Wednesday, February 1, 2017

The Ladies News

ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံခဲ့မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ဦးမြင့်ဆွေကို ဖမ်းဆီးထိန်းသိမ်း --- --- --- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံခဲ့မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ဦးမြင့်ဆွေအား ဖမ်းဆီးထိန်းသိမ်း ထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁ ရက်တွင် The Ladies သို့အတည်ပြုပြောသည်။ “ဦးမြင့်ဆွေနဲ့ အပေါင်းအပါတော့ မဟုတ်ဘူး။ ဦးမြင့်ဆွေ တစ်ယောက် တည်းပါ၊ မြဝတီဘက်မှာ ဖမ်းမိတာပါ” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ယနေ့ ဖေဖောဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်တွင် The Ladies သို့ပြောသည်။ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ကြည်လင်းအား စစ်ဆေးထား သည့် ထွက်ဆိုချက်ဟု ယူဆထားရသည့် အမှုမှတ်တမ်း စာရွက်များမှာ ဇန်နဝါရီ ၃၁ ရက်နေ့က အွန်လိုင်းပေါ်သို့ ပျံ့နှံ့ခဲ့ပြီး အဆိုပါ စာရွက်များတွင် ထိုင်းနယ်စပ် တွင် နေထိုင်သည့် မြင့်ဆွေဆိုသူက ဦးကိုနီအား သတ်ပေးပါက ၎င်း အား ကားတစ်စီးဝယ်ပေးမည်ဟု ဆိုကာ စေခိုင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ “ဦးမြင့်ဆွေဆိုတာကိုတော့ ဖမ်းမိတယ်။ ဒါပေမယ့် သူဟုတ် မဟုတ်တော့ မသိဘူး။ စစ်တာကတော့ ကျွန်တော်တို့ စစ်တာမဟုတ်ဘူး။ CID က စစ်နေတာ။ စစ်ဆေးဆဲအဆင့်မှာပဲ ရှိသေးတယ်” ဟု မြဝတီမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကလည်း The Ladies News သို့ အတည်ပြုပြောသည်။ ဦးမြင့်ဆွေအား မြဝတီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး မည်သည့်နေ့ရက်က ဖမ်းဆီးခဲ့ခြင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ရန်ကုန်လေဆိပ် ပစ်ခတ်မှုတွင် ကျူးလွန်ခဲ့သူ ကြည်လင်းသည် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ်ကျခံခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်တွင် မန္တလေးအိုးဘိုထောင်မှ လွတ်မြောက်ခဲ့ကာ ထောင်မှ လွတ်ရန် ၁၆ နှစ်ကျန် ရှိသော်လည်း လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက် လာသူဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြ ထားချက်အရ သိရသည်။ ဇော်မင်းထွန်း The Ladies News
Source : http://ift.tt/2jTOVPJ
via IFTTT

No comments:

Post a Comment