NLD ပါတီဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အချက်အလက်အချို့အား သဲလွန်စရှာဖွေနိုင်ရန် အကျဥ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအောင်စိုးအား ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချုပ် ဦးဝင်းနိုင်က ခေါ်ယူမေးမြန်းခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ ရန်ကုန်တိုင်းရဲမှူးချုပ် ဦးဝင်းနိုင်မှာ အကျဥ်းသားဟောင်းတစ်ဦးဖြစ်သည့် အင်းစိန်မြို့နယ်နေ ဦးအောင်စိုးကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခန့် တွင် ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချုပ် ဦးဝင်းနိုင်က ခေါ်ယူမေးမြန်းခဲ့သည့် အကျဥ်းသားဟောင်းတစ်ဦးဖြစ်သော ဦးအောင်စိုးဆိုသူမှာ ဦးကိုနီအား လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းနှင့်၂ဝ၁၆ ခုနှစ်က လူသတ်ရမည့် အလုပ်တစ်ခုကို ငွေကြေးပေးကာ ခိုင်းစေခဲ့သည့် အောင်ဝင်းဇော်တို့နှင့်အတူ ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်များတွင် မန္တလေးမြို့အိုးဘိုထောင်၌ ဆုံတွေ့ခဲ့ကြကြောင်း သိရသည်။ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းမှာ အောင်ဝင်းဇော်၊ ဦးအောင်စိုးတို့နှင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သုံးဦးအတူတူ အကျဥ်းထောင်ထဲမှ လွတ်မြောက်လာခြင်း ဖြစ်ကြောင်းသိရပြီး ယင်းသို့လွတ်မြောက်ပြီးနောက် နှစ်နှစ်အကြာတွင် အောင်ဝင်းဇော်က အင်းစိန်မြို့နယ်တွင် ရိုးသားစွာ လုပ်ကိုင်စားသောက်နေသည့် ဦးအောင်စိုးထံသို့ အဆင့်မြင့် ကားတစ်စီးဖြင့် လာရောက်ကာ ငွေကြေးပေးပြီး လူမျိုးခြား၊ ဘာသာခြားတစ်ဦးကို လုပ်ကြံပေးရန် ငွေကြေး အမြောက်အမြားပေးကာ ကမ်းလှမ်းခဲ့ကြောင်း ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ခေါ်ယူတွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ ဦးအောင်စိုးက “ဒီနေ့ ၉ နာရီခွဲလောက်မှာ ကိုဆွေဝင်း ( ဦးအောင်စိုးနှင့် ဦးကိုနီကိုလုပ်ကြံသည် ကြည်လင်းတို့ ထောင်ထဲတွင် အတူတွေ့ဆုံခဲ့ဖူးကြောင်း ဦးအောင်စိုးအား မေးမြန်းရေးသားသူ) က ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ရဲမှူးချုပ်က ဒီလိုပဲ ကျွန်တော်နဲ့တွေ့ချင်တယ်ပြောတယ်။ လာနိုင်မလားပေါ့။ ရဲမှူးချုပ်က ခေါ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်အနေနဲ့ စိုးရိမ်မှုတော့ရှိတာပေါ့။ ဒီလိုလူသတ်ဖို့လာ ငှားတဲ့အကြောင်း မင်းသိရဲ့သားနဲ့ ဘာလို့ သတင်းမပို့တာလဲတို့၊ ပုံစံမျိုးစုံနဲ့ ပြဿနာရှာမှာတို့၊ ခြိမ်းခြောက်တာတို့၊ ကျွန်တော့် အပြစ်တစ်ခုခုနဲ့ ထိန်းချုပ်ခံရမှာမျိုးတို့ကို ကျွန်တော်စိုးရိမ်ခဲ့တယ်” ဟု ကိုအောင်စိုးက ပြောကြားသည်။ ဆက်လက်၍ ၎င်းက “ဒါပေမဲ့ ရဲမှူးချုပ်ဆီကို တကယ်လက်တွေ့ရောက်သွားတဲ့အခါမှာကျတော့ ရဲမှူးချုပ်က ကျွန်တော်ကို ညီအစ်ကိုလို ဆက်ဆံတယ်။ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ဖိအားပေးတဲ့စကား လုံး၊ နှိမ့်ချတဲ့စကားလုံး၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး။ လေဆိပ်ကနေပြီးတော့ CCTV က ထုတ်ထားတဲ့ပုံလေးတွေရှိတယ်။ အဲဒီအထဲမှာ မသင်္ကာတဲ့ လူတွေရှိတယ်။ အဲဒါတွေကို ကိုယ်သိတာလေးတွေ ပြောခဲ့ပါတယ်။ မသင်္ကာတဲ့ပုံရှိတယ်။ ဘယ်လို အတည်ပြုခဲ့သလဲဆိုရင် ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်းမှာ သူကပစ်ခတ်မှုကို သွားကြည့်တယ်။ ကြည့်ပြီးထွက်သွားတယ်။ အဲဒီ မသင်္ကာစရာ လူတစ်ယောက်။ ဝတ်စားထားပုံကလည်း ကြည်လင်း ပုံစံမျိုးပဲ။ အောက်က ဘောင်းဘီတိုနဲ့ အပေါ်က တီရှပ်နဲ့။ အဲဒီပုံကို ကျွန်တော့်ကိုပြတော့လည်း ကျွန်တော် အတိအကျ မပြောနိုင်ဘူးဖြစ်နေတယ်။ CCTV က ရိုက်တာ မှုန်နေတဲ့အတွက် ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်” ဟု ပြောကြားသည်။ ယင်းကဲ့သို့ ရဲမှူးချုပ်က CCTV မှကူးယူရရှိသည့် ပုံများကိုပြရာတွင် အဆိုပါပုံများထဲတွင် ဦးအောင်စိုးက ဗက (အောင်ဝင်းဇော်) ဟု ခေါ်ဝေါ်သည့်သူနှင့် ဆင်တူကြောင်း၊ သို့သော်လည်း CCTV မှ ရိုက်ကူးထားခြင်းဖြစ်သည့်အတွက် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်မှာ ငယ်ရွယ်သလိုဖြစ်နေပြီး အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် မျက်နှာပေါက် အနည်းငယ်ဆင်တူကြောင်း၊ ရုပ်ပုံမှာ ငယ်ရွယ်သည့် ပုံပေါက်နေသည့် အတွက် အောင်ဝင်းဇော် ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ကြောင်း၊ သို့သော် အောင်ဝင်းဇော်နှင့်တူသည်ဟု ရဲမှူးချုပ်ကို ပြောကြားခဲ့ကြောင်း The Daily Eleven သတင်းစာကို ပြောကြားသည်။ ထို့ပြင် ဦးအောင်စိုးက အောင်ဝင်းဇော်မှာ အကျဥ်းထောင်ထဲတွင် ရှိနေစဥ်အတွင်း အကျဥ်းထောင်အုတ်တံတိုင်းကို ကျော်ပြေးမည်ဟု တိုင်ပင်ဖူးပြီး အဆိုပါကိစ္စကို ဦးအောင်စိုးက လက်မခံခဲ့ကြောင်း၊ အောင်ဝင်းဇော်က ထိုသို့ပြုလုပ်မည်ကို တိုင်ပင်သည့်အချိန်တွင် ပြစ်ဒဏ်ကျခံနေချိန် သုံးနှစ်ကျော်ကျော်ရှိနေပြီး အကျဥ်းထောင်ကျခံနေရသည့် စုစုပေါင်းကြာချိန်မှာ ၁ဝ နှစ်ကျော်ရှိနေပြီဖြစ်သည့် အတွက် အကျဥ်းထောင်မှ လွတ်လုနီးပြီဟု ထင်သောကြောင့် ထိုကဲ့သို့ အကျဥ်းထောင်မှ ထွက်ပြေးမည်ကို လက်မခံခဲ့ကြောင်း ဆက်လက်ပြောကြားသည်။ The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည့် ဦးအောင်စိုးမှာ ၁၉၉၆ ခုနှစ်တွင် လုယက်မှုများ ကျူးလွန်ခဲ့သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၅၈ နှစ်ချမှတ်ခံရပြီး အင်းစိန်အကျဥ်းထောင်၊ မန္တလေးအိုးဘိုအကျဥ်းထောင်၊ မြင်းခြံအကျဥ်းထောင်၊ နောင်ချိုရဲဘက်စခန်းတို့တွင် ၁၇ နှစ်ကျော် ပြစ်ဒဏ်ကျခံ ခဲ့ရပြီးနောက် ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် မိသားစုနှင့်အတူ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်လျက်ရှိကြောင်း ဦးအောင်စိုးက ပြောကြားသည်။ Writer: လူမော်နိုင်၊ မင်းသိန်းနိုင်
Source : http://ift.tt/2kvLgLE
via IFTTT
No comments:
Post a Comment