Wednesday, August 22, 2018

"ဟီဂ်ပ္ဗ္ဟာ ေသာ့ခ်က္တခုလိုပါ” ဆိုတဲ့ အလွအပေရးရာ ဘေလာ့ဂါ

“ဟီဂျပ်ဗ်ဟာ သော့ချက်တခုလိုပါ” ဆိုတဲ့ အလှအပရေးရာ ဘလော့ဂါ ဗုဒ္ဒဘာသာအများစု နေထိုင်ရာ မြန်မာနိုင်ငံမှာ မွတ်ဆလင်များဟာ စိုးရွံ့မှုတခုကြောင့် သိုသိုသိပ်သိပ် နေထိုင်ရတဲ့ ထုံးစံရှိပေမယ့် အဲဒီ အသိုင်းအဝိုင်းထဲက ရှားရှားပါးပါး အလှအပရေးရာ ဘလော့ဂါတဦးဖြစ်သူ ဝင်းလဲ့ဖြူစင်ကတော့ တမျိုးတဘာသာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဘလော့ဂါဟာ မကြာသေးမီက ပြသခဲ့တဲ့ ရန်ကုန်မြို့က အလှအပရေးရာ ကုန်စည်ပြပွဲမှာ သူ့ရဲ့ အရောင်အသွေး စုံလင်လှပပြီး အစိမ်းနဲ့အဖြူ ရောစပ်ထားတဲ့ တဆက်တည်းဂါဝန်ရှည်နဲ့အတူ တခြား မွတ်စလင် အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ဟီဂျပ်ဗ်ဆောင်းဝတ်ထားမှုကြောင့် လူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ “ဟီဂျပ်ဗ်ဝတ်ဆင်ဖို့ ကျမရဲ့ဆုံးဖြတ်ချက်ပေါ်မှာ နောင်တမရပါဘူး ကျမတို့ရဲ့ဖန်ဆင်းရှင်က ကျမအတွက် လမ်းတွေ အများကြီး ဖွင့်ပေးထားပါတယ်။ ဟီဂျပ်ဗ်ဟာ ကျမအတွက် အရေးပါတဲ့ အရာတခုပါပဲ။ ကျမ အပြင်သွားလာတဲ့ အခါတိုင်းမှာ ဝတ်ဆင်ပါတယ်” လို့ သူက ဆိုပါတယ်။ မွတ်စလင်တွေဟာ နိုင်ငံလူဦးရေ သန်း ၅၀ ရဲ့ ၅ ရာခိုင်နှုန်းသာရှိ ပါတယ်။ မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် စနစ်တကျ ဖိနှိပ်မှုတွေတိုးလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကဆိုပေမယ့် နိုင်ငံမဲ့ မွတ်စလင် ဘင်္ဂါလီတွေ အပေါ်မှာသာ ကမ္ဘာက အာရုံစိုက်ထားတာ ဖြစ်ပါတယ်။ မွတ်စလင် အများအပြားဟာလည်း နိုင်ငံသား ကတ်တွေရရှိဖို့ ငြင်းပယ်ခံထားရသလို၊ ဝတ်ပြုခွင့် နေရာတွေ ကိုလည်း ကန့်သတ် ငြင်းပယ်ခံထားရမှုတွေ ရှိနေတယ်လို့ မြန်မာ့လူ့အခွင့်အရေး ကွန်ရက်ရဲ့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဝင်းလဲ့ဖြူစင်ရဲ့ တချို့အတန်းသားတွေ အတွက်တော့ သူ့ရဲ့သင်ကြားမှုတွေဟာ အလှပြင်အတတ်တင် သာမကဘဲ၊ ဂုဏ်နဲ့ယုံကြည်မှု တည်ဆောက်ခြင်း အကြောင်းလည်း ပါဝင်ပါတယ်။ “သူ ဟီဂျပ်ဗ်ဝတ်ရင်း မိတ်ကပ်ပြင်နေတာ ကျမ တွေ့ခဲ့တယ်။ အရမ်းအံ့သြစရာ ကောင်းလောက်အောင်ကို လှတယ်” လို့ အသက် ၂၀ အရွယ် ဟေမာန်အောင်က ပြောပါတယ်။ “သူ့လိုပဲ ကျမ လှချင်တယ်” လို့ သူက ဆက်ပြောပါတယ်။ မြန်မာမွတ်စလင်တွေရဲ့ ပုံရိပ်ကို ဖက်ရှင်ကျစေတဲ့ ဝင်းလဲ့ဖြူစင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဖြစ်တဲ့ သူ့ရဲ့ ဟီဂျပ်ဗ်နဲ့ လိုက်ဖက် စတိုင်ကျတဲ့ အဝတ်အစား ဝတ်ဆင်တာမျိုး၊ မျက်တောင်ခြယ်သမှု တွေနဲ့ မျက်ခွံရောင် ခြယ်သမှုတွေဟာ လူအများကို အားကျ စေခဲ့ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ followers ၆ ထောင်ကျော်ရှိပြီး သူ့ရဲ့ယာယီစတူဒီယိုမှာ အလှပြင် ပစ္စည်း အသုံးပြုသင်တန်း ပို့ချမှုအတန်း ၁၅၀ ကျော်ကို တက်ရောက်ခဲ့တဲ့ သင်တန်းသူအရေအတွက် ၆၀၀ ကျော် ရှိပါတယ်။ ဝေဖန်မှုများ သူ့ကို လူသိများ ထင်ရှားလာတာကြောင့် ဝေဖန်ခံရမှုတွေ ရှိလာခဲ့သလို၊ ခွဲခြားဆက်ဆံ ခံရမှုတွေတောင် ရှိလာခဲ့ပါတယ်။ သူ့ရဲ့ အတန်းကို တက်ရောက်ဖို့ စာရင်းပေးသွင်းခဲ့တဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးတဦးကတော့ ဝင်းလဲ့ဖြူစင်ဟာ မွတ်စလင် တဦးမှန်း သိသွားပြီးနောက် အတန်းက နုတ်ထွက်သွားခဲ့ပါတယ်။ တချို့ Facebook မှတ်ချက်တွေမှာ သူ့ကို အင်မတန် မော်ကြွားလွန်းတယ်လို့ ဝေဖန်ကြသလို၊ မိတ်ကပ်အသုံးပြုမှုကြောင့် ရှေးရိုးစွဲ မွတ်စလင်တွေက တားမြစ်မှုတွေ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် ဘလော့ဂါက ဒီဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ သူ့အတွက် အချိန်ကုန်တယ်လို့ ဆိုပါတယ်။ “လူတွေက အပြင်မှာကော၊ အွန်လိုင်းကပါ တိုက်ခိုက်မှုတွေ လုပ်တဲ့အခါ သူတို့ကို လျစ်လျူရှု ထားလိုက်တယ်။ ကျမမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိတယ်” လို့ သူက ပြောပါတယ်။ အွန်လိုင်းကနေ သင်ကြားပြသတဲ့ သူ့ရဲ့ မိတ်ကပ်လိမ်းခြယ်မှု သင်ခန်းစာတွေ၊ ဈေးဝယ်စင်တာကြီးတွေမှာပြသတဲ့ ပွဲတွေကြောင့် သူဟာ ပိုမိုကျော်ကြားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးအထိ ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။ ဒေသတွင်းက မလေးရှား နိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူကိုလည်း သွားရောက်ဖို့ သူက စီစဉ်ထားပါတယ်။ ဝင်းလဲ့ဖြူစင်ဟာ မိတ်ကပ်လက်တွေ့ သင်ခန်းစာတွေကို အိပ်ခန်းတခုထဲမှာ သူ့ရဲ့ ညီမဖြစ်သူနဲ့ စတင် ရိုက်ကူးဖြန့်ဝေခဲ့ပြီး သင်တန်း မစခင် အဲဒါတွေကို Facebook ပေါ် တင်ခဲ့ပါတယ်။ “ကျမကျောင်းကနေ ဘွဲ့ရပြီး နောက်မှာ ကျမ ချစ်သူက မိတ်ကပ်ဘူးလေး လက်ဆောင်ပေးခဲ့ပါတယ်။ ဒါကို ဘယ်လို သုံးရမလဲ မသိတာကြောင့် ဂူဂဲလ်မှာ ရှာဖွေပြီး လေ့လာသင်ယူခဲ့ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ပညာရှင်တွေက အရမ်းဈေးကြီးတာကြောင့် ၆ နာရီစာ သင်တန်းပေးဖို့ ဝင်းလဲ့ဖြူစင်က အကြံရရှိခဲ့ပြီး ၂၅ ဒေါ်လာ အောက်သာ ကျသင့်တာကြောင့် သူ့လို သာမန် မိန်းကလေးအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်တန်းသူတိုင်းအတွက် တနှစ်ကို သူက သင်တန်း အားလုံးစာ မျက်ခွံလိုင်နာဆေး၊ စုတ်တံနဲ့ မှန်အသေးလေးတွေ ပါတဲ့ အိတ်နှစ်လုံးစီ ပေးပါတယ်။ မကြာသေးမီက သင်တန်းချိန် တခုမှာ သူက အောက်ခံဖောင်ဒေးရှင်း မလိမ်းမီ အရေပြား အမျိုးအစားနဲ့ အိုင်းရှဲဒိုးတွေ အကြောင်း သင်တန်းသူတွေကို ဆွေးနွေးပို့ချခဲ့ပါတယ်။ သူ့ကို မွတ်စလင်ဖြစ်တာကြောင့် အပုတ်ချမှုတွေကိုလည်း ဝင်းလဲ့ဖြူစင်က မမှုခဲ့ပါဘူး။ “ဒီလိုမျိုးလုပ်နေရင် ငရဲကျမှာ မသိဘူးလား” “ဗီဒီယိုရိုက်တဲ့ အချိန်မှာ ဟီဂျပ်ဗ်ကို ဘာလို့မချွတ်တာလဲ” စတဲ့ ဝေဖန်မှုတွေကို ကိုးကားပြီး သူက ပြောပြခဲ့ပါတယ်။ “ဒါဟာ ကျမရဲ့ စိတ်ကူးဝါသနာ ဖြစ်တာကြောင့် ဆက်လုပ်သွားမှာပဲ” လို့ သူက ထပ်ဖြည့် ပြောကြားခဲ့ပါတယ်။ ( Reuters သတင်းထောက် Shoon naing ၏ ‘Hijab is Like a Key’: Myanmar Blogger Battles Bias With Beauty Campaign ကို ဆီလျော်အောင် ဘာသာပြန်သည်။) The post “ဟီဂျပ်ဗ်ဟာ သော့ချက်တခုလိုပါ” ဆိုတဲ့ အလှအပရေးရာ ဘလော့ဂါ appeared first on ဧရာဝတီ.
Source : https://ift.tt/2wkvjff
via IFTTT

No comments:

Post a Comment