ရန်ကုန်မြို့၌ စက်တင်ဘာလ အတွင်း ထူးကဲဒီရေ တက်ဦးမည် လာမည့် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ထူးကဲဒီရေ တက်မည့် အခြေအနေရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့က သိရသည်။ စက်တင်ဘာတွင် တက်မည့် ထူးကဲဒီရေသည် ၂၁ ဒသမ ၄ ပေ အထိ အများဆုံးဖြစ်ပြီး ယခုလတက်ခဲ့သည့် ပမာဏ အောက် အနည်းငယ်သာ လျော့သည့် အခြေအနေရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်း တာရေး ဌာနခွဲ ဌာနမှူး ဦးဝေဇွန်အောင် က ဧရာဝတီသို့ ပြောသည်။ ထူးကဲဒီရေ တက်လာနိုင်သည့် ၂၁ ဒသမ ၄ ပေနှင့် မိုးရွာခြင်း၊ မြစ်ရေ မြင့်တက်လာခြင်းတို့ကြောင့် တက်လာမည့် ရေပမာ ဏကို ပေါင်းလိုက်ပါက ရန်ကုန်မြို့တွင် ၂၃ ပေ အထိ ရေမြင့်တက်နိုင်မည် ဖြစ်ကြောင်း၊ ယင်း ထူးကဲဒီရေ မြင့်တက်မှု ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ က ခန့်မှန်းထားသည်။ ဦးဝေဇွန်အောင်က“၉ လပိုင်းကို တွက်ထားတာ Seasonal correction က ၈ လပိုင်းနဲ့ အတူတူပဲ။ ၉ လပိုင်းထဲမှာ ဆိုရင် ၂၁ ဒသမ ၄ ပေပေါ့။ ၈ လပိုင်းထဲမှာက၂၁ ဒသမ ၅ ပေ။ အဲဒီတော့ ဒီရေတက်တာကတော့ သိပ်မကွာဘူး။ ခန့်မှန်းထားတဲ့ အတိုင်းဆို ၂၃ ပေ လောက်ကတော့ ရောက်ဦးမှာပဲ ကျနော်တို့ ခန့်မှန်းပါတယ်”ဟု ဆိုသည်။ သြဂုတ်လ ၁၃ ရက်မှ ၁၆ ရက် အထိ ရန်ကုန်မြို့တွင် ထူးကဲဒီရေ ၂၁ ဒသမ ၅ ပေ အထိ မြင့်တက်ခဲ့ပြီး မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် မြေပြင်တွင်၂၄ ဒသမ ၁ပေ အထိ ရောက်ရှိခဲ့ကာ ရပ်ကွက် တချို့ ရေဝင်၍ ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့သည်။ ဆက်လက်ပြီး ဦးဝေဇွန်အောင်က “၉ လပိုင်းမှာ မိုးရွာသွန်းမှုနဲ့ မြန်မာပြည် အထက်ပိုင်းက မြစ်ရေကြီးမှုတွေ လျော့သွား တယ်ဆိုရင်တော့ ဒီလလောက်ထိ မရောက်လာနိုင်ဘူးပေါ့။ ၂၃ ပေလောက်နဲ့ ရပ်သွားမယ်လို့ ခန့်မှန်းပါတယ်” ဟု ပြော သည်။ စက်တင်ဘာလသည် ဇူလိုင်လနှင့် သြဂုတ်လထက် မိုးမများသော်လည်း ဒီရေတက်သည့် ရက်များတွင် မိုးများပါက ထူးကဲ ဒီရေ မြင့်တက်မှု ရှိလာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ကလည်း ခန့်မှန်း ထား သည်။ မိုး/ဇလမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ရှေ့လ တလလုံးနဲ့ ခြုံကြည့်ရင် ဇူလိုင်၊ သြဂုတ်လလောက်တော့ မိုးမများ တော့ဘူး။ တချို့ရက်တွေကတော့ နည်းနည်းလေး မိုးများမှာပေါ့။ ထူးကဲဒီရေကလည်း လပြည့်လကွယ်မှာ တက်တာဆို တော့ အဲဒီရက်တွေ မိုးများတဲ့ အချိန်နဲ့ တိုက်သွားရင်တော့ ရေများနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ထို့ပြင် စက်တင်ဘာနှင့် အောက်တိုဘာလတွင် စစ်တောင်းမြစ်၊ ဒုဋ္ဌဝတီ မြစ်တို့တွင် မြစ်ရေ မြင့်တက်နိုင်ပြီး အဆိုပါ အထက်ပိုင်းမှ မြစ်ရေများကြောင့် ဧရာဝတီတိုင်း ဒေသကြီး ငဝန်မြစ်တွင်လည်း မြစ်ရေ မြင့်တက်နိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းသည်။ ထူးကဲဒီရေ မြင့်တက်မည့် အခြေအနေနှင့် ပတ်သက်၍ ယခုနှစ်တွင် ၁၂ ကြိမ်ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး သြဂုတ်လ အထိ ၅ ကြိမ် ထုတ်ပြန်ပေးပြီး ဖြစ်ကာ ကျန်ရှိနေသည့် ၇ ကြိမ်ကို နိုဝင်ဘာလ အထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ထံမှ သိရသည်။ The post ရန်ကုန်မြို့၌ စက်တင်ဘာလ အတွင်း ထူးကဲဒီရေ တက်ဦးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2N56YBd
via IFTTT
No comments:
Post a Comment