စက်သုံးဆီအရည်အသွေး စစ်ဆေးရန် စီစဉ်နေ ဒေါ်လာဈေးကြောင့် စက်သုံးဆီဈေးတက်လာခဲ့ပြီးနောက် အချို့နေရာများတွင် ဆီများကို ရောနှောမှုများရှိလာသဖြင့် လာမည့် တပတ် အတွင်း ဆီအရည်အသွေးစစ်ဆေးရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းဥက္ကဋ္ဌ ဦးသက်ဝေက ဧရာဝတီကို ပြောသည်။ ဥက္ကဌဦးသက်ဝေက “မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှာ လာချတဲ့ဘောက်ဆာတွေကနေ ဆီနမူနာယူပြီး ရန်ကုန်ကို ပို့စစ်ဖို့လုပ်မယ်။ နိုင်ငံခြားက သွင်းလာတဲ့ဆီအရောင်နဲ့ ဒီမှာပြန်ရောင်းတဲ့ ဆီအရောင်က ကွာနေ တယ်။ အဲဒါအရောအနှောကြောင့် ဒီလိုဖြစ်နေတာလေ” ဟု ပြောသည်။ ပြည်တွင်းသို့ နိုင်ငံခြားငွေဖြင့် တင်သွင်းရသည့် စက်သုံးဆီသည် ပြီးခဲ့သည့်တပတ်မှ စ၍ ဒေါ်လာဈေး အတက်ကြောင့် ဈေးလိုက်တက်လာကာ ဈေးမတက်လိုသည့်ဆိုင်အချို့က ဆီအရောအနှောများ ပြုလုပ် လာကြသည်ကို သတင်းကြားရသည့်အတွက် ယခုလို အရည်အသွေးစစ်ဆေးသည့်ကိစ္စဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။ အရည်အသွေးမပြည့်မီသည့်ဆီများ စစ်ဆေးတွေ့ရှိပါက ရောင်းချသည့်စက်သုံးဆီဆိုင်များအား အသင်း၏ ဆုံးဖြတ်ချက်နှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဟု ဆိုသည်။ ပြီးခဲ့သည့်တပတ်အတွင်း မန္တလေးတိုင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဒီဇယ်တလီတာ ၁၀၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၁၀၀၀ ကျပ်၊ အောက်တိန်း 92 ကို ၁၀၀၀ ကျပ်၊ အောက်တိန်း 95 ကို ၁၀၀၀ ကျပ်ဖြင့် ရောင်းချရန် မန္တလေးတိုင်း စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက သတ်မှတ်ထားသည်။ မန္တလေးတိုင်းစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတွင် အသင်းဝင်ဆိုင်ပေါင်း ၁၃ ဆိုင်ရှိပြီး ယင်းသတ်မှတ်ဈေးကို အခြေခံကာ အသင်းဝင်ဆိုင်များက ရောင်းချ ကြရာ ယေဘုယျအားဖြင့် စက်သုံး ဆီဈေးသည် ဒေါ်လာဈေးအပြောင်းအလဲဖြစ်ပြီးနောက် တလီတာ လျှင် ၂၀ ကျပ် ဝန်းကျင်ခန့် တက်သွား ကြောင်း အသင်းက သိရသည်။ လက်ရှိဒေါ်လာဈေးအရ စက်သုံးဆီကို လက်လီရောင်းချမည်ဆိုပါက တလီတာလျှင် ၅၀ ကျပ်ဝန်းကျင် အထိ ဈေးတက်ရမည်ဖြစ်ပြီး ဆိုင်အများစုက ၎င်းဈေးနှုန်းအထိ ဈေးမတက်သေးဘဲ တလီတာ ၂၀ ကျပ် ဝန်းကျင်သာ ရောင်းနေကြသော်လည်း လက်ကားရောင်းချရာတွင်မူ ကမာ့္ဘရေနံဈေးဖြင့် အနီးစပ်ဆုံး တွက်ချက်ရောင်းချရသဖြင့် လက်ကားဈေးကြီးကြီးဖြင့် ဝယ်ယူပြီး လက်လီတွင် အရင်းရရုံ ဈေးတက်ရောင်း ရသည့်အခါ အရောအနှောကိစ္စများ ရှိလာနိုင်သည်ဟု စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ BOC စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးဝင်းဆွေက “ကိုယ့်ကုန်အမှတ်တံဆိပ်(Brand) အထိအခိုက် မခံနိုင်ပါဘူး။ အရှုံးအမြတ်ဆိုတာ ယာယီ ပဲလေ။ ကိုယ့် Brand တခုသေသွားရင် အဲဒီဆုံံးရှုံးမှုက ပိုကြီးနိုင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ကိုယ့်တံဆိပ် အပေါ် ကိုယ်အာမခံနိုင်ပါတယ်။ အဲဒီအတွက်လည်း ကြိုက်သလိုစစ်ဆေးနိုင်ပါတယ်။” ဟု ဧရာဝတီကို ပြောသည်။ ဆီအရောအနှောပြုလုပ်ရာတွင် အသုံးပြုသည့် ချက်ဆီသည် လက်ရှိစက်သုံးဆီဈေးနှင့် တလီတာလျှင် ၂၀၀ ကျပ်ဝန်းကျင်ဈေးကွာသဖြင့် အရှုံးတောင့်မခံနိုင်သည့်ဆိုင်အချို့က ရောနှောရောင်းချနိုင်ပြီး မြို့ကြီး များထက် နယ်ဒေသများတွင် ရောင်းချသည့် ဆိုင်အချို့က အရောအနှောပိုလုပ်နိုင်သည်ဟု ၎င်းက ခန့်မှန်း ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းစွမ်းအင်ကဏ္ဍကို တာဝန်ယူထားသော တိုင်းလျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “စက်သုံးဆီအရည်အသွေးစစ်ဆေးဖို့ အစိုးရဘက်က တာဝန်ရှိ ဌာနကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် မန္တလေးမှာ ဒါကို စစ်ဖို့ ဓာတ်ခွဲခန်းမရှိတော့ နေပြည်တော်ကို ပို့ပြီး စစ်ဆေး ရမှာပါ” ဟု ဧရာဝတီကို ပြောသည်။ ဆီအရည်အသွေးပြည့်မှီမှုရှိ၊ မရှိကို မြန်မာ့ရေနံလုပ်ငန်းက စစ်ဆေးခြင်းဖြစ်ပြီး စွမ်းအင်ဌာနက ဖြန့်ဖြူး ခြင်းနှင့်ရောင်းချခြင်းလိုင်စင်ကို ချထားပေးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။ The post စက်သုံးဆီအရည်အသွေး စစ်ဆေးရန် စီစဉ်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2nVOo3o
via IFTTT
No comments:
Post a Comment