အတင်းအဓမ္မထိမ်းမြားခံရသည့် လူကုန်ကူးမှု အများဆုံးဖြစ်နေ ယခုနှစ်အတွင်း မြန်မာတနိုင်ငံလုံး အနေဖြင့် ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများထဲတွင် မြန်မာ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြား လက်ထပ်ခံရသည့် လူကုန်ကူးမှုမှာ အများဆုံး ဖြစ်ကြောင်း မွန်ပြည်နယ် လူကုန်ကူးမှု တား ဆီး ကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောသည်။ သြဂုတ်လ ၂၀ ရက်က မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်သည့် စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပရန် လုပ်ငန်း အကြို ညှိနှိုင်း အစည်းအဝေး၌ ၎င်းက ပြောခြင်း ဖြစ် သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၉ ရက် အထိ လူကုန်ကူးမှုပေါင်း ၁၃၀ ရှိကာ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ဖြစ်ပွား သော အမှုမှာ ၁၀၄ မှု ရှိပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ၂ မှုသာ ရှိကြောင်းနှင့် ပြည်တွင်း လူကုန်ကူးမှုမှာ ၂၄ မှု ရှိခဲ့ ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ဆိုသည်။ ယင်း လူကုန်ကူးမှုများထဲတွင် တရုတ် အမျိုးသားများနှင့် အဓမ္မ လက်ထပ် ထိမ်းမြားသည့် လူကုန်ကူးမှုမှာ အမှုပေါင်း ၉၉ မှုထိ ရှိခဲ့ပြီး၊ လူကုန်ကူးမှုနှင့် ဆိုင်သော အဓမ္မ ပြည့်တန်ဆာ အမှုမှာ တရုတ်နိုင်ငံတွင် ၁ မှု၊ ပြည်တွင်း၌ ၁၈ မှု ဖြစ်ပွားခဲ့ သည်။ ထို့ပြင် လူကုန်ကူးမှုနှင့် ဆိုင်သော လုပ်အား ခေါင်းပုံဖြတ်မှုမှာ တရုတ်နိုင်ငံတွင် ၄ မှု၊ ထိုင်းနိုင်ငံတွင် ၂ မှုနှင့် ပြည်တွင်း၌ ၄ မှု ဖြစ်ပွားခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူကုန်ကူးမှု ဖြစ်ပွားခဲ့သည့် အမှုများတွင် ရန်ကုန်တိုင်း ဒေသကြီးတွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့ပြီး လူကုန်ကူမှုပေါင်း ၃၃ မှု အထိရှိကာ ဒုတိယ အများဆုံးမှာ ရှမ်းပြည်နယ် ဖြစ်ပြီး လူကုန်ကူးမှုပေါင်း ၃၂ မှု အထိ ဖြစ်ပွားခဲ့သည်။ မွန်ပြည်နယ်တွင် ယခုနှစ် ဇူလိုင်လ အထိ လူကုန်ကူးမှု ၃ မှုရှိခဲ့ပြီး တရားခံ ၁၀ ဦးကို အရေးယူ ဆောင်ရွက်ခဲ့ကာ လူကုန် ကူးခံရသူ ၄ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း မွန်ပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ အတွင်းရေးမှူးဖြစ်သည့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင် က ဆိုသည်။ ဆက်စပ်ဖတ်ရှုရန်–မြန်မာနိုင်ငံကို လူကုန်ကူးမှု အကျူးလွန်ဆုံး နိုင်ငံစာရင်းသို့ အမေရိကန်ထည့်သွင်း The post အတင်းအဓမ္မထိမ်းမြားခံရသည့် လူကုန်ကူးမှု အများဆုံးဖြစ်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2N5cunr
via IFTTT
No comments:
Post a Comment