ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီပြတိုက် “Van Gogh Museum” အကြောင်း နယ်သာလန်နိုင်ငံ၊ မြို့တော် Amsterdam (အမ်စတာဒမ်) မှာရှိတဲ့ “Van Gogh ပြတိုက်” ဟာဆိုရင် ကမ္ဘာ့အကျော်ကြားဆုံး ပြတိုက်တခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ခရီးသွားနဲ့ ပန်းချီအပေါ် စိတ်ပါဝင်စားသူတွေကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ပြတိုက်တခုလည်း ဖြစ်ပါတယ်။ ဒီပြတိုက်မှာဆိုရင် ကမ္ဘာကျော် ပန်းချီပညာရှင် Vincent van Gogh ရဲ့ ပန်းချီကားပေါင်း ၂၀၀ကျော် ၊ ပုံကြမ်း ၅၀၀နဲ့ စာအစောင်ရေပေါင်း ၇၀၀ ခန့်ကို ပြသထားတာ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းနှစ်များမှာ ပြတိုက်နေရာကို ချဲ့ထွင်ပြီး ခေတ်မီ ဗိသုကာပညာတွေနဲ့ ထိန်းသိမ်း မွမ်းမံခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားတွေအတွက်တော့ “Van Gogh ပြတိုက်” ဟာဆိုရင် တစုံတခုသော စိတ်ခံစားချက်တွေ ကူးလူး စီးဆင်းမှုကို ပေးစွမ်းနေမှာပဲဖြစ်ပါတယ်။ ပန်းချီဆရာ Van Gogh ရဲ့ ပန်းချီကားများ ပန်းချီဆရာ Van Gogh ရဲ့ ရှုမျှော်ခင်းပန်းချီတွေ၊ ကိုယ်တိုင်ရေး ပုံတူတွေနဲ့ သူ့ရဲ့ကျော်ကြားလှတဲ့ နေကြာပန်းပုံ ပန်းချီကားတွေ ပြသထားပြီး Van Gogh ရဲ့ ပြောင်းလဲတိုးတက်လာမှုတွေကို ရှုမြင်နိုင်အောင်လည်း ပြတိုက်က သူ့ရဲ့ ပန်းချီ စတင် ရေးဆွဲချိန်ကနေစပြီး နောက်ဆုံးအချိန်ထိ အစဉ်လိုက်အတိုင်း စီစဉ်ပြသထားတာလည်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပြတိုက်အကျယ်အဝန်းကို ချဲ့ထွင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ပြတိုက်တခုလုံးကို ပြန်လည် ဆန်းသစ် မွမ်းမံခဲ့တာ ပဲဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင် ပြပွဲဧရိယာအတွက်ရော Van Gogh ရဲ့ ပန်းချီကားတွေအတွက်ပါ နေရာ အကျယ်အဝန်းဟာ လုံလောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မော်ဒန်ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဝင်ပေါက်အသစ်တခုကို ဖွင့်လှစ်ခဲ့ကြပါတယ်။ အဓိကပြပွဲ နေရာမှာတော့ Van Gogh နဲ့ ခေတ်ပြိုင်ပန်းချီဆရာတွေဖြစ်ကြတဲ့ Gaugin , Munch , Malevich, Kandinsky နဲ့ Vallotton တို့ရဲ့ လက်ရာတွေကိုပါ ပြသထားပါတယ်။ ဒီပြတိုက်မှာဆိုရင် ကလေးတွေအတွက်ပါ ပန်းချီသင်တန်းတွေ ဖွင့်လှစ်ပေးထားတာဖြစ်ပြီး သောကြာနေ့မှာ ဆိုရင်တော့ ဒေသစံတော်ချိန် ည ၁၀ နာရီ မတိုင်ခင်အထိ ပြတိုက်ကို ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ “Van Gogh ပြတိုက်” ဟာ တခြားသော ဂီတပညာရှင်တွေ ၊ DJ နဲ့ သရုပ်ဖော်ပညာရှင်တွေကို ဖိတ်ကြားထားပြီး အများပိုင် အနုပညာနယ်မြေတခု အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့အကျော်ကြားဆုံး ပြတိုက်တခုပဲ ဖြစ်ပါတယ်။ Ref ; iamsterdam.com The post ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီပြတိုက် “Van Gogh Museum” အကြောင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2OedaHR
via IFTTT
No comments:
Post a Comment