Thursday, February 16, 2017

The Voice

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကန်တော်ကြီးအနီး ယခင် ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းနှင့် ဝန်ကြီးအချို့ အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ရယူထားသော မြေယာများကို နိုင်ငံတော်က တစ်နှစ်အတွင်း ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။ “ကန်တော်ကြီးအနီးက ပုဂ္ဂလိကကို ချထားပေးခဲ့တဲ့ မြေယာတွေကို သဘာဝ သစ်တောအဖြစ် ပြန်လည် သတ်မှတ်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော် စတုတ္တအကြိမ် ပုံမှန် အစည်းအဝေးမှာ မေးမြန်းခဲ့တယ်၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက သဘောတူသလို ပြည်သူ့လွှတ်တော်က အကောင်အထည် ဖော်ပေးဖို့ ဆုံးဖြတ်တဲ့အတွက် ဒီမြေတွေကို တစ်နှစ်အတွင်း ပြန်သိမ်းမှာပါ”ဟု ၎င်းက ပြောဆိုသည်။ ပဲခူးမြို့ပေါ် ရပ်ကွက်များကို သောက်သုံးရေ ဖြန့်ဖြူးပေးရန် ကန်တော်ကြီး ရေကန်ကို ရေဝေရေလဲဒေသအဖြစ် မြေဧက ၁၃၈၀ ကျော် ထည့်သွင်းကာ ၁၉၂၄ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း လက်ထက်တွင် ဧက ၇၀ဝ ကျော်ခန့်ကို လူလေးဦးအမည်နှင့် ကုမ္ပဏီတစ်ခုကို ပုဂ္ဂလိက ရော်ဘာ စိုက်ခင်းများ ထူထောင်လုပ်ကိုင်ခွင့် ပေးအပ်ခဲ့သည်။ ကန်တော်ကြီးအနီးရှိ ရော်ဘာ စိုက်ခင်းများမှ စွန့်ပစ်ပစ္စည်းများ၊ ပိုးသတ် ဆေးအကြွင်းအကျန်များနှင့် ရေဆိုးရေညစ်များ စီးဝင်လာသဖြင့် ကန်ထဲရှိရေများ သောက်သုံးရန် မသင့်ဟူ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးချက်များအရ သိရကြောင်း၊ ယင်းအတွက်ကြောင့် ရေဝေရေလဲ ဒေသအဖြစ် ပြန်လည် ထိန်းသိမ်းရန် ဖေဖော်ဝါရီလ ၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တ ပုံမှန် အစည်းအဝေးတွင် အဆိုတင်သွင်း မေးမြန်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ရှင်းပြသည်။ ကန်တော်ကြီး အနီးတစ်ဝိုက် မြေယာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း အပါအဝင် လူပုဂ္ဂိုလ် လေးဦးနှင့် ကုမ္ပဏီကြီး တစ်ခုကို စိုက်ခင်းတည်ထောင် လုပ်ကိုင်ရန်အတွက် ငှားရမ်းပေးထားခြင်းသာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် သစ်တောမြေများသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သဘာဝ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။ “ပြည်သူ့လွှတ်တော်မှာ ဦးမြင့်ဦး အဆိုတင်သွင်းမှု အောင်မြင်သွားတာ သတင်းကြားပါတယ်၊ လုပ်ကိုင်ခွင့် ချပေးထားတဲ့မြေတွေကို ပြန်သိမ်းယူဖို့ ပြည်ထောင်စုဝန်ကြီးဆီကနေ ညွှန်ကြားချက် မရှိသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပဲခူးမြို့ကန်တော်ကြီးအနီး မြေဧကပေါင်း ၁၄၅၀ အနက် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေယာအဖြစ် ၁၄၀ ဧက သတ်မှတ်ပေးခဲ့ပြီးနောက်၂၀၁၂ ခုနှစ်က သစ်တောရေးရာ ဝန်ကြီးဌာနမှ စီမံကိန်းစာ ၁၉ (၈/၅၃၅၇/-၅၃၆၇) ဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အပါအဝင် လူပုဂ္ဂိုလ် လေးဦးနှင့် ကုမ္ပဏီတစ်ခုကို ပုဂ္ဂလိက ရော်ဘာစိုက်ခင်းများ တည်ထောင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်
Source : https://goo.gl/5naQsV
via IFTTT

No comments:

Post a Comment