စံချိန် မမီသည့် ဆောက်လုပ်ရေး ကုမ္ပဏီများ အရေးယူမည် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တည်ဆောက်ရေး ဆောင်ရွက်ရာတွင် စံချိန်၊ စံညွှန်း ပြည့်မီမှု မရှိပဲ ဆောက်လုပ်ထားသည့် ကုမ္ပဏီများ အား အရေးယူသွားမည်ဟု ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြောသည်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇ -၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနက ပြန်လည် ရှင်းလင်းဆွေးနွေးစဉ် ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက “စံချိန်စံညွှန်းမီစွာ ဆောက်လုပ်ခြင်း မရှိတဲ့ ကုမ္ပဏီများကို အရေးယူဆောင်ရွက်ဖို့ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပြီး အကြောင်း ကြားစာများလည်း ပေးပို့ သွားမှာ ဖြစ်ပါတယ်” ဟု လွှတ်တော် အစည်း အဝေးတွင် ထည့်သွင်းဆွေးနွေးသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးက ပါဝင်ဆွေးနွေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးထောက်ပြခဲ့ကြသည့် စံချိန် စံညွှန်း မမီပဲ ဆောက်လုပ်ခဲ့ကြသည့် ကုမ္ပဏီများကို အရေးယူရန် ကိစ္စ နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ အပေါ် ထိုသို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။ အရေးယူ ဆောင်ရွက်သွားမည်ဆိုသည့် ဆောက်လုပ်ရေး ဒုဝန်ကြီး၏ ပြောကြားကို အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်ပြီး ဆောက်လုပ်ရေးပိုင်းတွင် စံချိန်၊ စံညွှန်း မပြည့်မီသည့် အဆောက်အဦများ တွေ့ရှိနေပါသော်လည်း အရေးမယူနိုင်သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း၊ အဆင့်ဆင့်ရှိသည့် ဝန်ထမ်းများကိုလည်း စစ်ဆေးပြီး အရေးယူဆောင်ရွက်ရန်လိုကြောင်း ယင်းကိစ္စကို ဆွေးနွေးခဲ့သူ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။ ၎င်းက“ဝန်ကြီး အခုလိုပြောတဲ့အတွက် ကိုယ်စားလှယ်တွေ အနေနဲ့ ကြိုဆိုရမှာပါ။ လက်တွေ့မှာ ဘယ်လို အရေးယူဆောင်ရွက်မလဲ၊ လုပ်ငန်းအပ်နှံတဲ့ သူဘက်က ဘာတွေ ဆောင်ရွက်ရမယ်၊ ဆောက်လုပ်ရေးဘက်က ဘာတွေဆောင်ရွက်ရမယ် ဆိုတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေချမှတ်ထားရမှာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထိုကဲ့သို့ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီး အကျင့်ပျက် လာဒ်စားသည့် ဝန်ထမ်းများကိုလည်း အရေးယူနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနတွက် အကျင့်ပျက် လာဒ်စားသည့် ဝန်ထမ်းများ ရှိပါကဆောက်လုပ်ရေးဝန်ကြီးဌာန သို့လည်းကောင်း၊ အခြားဝန်ကြီးဌာနများမှ အကျင့်ပျက် ဝန်ထမ်းများ ရှိပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။ အဆိုကို ဆွေးနွေးခဲ့သူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဦးသန်းစိုး ( ဘောဂဗေဒ) က “ဝန်ကြီးပြောတဲ့ အတိုင်းသာ တကယ်လုပ်မယ်ဆိုရင်တော့ အခုဖြစ်နေတဲ့ အကျပ်အတည်းတွေ၊ ဘဏ္ဍာငွေယိုဖိတ်မှုတွေဟာ တဝက်လောက် အကျိုးရှိလာနိုင်မယ်။ လူကြားကောင်းအောင်ပြောတာ မဟုတ်ပဲ၊ တာဝန်ယူမှု ၊ တာဝန်ခံမှု ဘယ်လိုမျိုး လုပ်ထားပါတယ်။ ဆောက်လုပ်ေးရးပိုင်းမှာ ကြန့်ကြာနေမှုကို ဘယ်လိုနည်းနဲ့ ရှင်းမယ်ဆိုတာမျိုးကို ချပြရင် ပိုကောင်းတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ “စာသင်ကျောင်းတွေ တည်ဆောက်တဲ့ အခါမှာလည်း အရည်အသွေး မပြည့်မီဘူး။ ချက်ချင်း သတိပေးတာမျိုးတွေ ရှိရမယ်။ ကျောင်းတွေက မတက်ရသေးဘူး။ ပြိုနေပြီ ဒါမျိူးတွေဆိုရင် ဆောက်လုပ်ရေးပိုင်းက ချက်ချင်း အရေးယူဆောင်ရွက်မှု အပိုင်းတွေ လုပ်ရမှာ ဖြစ်ပါတယ်” ဟုလည်း ဒေါ်ထုမေက ဆိုသည်။ နောင်လာမည့် စီမံကိန်းများတွင် ဝန်ကြီးဌာနတာဝန်ရှိသူများအနေဖြင့် တင်ဒါစနစ် ၁/ ၂၀၁၇ ကို တိတိကျကျလိုက်နာရန် ကိုယ်စားလှယ် အများစု ဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ လုပ်ငန်းများကို စနစ်တကျ ကွင်းဆင်းလေ့လာရန် ၊ တည်ဆောက်ချိန်ပိုရစေရန် တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်ကို မြန်မြန်ဆောင်ရွက်ရန် ၊ လုပ်ငန်းသဘောတူစာချုပ်ကို တိကျစွာ ရေးဆွဲရန်၊ စည်းကမ်းပျက် ကုမ္ပဏီနှင့် အကျင့်ပျက် ဝန်ထမ်းများကို ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့သည်။ The post စံချိန် မမီသည့် ဆောက်လုပ်ရေး ကုမ္ပဏီများ အရေးယူမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2LenahM
via IFTTT
No comments:
Post a Comment