အွန်လိုင်း စွယ်စုံကျမ်း Wikipedia ၏ အယ်ဒီတာများက Daily Mail ကို ရင်းမြစ်တစ်ခုအနေဖြင့် ကိုးကားခြင်းအား တားမြစ်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြပြီး အချက်အလက်များ စစ်ဆေးခြင်း အားနည်းပြီး လှု့ံဆော်မှုကို အဓိကထားသောကြောင့် ရည်ညွှန်းရန်အတွက် မသင့်တော်ကြောင်း အယ်ဒီတာများက ပြောကြားခဲ့ကြသည်။ ရုရှားအစိုးရက ကျောထောက်နောက်ခံ ပြုထားသော သတင်းအဖွဲ့ဖြစ်သည့် Russia Today နှင့် Fox News ကဲ့သို့သော သတင်းရင်းမြစ်များကို ဆက်လက်ကိုးကားခွင့် ပြုထားသည့် Wikipedia က Daily Mail ကို တားမြစ်ခဲ့ခြင်းသည် ထူးထူးခြားခြား တားမြစ်မှုဖြစ်ခဲ့သည်။ Wikipedia ကို ဦးစီးပြီး အယ်ဒီတာလုပ်ငန်းအား ထိန်းချုပ်ထားခြင်း မရှိသည့် Wikipedia Foundation က Wikipedia ၏ အင်္ဂလိပ်ဘာသာဆိုင်ရာ အယ်ဒီတာများသည် ၂ဝ၁၅ ခုနှစ် အစောပိုင်းမှစပြီး Daily Mail ၏ ယုံကြည်စိတ်ချရမှုကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အယ်ဒီတာများ၏ တားမြစ်မှုကြောင့် အင်္ဂလိပ်ဘာသာဖြင့် Wikipedia တွင် Daily Mail ကို ရည်ညွှန်း၍ မရနိုင်တော့ဘဲ အခြားကိုးကားမှုများကို ပြောင်းလဲရည်ညွှန်း ရမည်ဖြစ်သည်။ Hillbillyholiday ဟု ထင်ရှားသည့် အယ်ဒီတာတစ်ဦးက ဇန်နဝါရီ အစောပိုင်းတွင် Daily Mail အား တားမြစ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ ယင်းအကြံပြုချက်အား ဆန့်ကျင်သူများက Daily Mail သည် ရံဖန်ရံခါတွင် စိတ်ချရပြီး သမိုင်းအရ ယင်း၏ မှတ်တမ်းများသည် ပို၍ကောင်းမွန်ကြောင်း ယုံကြည်စိတ်ချ၍ မရသော အခြားထုတ်ဝေ မှုများလည်း ရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် သြဇာကြီးသည့် ထုတ်ဝေမှုများတွင် မတိကျသော သတင်းများကို ဖော်ပြနေကြောင်းလည်း ပိတ်ပင်မှုအား ဆန့်ကျင်သည့် အယ်ဒီတာများက ထောက်ပြခဲ့ကြသည်။ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် Wikipedia အယ်ဒီတာတစ်ဦးက Daily Mail ၏ ဝက်ဘ်ဆိုက်ဖြစ်သော dailymail.co.uk အပါအဝင် Daily Mail ၏ ဖော်ပြမှု အားလုံးသည် ယေဘုယျအားဖြင့် ယုံကြည်စိတ်ချ၍ မရကြောင်း အများသဘောအရ ဆုံးဖြတ်ခဲ့သည်ဟု ရေးသားခဲ့သည်။ Wikipedia က Daily Mail ကို ရည်ညွှန်းရန် ကြိုးပမ်းမှုများအား သတိပေးချက်ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။ Wikipedia အယ်ဒီတာများသည် ၎င်းတို့၏ အွန်လိုင်းစွယ်စုံကျမ်းတွင် ရှိနေသော ရည်ညွှန်းမှု ၁၂ဝဝဝ ခန့်ကိုလည်း ပြန်လည်သုံးသပ်ပြီး အခြားရင်းမြစ်များဖြင့် အစားထိုးသွားရန် စေတနာဝန်ထမ်းများအား တောင်းဆိုထားသည်။ Wikipedia ကို ၂ဝဝ၁ ခုနှစ်တွင် ဂျင်နီဝေးနှင့် လာရီဆန်ဂျာတို့က တည်ထောင်ခဲ့ပြီး ကမ္ဘာတွင် အကျော်ကြားဆုံး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။ Ref : guardian
Source : http://ift.tt/2kSidSR
via IFTTT
No comments:
Post a Comment