင်လည်း အလွတ်မရှိတဲ့စာရွက်မှာ လက်မှတ်မထိုးပေးသင့်ဘူးလို့ ဦးလှမောင်က ပြောပါတယ်။ SCL ကုမ္မဏီမှာ အွန်လိုင်းချိတ်ဆက်တဲ့စနစ်ကနေသွားနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ လက်ဆုတ်လက်ကိုင်မပြနိုင်တဲ့ စီးပွားရေးကိုမလုပ်သင့်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ SCL (ဆင့်ပွားစနစ်) လုပ်ငန်းတွေက မြန်မာနိုင်ငံကိုဝင်ရောက်လာခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တည်းကဖြစ်ပြီး ၂၀၁၆ ခုနှစ်ကမှ SCL ရဲ့ဆိုးကျိုးကို စတင်သတိပြုမိလာကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာနေထိုင်သူတချို့ကတော့ လက်မခံတဲ့အတွက် နယ်မြို့တွေကို ဦးတည်လာတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ သက်ဆိုင်ရာက အမြန်ဆုံးအရေးယူသင့်တယ်၊ အရင်ကလဲ နမူနာတွေရှိ တဲ့အတွက် အမြန်ဆုံး တားဆီးသင့်တယ်လို့ ဦးလှမောင်က ဆက်ပြောပါတယ်။ SCL လုပ်ငန်းတွေကို သေချာစိစစ်လေ့လာဖို့ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနစတဲ့ ဌာနဆိုင်ရာတွေပူး ပေါင်းတဲ့အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။ ‘ကုမ္မဏီမှတ်ပုံတင်ထားတာရှိ မရှိကိုစစ်ဆေးဖို့ လုပ်ဆောင်နေတယ်၊ ထိထိရောက်ရောက်အရေးယူနိုင် ဖို့လို့ ဦးသန်းအောင်ကျော်က ပြောပါတယ်။ Author – မို့မို့သန္တာ
Source : http://ift.tt/2ll9Lwt
via IFTTT
No comments:
Post a Comment