မန္တလေးတွင် မူးယစ်ကွင်းဆက်တရားခံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ကွင်းဆက်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဆက်လက်ဖမ်းဆီးအရေး ယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။ ” အကြိမ်ကြိမ်ဖမ်းဆီးတာတွေ လုပ်နေတယ်၊ အမှုပေါင်း အမြောက်အများဖမ်းဆီးခဲ့တယ်၊ ဒါပေမယ့် အမြစ်မပြတ်ဘူး ဖြစ်နေတာပေါ့၊ မဖမ်းတာမဟုတ်ဘူး ဆက်တိုက်ကို ဖမ်းနေတာ၊ စဉ်ဆက်မပျက်သတင်းရရှိမှုအပေါ်မှာ မူတည်ပြီးတော့ ဆက်တိုက်ကို ဖမ်းဆီးတာတွေ လုပ်နေပါတယ်”ဟု မန္တလေးခရိုင်မူးယစ်တပ်ဖွဲ့(မြောက်ပိုင်း)မှ တာဝန်ရှိသူတဦးက ပြောသည်။ မူးယစ်ကျော်ဇော သတင်းအရ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၁၉လမ်းနှင့် ၂၂လမ်းကြားတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးမှုတွင် အငှားအိမ်ရာတိုက်ခန်း စံပယ်အိမ်ရာ၊ တိုက်အမှတ် ၂၊ ဒုတိယထပ်ရှိ အခန်းနံပါတ် ၂၀ တွင် မူးယစ်ဆေးဝါး ရောင်းချသူ၂ ဦး၊ စံပယ်အိမ်ရာ တိုက်အမှတ် ၁ တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၆ ဦး၊ စံပယ်အိမ်ရာ၊ တိုက်အမှတ် ၁၊ အခန်း ၆ တွင် သုံးစွဲ သံသယရှိသူ ၄ ဦး၊ ပေါင်း ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဝင်ရောက်စီးနင်းရာတွင် ဖမ်းဆီးရမိသူ ၁၂ ဦးကို အမှတ် ၅ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ပုဒ်မ-၁၉က/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ “လောလောဆယ် မနေ့က ဖမ်းမိထားတဲ့သူတွေကို မူးယစ်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်၊ ကွင်းဆက် တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာမို့ ဘာမှပြောလို့မရသေးပါဘူး၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်”ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိက ရှင်းပြသည်။ အဆိုပါ နေရာသို့ ဝင်ရောက်စီးနင်းရာတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် ပိတ်ဆို့စစ်ဆေးရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ် ရေလယ်ခေါင်တွင်ရှိသည့် မူးယစ်ဆေးဝါးရောင်းချသည့် တဲအိမ်များကိုလည်း စီးနင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “မူးယစ်ဆေးဝါးတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ကျင့်ထုံးပုဒ်မနဲ့အညီ ဝင်ရှာခဲ့တယ်၊ မနေ့က ဝင်ရောက်ရှာဖွေ စစ်ဆေးမှုမှာ ကျော်ဇောနဲ့ ၁၀မှု ဖွင့်လှစ်ထားပါတယ်။ လက်ဝယ်တွေ့လို့ မိတာက ၂ မှုဖွင့်ထားပါတယ်၊ မူးယစ်ဆေးဝါးအချို့နဲ့ သုံးတဲ့အခါမှာ အသုံးပြုတဲ့ စပ်ဆက်ပစ္စည်းတွေကိုလည်း ရှာဖွေပုံစံနဲ့ တရားဝင်သိမ်းခဲ့ပါတယ်”ဟု မန္တလေးတိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောသည်။ ထို့အပြင် အငှားအိမ်ရာတိုက်ခန်း စံပယ်အိမ်ရာ၊ တိုက်အမှတ် ၂၊ ဒုတိယထပ်ရှိ သော့ခတ်ပိတ်ထားသော အခန်းနံပါတ် ၂၂၊ ၂၃၊ ၂၄ တို့ကိုလည်း ရှာဖွေဝရမ်းဖြင့် သက်သေများနှင့်အတူ သော့ဖျက်၍ ဝင်ရောက်ရှာဖွေရာ မူယစ်ဆေးဝါး အချို့နှင့် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ “ကျမတို့က ဒီတိုက်ခန်းမှာ နေရတာ နောက်ကျောမလုံသလိုပဲ ခံစားရပါတယ်၊ ကျမတို့က လက်လှုပ်မှ ပါးစပ်လှုပ်ကြရတဲ့ သူတွေပါ၊ ညဆိုရင် လူဝင်လူထွက်တာတွေက အများကြီးပဲ၊ သတင်းလည်းမပေးရဲဘူး၊ သူတို့ကိုကြောက်နေရတယ်၊ အခုလို ဝင်ဖမ်းတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် တကယ်ရောင်းချနေတဲ့သူတွေကို ဖမ်းမိရင်ပိုကောင်းတာပေါ့”ဟု စံပယ်အိမ်ရာ၊ တိုက်အမှတ် ၂ တွင် နေထိုင်သူတဦးက ပြောသည်။ သြဂုတ်လ ၁၉ ရက်နေ့က မန္တလေးမြို့၊၂၂လမ်း နှင့် ကမ်းနားလမ်းအနီး၌ မူးယစ်ဆေးသုံးစွဲ ရောင်းချနေမှု လူမူကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မူးယစ်ဆေးသုံးစွဲရောင်းချနေမှုများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သလို စီမံချက်ဖြင့်လည်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းရဲတပ်ဖွဲ့အနေဖြင့် အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၁၉လမ်းနှင့် ၂၂လမ်းကြားတွင် မူးယစ်ဆေး သုံးစွဲ၊ ရောင်းချနေကြောင်း ကျော်ဇောသတင်းများအရ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများကို မကြာခဏပြုလုပ်လျက်ရှိပြီး စနေ၊ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များတွင် အချုပ်ယာဉ်ကြီးများ ထိုး၍ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများကို လုပ်ဆောင်နေလျက်ရှိ ကြောင်း သိရသည်။ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဇီးအုပ်ကျေးရွာ ကွက်သစ်နှင့် ကံကြီးကုန်းကျေးရွာ ကွက်သစ်အတွင်းရှိ မူးယစ်ဆေး ဝါးများ ဖြန့်ဖြူး ရောင်းချနေသည့် နေအိမ်များအား ယခုနှစ် ဇွန်လ ၂ ရက်က ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်အလုံး ၃၀ အား ရှင်းလင်းနိုင်ခဲ့ခြင်း၊ ဇွန်လ ၅ ရက်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းနား ၁၉ လမ်း နှင့် ၂၂ ကြားရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသည့် အဆောက်အဦ ၈ လုံး အား ရှင်းလင်းခြင်းများကိုလည်း ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ The post မန္တလေးတွင် မူးယစ်ကွင်းဆက်တရားခံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2w1Q7sA
via IFTTT
No comments:
Post a Comment